အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 23 oktober 2014

ဦးပိုင်ကုမ္ပဏီမှ ပြေးဆွဲသည့် ပါရမီ/အဓိပတိယာဉ်လိုင်းပိုင်ကားဖြင့် ပြည်သူတစ်ဦးကို တိုက်မိ သေဆုံးပါက အသက်လျော်ကြေး ငါးသိန်းသာ ပေးရန် သတ်မှတ်ထားသိရ


ဦးပိုင်ကုမ္ပဏီမှ ပြေးဆွဲသည့် ပါရမီ/အဓိပတိယာဉ်လိုင်းပိုင်ကားဖြင့် ပြည်သူတစ်ဦးကို တိုက်မိ သေဆုံးပါက အသက်လျော်ကြေး ငါးသိန်းသာ ပေးရန် သတ်မှတ်ထားသိရ

ပါရမီ/အဓိပတိယာဉ်လိုင်းတွင် အသက်လျော်ကြေး ငါးသိန်းသာပေးရန် သတ်မှတ်ထားသည် ဟု တာဝန်ရှိ ဒါရိုက်တာတစ်ဦးက ပြောကြားခဲ့ကြောင်း မကြာသေးမီက ၇မိုင် ကုန်းမြင့်သာ ရွှေယုန်လေး ကြေးအိုးဆိုင်အနီး လမ်းဖြတ်ကူးရန် စောင့်ရပ်နေသည့် အမျိုးသမီးငယ် ၂ ဦးကို အဓိပတိယာဉ်လိုင်းက ၀င်တိုက်ခဲ့မှုနှင့် ပတ်သက်ပြီး The Ladies မှ စုံစမ်းသိရှိရပါသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ ည ၈ နာရီအချိန်ခန့် မရမ်းကုန်းမြို့နယ် ၆ လမ်း သွား ပြည်လမ်းမပေါ် တွင် မြောက်မှတောင်သို့ ယာဉ်မောင်း ခင်မောင်ဦး မောင်းနှင်လာသော 9 B / ++++ အဓိပတိ(အ၀ါ) ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် ရွှေယုန်လေးကြေးအိုးဆိုင် အနီးတွင် အခြား ယာဉ်လိုင်းမှ ခရီသည်တင် ဘတ်စ်ကား တစ်စီးကို အရှိန်ဖြင့် ကျော်တက်ရာမှ လမ်းလယ်၌ လမ်းဖြတ်ကူးရန် ရပ်စောင့်နေသော အမျိုးသမီးငယ် ၂ ဦးကို တိုက်မိခဲ့ရာ တစ်ဦး ပွဲချင်းသေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာပြင်းထန်ပြီး ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် ပို့ဆောင်ပေးခဲ့ရသည်ဟု မရမ်းကုန်းရဲစခန်းမှ သိရှိရသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ The Ladies သတင်းဂျာနယ်က သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံး ၊ မရမ်းကုန်း ရဲစခန်းတို့သို့ စုံစမ်းမေးမြန်း ခဲ့ရာ သေဆုံးသူ မနှင်းပွင့်ကြည် အသက် (၁၉) နှစ် တွင် ဦးခေါင်းယာဘက်ချိုစောင်း ဖူးရောင်၊ ၀ဲနားစုတ်ပြဲ၊ ယာပါးပွန်း၊ ဆီးခုံစုတ်ပြဲ ဒဏ်ရာများဖြင့် အခင်းဖြစ် ပွားရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွား ခဲ့ကြောင်းနှင့် မအေးအေးအောင် တွင် ၀ဲနားရွက် သွေးထွက်၊ ၀ဲခေါင်း နောက်စေ့ စုတ်ပြဲဒဏ်ရများ ရရှိကာ ရန်ကုန်မြို့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်းကို သိရှိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးပြီးချင်း ယာဉ်မောင်းသည် ဘတ်စ်ကားကို သုံးမှတ်တိုင်ခန့် မောင်းပြေးသွားခဲ့ရာ အမျိုးသမီးတစ်ဦး မောင်းနှင်လာသည့် ကိုယ်ပိုင် ကားတစ်စီးက တိုက်ပြေးသွားသည့် ကားနောက်သို့ ဖုန်းဖြင့် ဓာတ်ပုံလိုက်ရိုက်ပြီး လူတိုက်လိုက်ကြောင်းအော်ဟစ်ပြောဆိုသဖြင့် အဆိုပါ အဓိပတိ ယာဉ်မောင်းသည့် ဒရိုင်ဘာက ထွက်ပြေးပြီး စပယ်ယာနှင့် ခရီးသည်များသာ ကားပေါ်တွင် ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

မနှင်းပွင့်ကြည်နှင့်မအေးအေးအောင်တို့ နှစ်ဦးသည်ဧရာဝတီတိုင်းဒေသကြီး အိမ်မဲ မြို့နယ်မှ ရန်ကုန်တွင် အိမ်အကူဝန်ထမ်းများအဖြစ် လာရောက် အလုပ်လုပ်နေသူများဖြစ်ကြပြီး၊ သူမတို့နှစ်ဦးသည် ပြည်လမ်းပေါ်ရှိ စည်ပင်အမှိုက်ပုံးသို့ အမှိုက်သွန်ရန် ထွက်လာစဉ် ယခုကဲ့သို့ ဘတ်စ်ကား တိုက်ခံလိုက် ရခြင်းဖြစ်ကြောင်းသိရသည်။

အဓိပတိယာဉ်လိုင်းတာဝန်ရှိသူများက ၄င်းတို့ယာဉ်လိုင်းမှ လူတစ်ယောက်ကိုတိုက်မိ သေဆုံးပါက ကုမ္မဏီက ချမှတ်ထားသည့် မူဝါဒအရ လျော်ကြေးသည် ၅သိန်း သာဖြစ်သဖြင့် ၅သိန်း အထိသာ အလျော် ပေးနိုင်ကြောင်း မရမ်းကုန်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ သို့ မရမ်းကုန်းရဲစခန်းတွင် ပြောဆိုခဲ့ဟု သိရသည်။

“ ဖြစ်ဖြစ်ချင်း လိုက်သွားတာပဲ။ ကောင်မလေးတွေက ကျနော်တို့ ရပ်ကွက်ထဲက သူဌေးတစ်ဦးရဲ့ အိမ်မှာ လာပြီး အိမ်အကူ လုပ်နေကြတာပါ။ အိမ်ရှင်သူဌေးတွေ ကိုယ်တိုင် လည်း သိသိချင်း လိုက်လာပါတယ်။ ဒါပေမဲ့ ကျနော်တို့ ရပ်ကွက်လူကြီးတွေမှာလည်း တာဝန်ရှိပါ တယ်။ ကျနော်တို့ ရပ်ကွက်ထဲမှာ အထည်ချုပ် အများအပြား ရှိနေတော့ နေ့စဉ် အထည်ချုပ်က ၀န်ထမ်းတွေရာနဲ့ ချီပြီး ဒီလမ်းကြီးကို လမ်းကူလမ်းလာ ပြုလုပ်နေရတဲ့ နေရာပါ။ နယ်က လာတဲ့ အထည်ချုပ် ၀န်ထမ်းလေးတွေ အတွက်ဆိုရင် ဒီလိုပဲ လိုက်ပြီး ဆောင်ရွတ်ပေးရပါတယ်။ သူတို့မှာ မိဘဆွေမျိုးက ရန်ကုန်မှာလဲ မရှိကျဘူးလေး။ အခုလို ယာဉ်ကို စည်းမဲ့ ကမ်းမဲ့ မောင်းပြီး လူတိုက်မိလိုက်တိုင်း ဒရိုင်ဘာ ထွက်ပြေးတယ် ဆိုတဲ့ အဖြစ်တွေက ဒီ ပြည်လမ်းမကြီးပေါ်မှာ ကျနော်တို့ ကြား နေကျ တွေလို ဖြစ်နေပါပြီ" ဟု ယာဉ်မောင်း ထွက်ပြေးခဲ့မှုနှင့် ပတ်သက်၍ မရမ်းကုန်း(၇) ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။

လူအသက်သေဆုံး ဒဏ်ရာရရှိအောင် ယာဉ်အားမဆင်မခြင် မောင်းနှင်ပြီး ထွက် ပြေးသွားသူ ဦးခင်မောင်ဦးကို အရေးယူပေးရန် ဒုရဲအုပ်မျိုးမြင့်ထွန်း၊ ယာဉ်ထိန်း တပ်ဖွဲ့စု ၁၅ ၊ မရမ်းကုန်းမြို့နယ်၏ တရားလိုပြုတိုင်တန်းမှုအား မရမ်းကုန်းမြို့မရဲစခန်းက ယာဉ်(ပ)၁၀၆ /၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄ (က)/၃၃၈/၂၀၂ ဖြင့် အမှုဖွင့်ပြီး တရားလိုအမှုစစ်က ယာဉ်မဆင်မ ခြင်မောင်း၍ ထွက်ပြေးသွားသူအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ကြောင်း ၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် တရားခံ ယာဉ်မောင်းကို ဖမ်းဆီးရမိ ပြီဖြစ်ကြောင်း မရမ်းကုန်းရဲစခန်းမှ သိရှိရသည်။

ပါရမီ၊ အဓိပတိယာဉ်လိုင်းမှ ယာဉ်မောင်းများ ယာဉ်တိုက်မှုတွင် လူသေ (သို့) ဒဏ်ရာရစေပါက လိုင်စင်တစ်နှစ် ပိတ်သိမ်းကြောင်း၊ ယာဉ်မောင်းများ ကိုလည်း နေ့စား (သို့) ခေါက်ရေဖြင့်သာ ခန့်ထားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ မိန်းခလေးနှစ်ဦး အလုပ်လုပ်ကိုင်နေသည့် အိမ်မှ အိမ်ရှင်တစ်ဦးအား မရမ်းကုန်း ရဲစခန်းတွင် မေးမြန်းခဲ့ရာ "စည်းကမ်းမဲ့မှုတွေ တာဝန်ယူ စိတ်ကင်းမဲ့ မှုတွေ မဖြစ်စေ ချင်ဘူး။ ဆေးရုံပေါ်က တစ်ယောက်ကို တော့ အသက်လုနိုင် ခဲ့တယ် ။ Public Transport လုပ်နေကြတဲ့ လုပ်ငန်းတွေ ပိုင်ရှင်တွေ တာဝန် ယူမှု တာဝန်ခံမှုတွေက နည်းလွန်းပါတယ်။ ရန်ကုန်မှာတောင် တရားဥပဒေ စိုးမိုးရေး ကလည်း နည်းလွန်းပါတယ်။ ဒီလို ခေါက်ပြန်နေ့စား ဘတ်စ် ဒရိုင်ဘာတွေ ကြောင့် ပြည်သူတွေ ကားလမ်းပေါ်မှာ အသက် အန္တရာယ် စိန်ခေါ်မှုတွေ ကို နေ့စဉ် ရက်ဆက်ကြုံနေရဦးမှာပဲ။ ကိုယ်တိုင်ကတော့ အလုပ်ရှင်လည်း ဖြစ်တဲ့အတွက် အစစ အရာရာ ဆွမ်းသွတ်ပရိတ်ရွတ်တဲ့ အထိ ကောင်းမှုပြုပေးတဲ့အထိ အားလုံးကို တာဝန်ယူ ပါတယ်။ မသေဘဲ ကျန်ခဲ့တဲ့ ကလေးမ က ဘယ်အခြေအနေ အထိပဲ ကောင်းနိုင်မယ် ဆိုတာ သေချာမသိသေးပါဘူး ။ သူ့ခေါင်းမှာ စပေါ့အလုံးလေးရှိနေတယ်လို့ ဆရာဝန် ကပြော ပါတယ် ။ သူပြန်ကောင်းလာဖို့လည်း လုပ်ပေးရဦးမယ်။ ယာဉ်လိုင်းကို သေဆုံးသူအတွက် မျှမျှ တတ လျော်ကြေးပေးစေချင်တယ် ဆိုတာကလည်း ကျန်ရစ်တဲ့ မိအိုဖအိုတွေ အတွက် ပါပဲ။ လျော်ကြေးက သူတို့ သမီးကို အသက်ပြန်ရှင်လာအောင် လုပ်လို့ မရနိုင်ပါဘူး။ အခု ကတော့ လူ့ အသက်တစ်ချောင်းက တိုက်သွားတဲ့ ကားရဲ့ တန်ဖိုးလောက်တောင် မရှိဘူး ဆိုတဲ့ သဘောဖြစ်နေတာပေါ့။ သူတို့ မိသားစုမှာလည်း လုပ်ကျွေးနေတဲ့ သမီး တစ်ယောက် လျော့ သွားတော့ စိတ်အားငယ်နေကြတာပေါ့။” ဟု ပြောကြားခဲ့သည်။

တည်ဆဲမော်တော်ယာဉ်ဥပဒေသည် ခေတ်ကာလနှင့်မလျော်ညီတော့သော်လည်း ဥပဒေက ခွင့်ပြုထားသည့် ငွေဒဏ်၊ ထောင်ဒဏ် ထက်ပိုကာ တရားစီရင်၍မရကြောင်း၊ လက်ရှိ အချိန် တွင် ငွေဒဏ်အပြင် မော်တော်ယာဉ်လိုင်စင်ကို အကန့် အသတ်မရှိ ပိတ်သိမ်းသည့် စနစ်ကို ပါ ပေါင်းစပ်ကျင့်သုံးလျက်ရှိသည်ဟု အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်) မှ ဒုတိယ ရဲမှူးကြီး မျိုးမြင့်အောင်က အောက်တိုဘာ ၁၀ ရက် ယာဉ်ထိန်းတပ်ဖွဲ့ရုံး သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

“၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေ၊ ၁၉၈၉ ခုနှစ် နည်းဥပဒေတွေမှာ ထောင်ဒဏ် ငွေဒဏ် နည်းတဲ့ အတွက် စည်းကမ်းပိုချိုးဖောက်တာမျိုးတွေ ရှိလာတယ်”ဟု ဒုတိယ ရဲမှူးကြီး မျိုးမြင့်အောင်က ပြောကြားခဲ့သည်။

သတင်း + ဓါတ်ပုံ - KSS

- အဆိုပါ လူတိုက်မှု ဖြစ်ပွားခဲ့သည့် ပါရမီ/အဓိပတိ ဘက်စ်ကားအား မရမ်းကုန်း ရဲစခန်းရှေ့တွင် သက်သေခံပစ္စည်းအဖြစ် တွေ့ရစဉ်

- သေဆုံးသူနှင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးငယ် ၂ ဦး

The Ladies News Journal

               
        မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar