လေကြောင်းမှတိုက်ခိုက်ရုံဖြင့် IS အဖွဲ့ကို အပြီးသတ် မချေမှုန်းနိုင် ဟု ပင်တဂွန် ထိပ်တန်း အရာရှိ ပြော ကြား
ဆီးရီးယား-အီရတ် နယ်စပ်အနီးတွင် တွေ့ရသည့် IS တပ်ဖွဲ့ဝင်များ
လေကြောင်းမှ
ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ရုံမျှဖြင့် အစ္စလာမ်မစ် နိုင်ငံတော် (IS)
စစ်သွေးကြွ အဖွဲ့ကို အပြီးသတ် ချေမှုန်းနိုင်မည် မဟုတ်ဟု အမေရိကန် စစ်ဘက်
ထိပ်တန်းပုဂ္ဂိုလ် တစ်ဦး က ပြောကြား ခဲ့သည်။
ပင်တဂွန်
စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိဖြစ်သည့် နောက်တန်း စစ်သေနာပတိ
ဂျွန်ကာဘီက IS အဖွဲ့ကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် စစ်ရေးအရ ပံ့ပိုးမှု
တစ်ခုသာဖြစ်ပြီး IS ၏ ပြိုင် ဘက် ဆီးရီးယား သူပုန်များကို လက်နက်တပ်ဆင်
လေ့ကျင့်ပေးရန်၊ အီရတ် စစ်တပ်ကို ပိုမိုတောင့်တင်းစွာ စုဖွဲ့နိုင်ရန်အတွက်
အကူအညီများ ပေးအပ်ရမည်ဟု မှတ်ချက်ပြုခဲ့သည်။
သတင်းအချို့က
အမေရိကန်၏ လေကြောင်းထိုးစစ်သည် ကာလရှည်ကြာ အချိန်ယူရနိုင်ကြောင်း
ဝေဖန်ထောက်ပြခဲ့သော်လည်း ကာဘီက IS အဖွဲ့အပေါ် အမေရိကန်က အရေးယူမည့်
မဟာဗျူဟာအပေါ် စိတ်ရှည်ရှည်ထားကြရန် သတင်းထောက်များအား တိုက်တွန်းခဲ့သည်။
“ဒီစစ်ဆင်ရေးက
မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူ ပြီးစီးသွားမယ်လို့ ဘယ်သူမှ
မပြောခဲ့ပါဘူး။ တိကျတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆိုင်းငံ့သွားတဲ့အချိန်
လုံခြုံရေးနဲ့ ပတ်သက်ပြီး မှား ယွင်း တဲ့ ခံစားချက်မျိုး ဖြစ်လာအောင်
ဘယ်သူမှလည်း မလှုံ့ဆော်သင့်ဘူး။ ကျွန်တော်တို့က လေကြောင်း
တိုက်ခိုက်မှုတွေကို ရပ်လိုက်မှာ မဟုတ်ဘူး။ သူတို့ကို စမ်းတဝါးဝါး အခြေအနေ
တစ်ရပ်နဲ့ ဗုံးကြဲနေတာ မဟုတ်ဘူး”ဟု ကာဘီက ဆိုသည်။
၎င်းက အမေရိကန်
အနေဖြင့် IS အဖွဲ့ကို ချေမှုန်းရန် ရေရှည်ဗျူဟာတစ်ရပ် ချမှတ်ထားပြီး
လေကြောင်းတိုက်ခိုက်မှုများသည် အစိတ်အပိုင်း တစ်ရပ်သာဖြစ်ကြောင်း
ပြောကြားခဲ့သည်။ “ဒီစစ်သွေးကြွ အဖွဲ့နဲ့ ပတ်သက်လို့ အလျင်စလို အရေးယူ
တုံ့ပြန်သင့်ကြောင်း စိတ်ကူးမျိုးကို ကျွန်တော်တို့ မျှဝေလက်ခံနိုင်ပါတယ်။
ဒါပေမဲ့ တစ်ဖက်ကလည်း ဒီစစ်ဆင်ရေးမှာ မဟာဗျူဟာ လိုအပ်ချက်အရ
စိတ်ရှည်ဖို့ကိုလည်း အားလုံး မျှဝေ လက်ခံပေးကြပါ။ အခုလောလောဆယ်
ဒီအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတယ်”ဟု ကာဘီက သတင်းထောက်များအား
ပြောကြားခဲ့သည်။
၎င်းက
လေကြောင်းတိုက်ခိုက်မှု သက်သက်ဖြင့် IS တပ်ဖွဲ့များအပေါ် အသာစီး ယူနိုင်မည်
မဟုတ်သည်ကို နားလည်ထားကြောင်းလည်း ဆိုသည်။ “ဒီကိစ္စကို ကျွန်တော်တို့
ရိုးရိုးသား သားပဲ ပြောပါမယ်။ လက်ရှိ စစ်ဆင်ရေး အနေအထားလောက်နဲ့ အပြီးသတ်
အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီစကားဟာ အကျိုးသက်ရောက်မှု
မရှိဘူးဆိုတဲ့ အဓိပ္ပါယ်မျိုး မဟုတ်ပါဘူး။ အကြမ်းဖက်သမားတွေက သူတို့ရဲ့
နည်းဗျူဟာတွေကို ပြောင်းလဲပစ်ရမယ်။ သူတို့ရဲ့ စီမံအုပ်ချုပ်ပုံတွေကို
ပြန်ပြင်ရတော့မယ်။ ဒါတွေက ထိထိမိမိ သက်ရောက်မှုတွေလည်း ဖြစ်ပါတယ်”ဟု ကာဘီ က
မှတ်ချက်ပြုသွားသည်။
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar