အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 27 november 2014

သူရဦးရွှေမန်း၊ ဒါတွေ ထပ်ရှင်းပေးပါ

သူရဦးရွှေမန်း၊ ဒါတွေ ထပ်ရှင်းပေးပါ




စည်သူအောင်မြင့်
မဇ္ဈိမ သတင်းစာ၊ ၂၀-၁၁-၁၄။ စာ-၉။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းဟာ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်ခဲ့ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စ သူဘယ်လို လုပ်ကိုင်ဆောင်ရွက်မလဲ ဆိုတဲ့ အချက်နဲ့ အချိန်ဇယားတွေ ပါဝင်နေတဲ့အတွက် ဒီသတင်း တမဟုတ်ချင်း ပျံ့နှံ့သွားတာ တွေ့ရပါတယ်။ နိုဝင်ဘာ ၁၉ ပြည်တွင်းထုတ် သတင်းစာ ဂျာနယ်မျက်နှာတိုင်းလိုလိုမှာလည်း အဲဒီ သတင်း ဖော်ပြကြပါတယ်။ သူရဦးရွှေမန်း ပြောဆိုခဲ့တာတွေဟာ ရှင်းလင်းမှု ရှိပါရဲ့လား၊ ပြည်တွင်းထုတ် သတင်းစာတွေရဲ့ ဖော်ပြချက်တွေကရော မှန်ကန်မှု ရှိပါရဲ့လား၊ ဘယ်လို မရှင်းမလင်းတွေ ရှိနေသေးလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
နိုဝင်ဘာ ၁၉ ရက်နေ့ထုတ် သတင်းစာတွေမှာ ခုလို ဖော်ပြထားပါတယ်။ ဒီမိုကရေစီ တူဒေး မှာ “ နောက်လာမည့် လွှတ်တော်သက်တန်းမှသာ အခြေခံဥပဒေကို ပြင်ဆင် အတည်ပြုနိုင်တော့မည်။” ။ အလဲဗင်း သတင်းစာ ခေါင်းစဉ်မှာ “ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုများအား ၂၀၁၅ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာသည့် အဖြေအပေါ် မူတည်ကာ ဆောင်ရွက်ရမည် ဟု သူရဦးရွှေမန်း ပြောကြား” ။ မဇ္ဈိမ မျက်နှာဖုံးမှာ “ အခြေခံဥပဒေ ပြင်ဆင်ချက် ၂၀၁၅ အလွန်တွင်သာ လွှတ်တော် အတည်ပြုမည်ဟုဆို၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်” ။ သည်ဗွိုက်စ် သတင်းစာမှာ “ အခြေခံဥပဒေ ပြင်ဆင်ရေး နောင်လာမည့် အစိုးရလက်ထက်၌သာ အတည်ပြုမည်” ။ စံတော်ချိန် သတင်းစာမှာ “ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၂၀၁၅ မေလ တွင် ပြည်သူ့ဆန္ဒခံယူမည်၊ ၂၀၁၅ ရွေးကောက်ပွဲပြီးမှ အခြေခံဥပဒေ ပြင်ဆင်သွားမည်ဟု ဆို။” ။ ဆဲဗင်းဒေး သတင်းစာမှာ “ ၂၀၁၅ ရွေးကောက်ပွဲပြီးမှ အခြေခံဥပဒေပြင်ရန် ဆောင်ရွက်နိုင်မည်ဟု ဦးရွှေမန်းပြော” ဆိုပြီး ဖော်ပြထားကြပါတယ်။
ဒါနဲ့ပါတ်သက်ပြီး ဖွဲ့စည်းပုံပြင်ရေး အချိန်ဇယားကို သူရဦးရွှေမန်းက ပြောရာမှာ လက်ရှိ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ထဲမှာ ဆွေးနွေးနေတယ်၊ ဒါကို နိုဝင်ဘာ ၂၅ ရက်နေ့မှာ အပြီးဆောင်ရွက်မယ်၊ ထွက်ပေါ်လာမယ့် ပြည်ထောင်စု လွှတ်တော်က တင်သွင်းလာမယ့် ဥပဒေကြမ်းတွေကို နောက်လာမယ့် လွှတ်တော် အစည်းအဝေးတွေမှာ ဆုံးဖြတ် အတည်ပြုမယ်၊ အဲဒီက ထွက်ပေါ်လာတဲ့ ဥပဒေကြမ်းတွေကို တစ်ချို့ကိစ္စက ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ရမယ်။ အဲဒါကို လာမယ့် ၂၀၁၅ မေလ အတွင်းမှာ ဆောင်ရွက်မယ်။ လို့ ဆိုထားပါတယ်။ ပြောရရင် ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ပြီးပြီဆိုရင် ဖွဲ့စည်းပုံ ပြင်ရေးကိစ္စ လုပ်ငန်းစဉ် အဆုံးသတ်ပါပြီ။ အဲဒီ ပြင်ဆင်ထားတဲ့ ဖွဲ့စည်းပုံ ဘယ်နေ့ ဘယ်အချိန် အသက်ဝင်မလဲ ဆိုတာကိုလည်း အဲဒီ ဥပဒေကြမ်းတွေမှာ ပါပြီး ဖြစ်မှာ ဖြစ်ပါတယ်။ ဥပမာ အဲဒီ ပြင်ဆင်ပြီးဖြစ်သည့် ဖွဲ့စည်းပုံသည် ၂၀၁၅ ရွေးကောက်ပွဲ ပြီးနောက် ပေါ်ပေါက်လာမည့် လွှတ်တော်ဇ။် ပထမဦးဆုံး အစည်းအဝေး စတင်ကျင်းပချိန် အသက်ဝင်သည်၊ ဆိုတာမျိုး ဖြစ်ပါတယ်။ အဲဒါဆိုရင်တော့ ပြင်ဆင်ပြီး ဖွဲ့စည်းပုံဟာ ၂၀၁၅ ရွေးကောက်ပွဲ အပြီးနောက်ပိုင်း စ အသက်ဝင်လာမှာ ဖြစ်ပါတယ်။
ဒါပေမယ့် သူရဦးရွှေမန်း ထပ်ပြောလိုက်တာတွေက အဲဒါကို ရှုတ်ထွေးသွားစေပါတယ်။ တစ်နေရာမှာ သူရဦးရွှေမန်းက “ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာတဲ့ အဖြေအပေါ် မူတည်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။” ဆိုတာမျိုး၊ သတင်းထောက် တစ်ယောက်က ထပ်ဆင့် မေးလိုက်တာကို သူက “ ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲ လုပ်မယ်၊ ထွက်ပေါ်လာတဲ့အတိုင်း ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ အတူပဲ လွှတ်တော်သက်တန်း စတဲ့ နောက်ပိုင်းမှာ အခုနက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်မယ့် ပြင်ဆင်ချက်တွေအပေါ် မူတည်ပြီးတော့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” လို့ ပြောထားပြန်ပါတယ်။ ဒါကြောင့်လည်း သတင်းဌာန အသီးသီးဟာ ဖွဲ့စည်းပုံပြင်ရေးဟာ ၂၀၁၅ ရွေးကောက်ပွဲ ပြီးသည်အထိ မပြီးသေးဘူးလို့ ယူဆပြီး အထက်မှာ ဖော်ပြခဲ့တဲ့ ခေါင်းစဉ်တွေကို ရေးသားဖော်ပြကြတာ ဖြစ်ပါတယ်။
ဒါနဲ့ ပါတ်သက်ပြီး သူရဦးရွှေမန်း ပြန်ရှင်းလင်းဖို့ လိုတာက ၂၀၁၅ ရွေးကောက်ပွဲ အပြီး ပေါ်ပေါက်လာမယ့် လွှတ်တော် စ တာနဲ့ ပြင်ဆင်ပြီး ဖြစ်တဲ့ ဖွဲ့စည်းပုံ အသက်ဝင်မှာလား၊ ဒါမှမဟုတ် မပြီးပြတ်သေးတဲ့ ဖွဲ့စည်းပုံပြင်ရေး လုပ်ငန်းစဉ် ဆက်လုပ်ရမှာလား၊ ဒါမှမဟုတ် ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းပဲ သမ္မတ ရွေးကောက်တင်မြှောက်တာတွေ၊ တိုင်းနဲ့ ပြည်နယ် ၀န်ကြီးချုပ် ခန့်အပ်တာတွေ လုပ်ပြီးမှ ဖွဲ့စည်းပုံ ပြင်ရေး ဆက် လုပ်ရမှာလား ဆိုတာပါ။ ရှင်းရှင်းပြောရရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအပြီး သမ္မတ ရွေးတာတွေ၊ ပြည်နယ်နဲ့ တိုင်း ၀န်ကြီးချုပ် ရွေးတာတွေ၊ တိုင်းနဲ့ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့် ကိစ္စတွေကို ၂၀၀၈ ဖွဲ့စည်းပုံနဲ့ လုပ်မလား၊ ပြင်ဆင်ပြီးဖြစ်တဲ့ ဖွဲ့စည်းပုံနဲ့ လုပ်မှာလား ဆိုတာ သူရဦးရွှေမန်း အနေနဲ့ ရှင်းရှင်းလင်း ပြောဆိုဖို့ လိုပါတယ်။
နောက်ပြသနာ တစ်ခုက ခုလို ဖွဲ့စည်းပုံ ပြင်ရေး အချိန်ဇယား ကိစ္စ၊ ဖွဲ့စည်းပုံကို ပြီးတဲ့အထိ ပြင်မလား၊ ၂၀၁၅ နောက်ပိုင်းအထိ ပို့လိုက်မလား၊ ပြင်ဆင်ပြီး ဖွဲ့စည်းပုံ ဘယ်အချိန် အသက်ဝင်စေမလဲ ဆိုတာတွေကို သူရဦးရွှေမန်း ပြောဆိုနေတာဟာ ကိုယ့်တစ်ယောက်ထဲ သဘောနဲ့ ပြောနေတာလား၊ လွှတ်တော်ရဲ့ သဘောထားလား ဆိုတာကိုလည်း ရှင်းလင်းဖို့ လိုပါတယ်။ တကယ်လို့ ကိုယ့်တယောက်ထဲ သဘောနဲ့ ပြောလို့ရတယ်၊ လုပ်ကိုင် ဆုံးဖြတ်လို့ရတယ် ဆိုရင် သူရဦးရွှေမန်းဟာ လွှတ်တော် အထက်က ပုဂ္ဂိုလ် ဖြစ်သွားပါလိမ့်မယ်။
နောက်ဆုံးတစ်ခုကတော့ ပုဒ်မ ၄၃၆ ပြင်ရေး ကာကွယ်ရေး ဦးစီးချုပ်နဲ့ သမ္မတ ဘက်ကသာ သဘောတူရင် အောင်မြင်ပြီ ဆိုပြီး ပြောခဲ့တာပါ။ တကယ်တော့ လွှတ်တော်ထဲ ၇ ရာခိုင်နှုန်းပဲ ရှိတဲ့ အင်န်အယ်လ်ဒီ က တင်တဲ့ ၄၃၆ ပြင်ရေးမူကို ၅၄ ရာခိုင်နှုန်းလောက်ရှိတဲ့ ပြည်ခိုင်ဖြိုးပါတီက သဘောတူသယောင်ယောင် ပြောဆိုခဲ့ပါတယ်။ တကယ့်လက်တွေ့ အင်န်အယ်လ်ဒီ က တင်တဲ့ ၄၃၆ ပြင်ရေး၊ တနည်းအားဖြင့် တပ်မတော်သား အမတ်တွေ သဘောတူသည်ဖြစ်စေ၊ မတူသည် ဖြစ်စေ ဖွဲ့စည်းပုံကို ပြင်နိုင်ရေး ဆိုတဲ့ မူကို ပြည်ခိုင်ဖြိုးပါတီက သဘောတူတာ မဟုတ်ပါဘူး။ သူတို့ ၄၃၆ ပြင်မယ် ဆိုတာ မဖြစ်စလောက် လေးပါ။ လွှတ်တော်ကို လွှမ်းမိုးထားတဲ့ ကိုယ့်ပါတီက သဘောမတူနိုင်တဲ့ ကိစ္စတစ်ခု တပ်မတော်ဘက်ကသာ သဘောတူရင် အောင်မြင်ပြီလို့ သူရဦးရွှေမန်း ပြောလိုက်တာဟာ မှန်ကန်မှု မရှိပါဘူး။ အင်န်အယ်လ်ဒီ နဲ့ တပ်မတော်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် အထင်အမြင်လွဲအောင်၊ ထိပ်တိုက်တိုးနေပြီးသားကို ပိုပြီးတင်းမာအောင် ပြောဆိုလိုက်သလို ဖြစ်နေပါတယ်။ ဒါကိုလည်း သူရဦးရွှေမန်းက ပြန်လည် ရှင်းလင်းပေးဖို့ လိုနေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။



Inga kommentarer:

Skicka en kommentar