ခရီးသည်တင် ဟိုင်းလတ်ကားများ ရန်ကုန်မြို့တွင် ပြေးဆွဲခွင့် ရပ်ဆိုင်းတော့မည်
- By 7Day News

“(ခ) လိုင်စင် (ခရီးသည် ပို့ဆောင်ရေး လိုင်စင်) နဲ့ ပြေးဆွဲနေတဲ့
ခရီးသည်တင် ဟိုင်းလတ်ယာဉ်အားလုံး ရန်ကုန်တိုင်း စည်ပင်နယ်နိမိတ်မှာပါတဲ့
မြို့နယ် ၃၃ ခုမှာ ပြေးဆွဲခွင့်ရှိမှာ မဟုတ်ပါဘူး”ဟု မထသ (ဗဟို)မှ ဥက္ကဋ္ဌ
ဦးလှအောင် ကပြောသည်။ သန်လျင်-ရန်ကုန်၊ မှော်ဘီ- ရန်ကုန်၊
တိုက်ကြီး-ရန်ကုန်ပြေး ဆွဲနေသော ခရီးသည်တင် ဟိုင်းလတ်ယာဉ် လိုင်းများ
အပါအ၀င် မြို့တွင်းခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲလျ က်ရှိသည့်
ဟိုင်းလတ်ယာဉ်များ အားလုံးပါဝင်ပြီး အဆိုပါ ကားများအစား စီးတီးဘတ်စ်
အသေးများဖြင့် ပြေးဆွဲခွင့်ပြုထားသည်ဟုသိရသည်။ “အဓိက ပြဿနာက ခရီးသည်တွေပဲ။
သန်လျင် ဘက်မှာဆို ရန်ကုန်ကိုသွားဖို့ ဒီကားတွေကိုပဲ အသုံးပြုနေရတာ။
ပြီးတော့ ယာဉ်အိုယာဉ်ဟောင်းအပ်ပြီး စီးတီးဘတ်စ်နဲ့ ဆွဲရင် ရမယ့် ဂက်စ်က
မလုံလောက်ဘူး”ဟု ရန်ကုန်- သန်လျင် ပြေးဆွဲလျက် ရှိသော ခရီးသည်တင်
ဟိုင်းလတ်ယာဉ်ပိုင်ရှင် တစ်ဦးကပြောသည်။
“မြို့ထဲမှာ မောင်းနှင်နေတဲ့ ဟိုင်းလတ်ယာဉ်တွေ အကုန်လုံး မဟုတ်ဘဲ
(ခ)လုပ်ငန်းလိုင်စင်ရှိတဲ့ ယာဉ်တွေလောက်ပဲ ပိတ်ပင်မှုလုပ်ထားတဲ့အတွက်
သယ်ယူပို့ဆောင်ရေးအပိုင်းမှာ သိပ်အများကြီး ထိခိုက်မသွားနိုင်ပါဘူး”ဟု ဥက္ကဋ္ဌ
ဦးလှအောင် ကပြောသည်။ “သန်လျင် ကနေမြို့ထဲကို အလုပ်ဆင်း၊ အလုပ်ပြန်
ဒီဟိုင်းလတ်ကိုပဲ အားကိုးနေရတာ။ ဟိုင်းလတ်တွေပဲ ည ၁၀ နာရီလောက်ထိရှိတယ်။
အခြား လိုင်းကားတွေက ၇ နာရီလောက်ဆို မရှိတော့ဘူး။ ဟိုင်းလတ်တွေ မရှိတော့ရင်
အခြားလိုင်း တစ်ခုခု စီစဉ်ပေး သင့်တယ်”ဟု ခရီးသည်တစ်ဦးက ဆိုပါသည်။
ခရီးသည်တင်ဟိုင်း လတ်ယာဉ်တစ်စီးလျှင် စီအင်န်ဂျီဂက်စ်ပမာဏ ၂၀၀ ကုဗပေ
ရရှိပြီး အဆိုပါ နေရာတွင် အစားထိုးပြေးဆွဲမည့် စီးတီးဘတ်စ်များတွင်လည်း ၂၀၀
ကုဗပေ ပြန်လည်ပေးအပ်မည်ဖြစ်၍ လုံလောက်သည့် လမ်းကြောင်းဖြင့် ပြေးဆွဲပါက
ပြဿနာမဖြစ်နိုင်ဟု မထသ(ဗဟို) မှ တာဝန်ရှိသူက ဆိုသည်။ “စီးတီးဘတ်စ်က CNG ၄၈၀
ကုဗပေလောက် ဆံ့တယ်။
ဟိုင်းလတ် အပ်ပြီးရင်လည်း ပထမကားမှာ ရှိတဲ့ CNG ကို ပြန်ထည့် ပေးမှာပါ။
ဒါပေမဲ့ ရန်ကုန်-တိုက်ကြီးလိုမျိုး ဆွဲရင် မလောက်နိုင်ဘူး။ ရမယ့်ပမာဏနဲ့
တွက်ချက်ပြီး လိုင်းဆွဲဖို့တော့ လိုတယ်။ တကယ်လို့ ဂက်စ်ကုန် သွားရင်လည်း
ထပ်မံဖြေရှင်းခွင့် ပေးထားတာပဲ”ဟု ဦးလှအောင် ကပြောသည်။ ရန်ကုန်တိုင်း
ဒေသကြီး စည်ပင်သာယာနယ်နိမိတ် အတွင်းတွင် ခရီးသည်တင် ဟိုင်းလတ်ယာဉ်လိုင်း ၄၆
လိုင်း ရှိပြီး အစီးရေ ၈၀၄ စီး ရှိသည်။
မြူနှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar