အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 9 december 2014

သာသနာရေးအတွက် ရင်လေးဖွယ်


သာသနာရေးအတွက် ရင်လေးဖွယ်
______________________
မွန်ဆရာတော် ဦးရဝိကရေးသည်

အခု မြန်မာနိုင်ငံမှာ ဖြစ်ပျက်သမျှပြဿနာများဟာ ဦးအောင်သောင်း ဦးစီးတဲ့ ဖွတ်အမာခံများနဲ့ စစ်တပ်က ဗိုလ်ချုပ်ကြီးတွေအထိ မီးမွှေးလိုက်တဲ့ ပြဿနာတွေပဲ ဖြစ်တယ်။ ကြံရာပါကျတော့ သူရရွှေမန်းနဲ့ သိန်းစိန်တို့ ပါဝင်ပါလိမ့်မယ်။ တကယ်ကြိုးကိုင်သူကတော့ စာကို အေးအေးဆေးဆေး မဖတ်ဘဲ တိုင်းပြည်ကို မင်းအောင်လှိုင်ကတစ်ဆင့် ဒီကနေ့အထိ ချုပ်ကိုင်ထားဆဲ တပ်ချုပ်ကြီးဟောင်းပါပဲ။

ဘာသာရေးအဓိကရုဏ်းကို စတင်မီးမွှေးလိုက်တဲ့ ပုဂ္ဂိုလ်များဟာ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးနဲ့ ပတ်သက်ဖွယ် ရှိတယ်။ မခင်သီတာထွေးကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့ပုံကို အင်တာနက်လိုင်း သိပ်မကောင်းလှတဲ့ ရခိုင်ပြည်ကနေ တက်လာခြင်းမဟုတ်သလို မိတ္ထိလာအဓိကရုဏ်းလို ဘာသာရေးပဋိပက္ခများကို တင်နေတဲ့ အဓိကဝက်ဆိုက်များကလည်း နေပြည်တော်ကနေ တိုက်ရိုက်လာခြင်း ဖြစ်တယ်။ နောက်ပြီး တောင်ကုတ်မှာ မွတ်တွေကို ဘယ်သူ သတ်ခဲ့ကြသလဲ။ သေချာတဲ့ အဖြေတွေ မရှိသေးပါဘူး။ ဒီမတိုင်ခင်ကတည်းကပဲ ပြဿနာဖြစ်စေဖို့ စစ်ရုံးချုပ်၊ ဧရာဝတီဆောင်က အွန်လိုင်းရှေ့တန်းရဲဘော်များဟာ မွတ်ဟန်ဆောင်လိုက်၊ မျိုးချစ်ဟန်ဆောင်လိုက်၊ သံဃာဟန်ဆောင်လိုက်နဲ့ အလုပ်ရှုပ်နေခဲ့ကြပါတယ်။

စစ်တပ်မှာ အွန်လိုင်းဝါဒဖြန့်တဲ့ စီမံကိန်းကို တကယ့်စစ်ဆင်ရေးတစ်ခုလို ထားရှိပြီး စစ်ရုံးချုပ်က ဗိုလ်မှူးကြီးတွေအထိ ပါဝင်ပတ်သက်ပါတယ်။ သူတို့သုံးတဲ့ သတင်းအချက်အလက်တွေ၊ သူတို့ဆီက ဝင်လာတဲ့ ကွန်မန့်တွေ၊ သူတို့ဦးတည်တိုက်ခိုက်တဲ့ ပုဂ္ဂိုလ်တွေကို စောင့်ကြည့်ရင် တပ်ချုပ်ကြီးဟောင်းရဲ့ အရိပ်ကြီးက ထိုးကျလျက်ရှိကြောင်း ဗေဒင်တွက်စရာတောင် မလိုပါဘူး။ တပ်စု(၂)စုစာလောက်ရှိတဲ့ လေ့ကျင့်ထားတဲ့ ဒီတပ်မတော်အရာရှိတွေဟာ ပြည်ခိုင်ဖြိုးကနေ မွေးထားတဲ့ အခြားအီးဂရက် စတဲ့ ပရော့ဇီအဖွဲ့များနဲ့ ပူးပေါင်းကာ ရဟန်းသံဃာများနဲ့ ပြည်သူတို့ရဲ့ ဖြူစင်တဲ့ အရိုးခံစိတ်ဓာတ်ကို ဆော့ကစားလျက် ရှိပါတယ်။

သီရိလကာင်္ကျားသူပုန်တွေကို အမြစ်ပြတ်တိုက်ထုတ်ခဲ့တဲ့ လက်ရှိသီရိလကာင်္သမ္မတကို တပ်ချုပ်ကြီးဟောင်းကိုယ်တိုင် ကူညီပေးခဲ့ပြီး အဲဒီတုန်းက သီရိလကာင်္နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟာ အခု ဒုနိုင်ငံခြားရေးဝန်ကြီး ဖြစ်နေပြီ။ ဒီလူက သီရိလကာင်္ဘာသာရေးပွဲတော်တစ်ခုမှာ သီရိလကာင်္မြန်မာဗုဒ္ဓသာသနာဆက်နွှဲရေးကို ပြောဖို့ နဖူးပေါ်ကချွေး အကြိမ်ကြိမ်သုပ်ခဲ့ရတဲ့အထိ အင်္ဂလိပ်စကား အခြေအနေကောင်းခဲ့သူ ဖြစ်တယ်။ ဒါပေမဲ့ သူက နေပြည်တော်က အမိန့်ကို တသွေမတိမ် လိုက်နာခဲ့ပြီး သီရိလကာင်္ပုံစံ လက်ရှိမဘသကို အကောင်အထည်ဖော်နိုင်ခဲ့လို့ သူကောင်းပြုခြင်းခံခဲ့ရခြင်းပါ။

လက်ရှိမျိုးစောင့်ဥပဒေအပါအဝင် မဘသလှုပ်ရှားမှုမှန်သမျှကို ကြည့်ရင် သီရိလကာင်္ဟန် နွှယ်ပါတယ်။ အရိုးခံလုပ်တဲ့ ဆရာတော်တွေ အမှန်ကတယ်ပဲ ရှိနေပါတယ်။ အရိုးခံထောက်ခံကြတဲ့ ပြည်သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အဓိက ကြိုးဆွဲသူတွေကတော့ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးတို့ပါပဲ။ ဒီလူတွေက တိုင်းပြည်ကို ၁၉၆၂-ခုနှစ်ကတည်းက အုပ်ချုပ်လာတယ်ဆိုတော့ ဒီနိုင်ငံအခြေအနေကို အကောင်းဆုံး သိရှိသူများ ဖြစ်တယ်။ ဒါပေမဲ့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဝါဒကို စွဲကိုင်ထားတော့ ဒါကို သူတို့အာဏာတည်မြဲရေးအတွက် အသုံးချလိုက်ပြန်ပါတယ်။

ဒီလိုအသုံးချတဲ့နေရာမှာ ကျောက်ဆည်မှာ မွတ်စလင်အိမ်တစ်အိမ်ကို မီးရှို့ဖူးတဲ့ ဆရာတော်ဦးဝီရသူကို သူတို့သွားတွေ့တယ်။ ဒါကြောင့် အသုံးချသင့်အသုံးချထိုက်တဲ့ ထောင်ထွထ်ဆရာတော်အချို့ကို ချဉ်းကပ်ပြီး စင်ကာပူရောက်နေတဲ့ စစ်တပ်အမာခံအချို့၊ သြစတြေလျား၊ အမေရိကန်၊ အင်္ဂလန်စတဲ့ နိုင်ငံများမှာ ရောက်နေတဲ့ စစ်တပ်အမာခံအချို့နဲ့ ပူးပေါင်းကာ လက်ရှိအခင်းအကျင်းကို စနစ်တကျ အကောင်အထည်ဖော်ကြခြင်းပဲ ဖြစ်တယ်။ ကွန်မန့်ဘော့ခ်မှာ မိမိနဲ့ စကားပြောဖူးတဲ့ စစ်တပ်အမာခံများဟာ နာရီဝက်တောင် စကားပြောစရာမလိုပါဘူး။ (၁၀)မိနစ်လောက်ဆို သူတို့က ဘယ်ကို ဦးတည်သွားသလဲ ကွက်ကွက်ကွင်းကွင်း သိနိုင်ပါတယ်။ နောက်ပြီး သူတို့ထဲက ဘယ်သူနဲ့ပဲ စကားပြောပြော သူတို့ပြောတဲ့စကားတွေဟာ ပုံစံခွက်တစ်ခုထဲပဲ ရှိပါတယ်။

၁။ မွတ်အန္တရာယ်ရှိတယ်။
၂။ ဒေါ်စုကို ချစ်ပေမဲ့ တိုင်းပြည်ကို ပိုချစ်ရပါလိမ့်မယ်။
၃။ ၈၈ မှာ ပါခဲ့ပေမဲ့ အခု အစိုးရကို ထောက်ခံရပါလိမ့်မယ်။
၎။ ဒေါ်စု တက်လာရင် မွတ်နိုင်ငံ ဖြစ်ပါတော့မယ်။

သူတို့ထဲက ဘယ်သူနဲ့ပဲမဆို စကားပြောကြည့်ပါ။ ဒီပုံစံခွက်ထဲကအတိုင်းပဲ ဝါဒဖြန့်ကြတာ ဖြစ်တယ်။ ဆရာထင်လင်းဦးလို စစ်တပ်ရဲ့ မှားကွက်ကို အမြဲတမ်း ထောက်ပြနေတဲ့ပုဂ္ဂိုလ်တွေဆိုရင် မဘသတို့နဲ့ ပြဿနာတက်အောင် အချိန်မရွေး မှားကွက်ကို သူတို့ စောင့်နေကြမှာ ဖြစ်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဦးဝီရသူက အွန်လိုင်းပေါ် ပွဲတောင်းပုံကအစ ပယောဂမကင်းဘူး။ စစ်ရုံးချုပ်က အဖွဲ့တွေက နဂိုကတည်းက ပြဿနာရှာဖို့ပဲ ထောင်ထားတယ်ဆိုတော့ ပြဿနာဖြစ်နေမှပဲ သူတို့စစ်ဆင်ရေး အောင်မြင်နိုင်မှာပါ။ စစ်တပ်က ပုဒ်မ ၄၃၆ ကို မပြင်ချင်လို့ ပြည်တွင်းမှာလည်း ပြဿနာတက်အောင် လုပ်နေမှာပဲ။ ပြည်နယ်တွေမှာလည်း ပြဿနာတက်အောင် လုပ်နေမှာပဲ။ တစ်နေရာမဟုတ်ရင် တစ်နေရာ ပြဿနာတက်အောင် သူတို့လုပ်မှာပဲ။

အခု မြန်မာနိုင်ငံသွားနေတဲ့ လမ်းကြောင်းဟာ ဘာသာရေးနဲ့ နိုင်ငံရေးအရ သီရိလကာင်္နဲ့ စင်ကာပူနိုင်ငံတွေကို အတုခိုးထားတယ်။ စစ်တပ်အတွက် အကျိုးရှိရင် ဘုန်းကြီးတွေကို လွှတ်တော်အထိ ခေါ်သွင်းဖို့ သူတို့ဝန်လေးမှာမဟုတ်ဘူး။ ဘင်္ဂလီတွေကိုတောင် သူတို့ခေါ်တွင်းခဲ့သေးတာပဲ။ ဒီဘုန်းကြီးတွေကို အသုံးချပြီး ပြည်သူတို့ရဲ့ ယုံကြည်မှုကို ရရှိမယ်ဆိုရင် လွှတ်တော်မပြောနဲ့၊ နောင်တချိန်ချိန်မှာ စစ်တပ်ရဲ့ အရံတပ်ဖွဲ့တွေတောင် ဖြစ်နိုင်ခြေရှိပါတယ်။ သူတို့က ဂျပန်ပြည်က ရှင်တိုဗုဒ္ဓဘာသာကို အတုမခိုးသေးတာပါ။ အဲဒီဂိုဏ်းက ဂျပန်မျိုးချစ်စိတ်ဓာတ်ကို အရင်းပြုပြီး ပေါ်ပေါက်လာတဲ့ ဂိုဏ်းတစ်ခု ဖြစ်လို့ပါပဲ။ ဒီဂိုဏ်းက ဗုဒ္ဓဘာသာဘုန်းတော်ကြီးများဟာ အိမ်ထောင်ပြုခွင့် ရှိပါတယ်။ ဂျပန်မင်းမျိုးမင်းနွယ်ကို ကာကွယ်စောင့်ရှောက်ဖို့ လူမထွက်ချင်တဲ့ မင်းသားကို မိန်းမပေးစားလိုက်တဲ့ ဂိုဏ်းပါပဲ။

အခုလည်း မေထုန်မှီဝဲပေမဲ့ တရားရနိုင်တယ်လို့ တိုးတိုးတိတ်တိတ် ဟောနေတဲ့ နိုင်ငံခြားပြန်ရဟန်းအချို့ ရှိပါတယ်။ ဝိနည်းဆိုတာ စည်းကမ်းပါပဲ။ ဝိနည်းစည်းကမ်းကို ပညတ်တဲ့နေရာမှာ သာသနာတော်ကို အကြည်ညိုပျက်မှာစိုးလို့ ပညတ်ရတာ ရှိတယ်၊ ဈာန်မဂ်ဖိုလ်တရား အတားအဆီး ဖြစ်လို့ ပညတ်ရတာ ရှိတယ်။ ဝိနည်းစည်းကမ်းဆိုတာ ဥပဒေတစ်မျိုးပေါ့။ ဒါပေမဲ့ အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအတွက် ဝိနည်းတွေ မရှိလည်း အရှင်ဘုရားတို့ကို ကြည်ညိုနေပါ့မယ်ဆိုခဲ့ရင် ဒီသာသနာ သွားပြီ။ သီရိလကာင်္မှာ ဒီလိုမျိုးစိတ်ဓာတ် ရှိနေပြီဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။ ရဟန်းသံဃာတွေဆိုတာ တကယ့်ကို အဖြူထည်တွေပါ။ သူတို့ကို ဆိုးချင်တဲ့ အရောင် ဆိုးလို့ ရတဲ့အနေအထားပါ။

အစိုးရက သူတို့အာဏာအတွက် ဒီဘုန်းကြီးတွေကို အသုံးချတာ ဟုတ်ပါပြီ။ အာဏာထောက်တိုင်တစ်ခုလို အသုံးချကြတာကို အခုထိတော့ ဘယ်ဘုန်းကြီးက သိမှာလဲ။ သိကြရင် ဘယ်လက်ခံကြမလဲ။ သူတို့စိတ်ထဲမှာတော့ ဒါ မှန်တယ်၊ ဒါ လုပ်သင့်တယ်လို့ ယုံကြည်မှု ရှိနေကြမှာပဲ။ ဒါပေမဲ့ ဒီသံဃာထုဟာ ပြည်သူတို့ ယုံကြည်ကိုးစားတဲ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်တယ်။ ဒီသံဃာတော်တွေ လုပ်သမျှဟာ အမှန်ပဲလို့ ကိုးကွယ်ကြတဲ့ ဒကာဒကာမတွေက ယူဆကြမှာ မုချပါပဲ။ လက်ရှိသံဃာတော်များမှာ နိုင်ငံရေးအာဏာတောင် မရှိသေးဘူး။ ပြည်ခိုင်ဖြိုးအရိပ်ကိုပဲ ခိုရသေးတယ်။ သံဃာတော်များကို ဝေဖန်ရင် တရားခွင်ရင်ဆိုင်နေရတဲ့အခြေအနေ ရောက်နေပြီ။ နောင်တစ်ချိန်မှာ ဒီဘုန်းကြီးတွေကို မထိန်းနိုင်တော့ရင် ဒုက္ခပါပဲ။ ယုံကြည်ကြတဲ့ ဒကာဒကာမတွေကလည်း သူတို့ကို အကာအကွယ်ပေးကြအုံးမယ်ဆိုရင် ဒီနိုင်ငံဟာ စစ်ကျွန်ဘဝထဲ ဆက်လက်နေရသလို သာသနာ့ကျွန်ဘဝကိုလည်း သက်ဆင်းကြရမှာ ဖြစ်တယ်။

ပုဂံခေတ်က အရည်းကြီးသာသနာဟာ ထောက်ခံသူ ရှိလို့ ရပ်တည်နိုင်ကြတာ ဖြစ်တယ်။ အရင်တုန်းက ပျူလူမျိုးတို့ဟာ ထေရဝါဒ ဗုဒ္ဓဘာသာဝင်ပါပဲ။ ဒါပေမဲ့ (၉)ရာစုမှာ လာရောက်အခြေချတဲ့ မြန်မာလူမျိးတို့ဟာ သူတို့နဲ့အတူ ဒီအရည်းကြီးအတွေးအခေါ် ပါလာတယ်။ အဲဒါကလည်း မျိုးစောင့်တရားနဲ့ ပတ်သက်နေပါလိမ့်မယ်။ ဒီဂိုဏ်းကို သမထီးလို့လည်း ခေါ်ပါတယ်။ သမထီးဆိုတာ သမိတိယဂိုဏ်းပါပဲ။ အိန္ဒိယမှာ ပေါ်ပေါက်ခဲ့တဲ့ ဂိုဏ်းတစ်ခုပါ။ ဒီဂိုဏ်းရဲ့ အယူအဆမှာ "ကာမရာဂ အင်မတန်မှ ထကြွနေပြီး သနားစဖွယ် ကောင်းလှတဲ့ မိန်းမတစ်ယောက်နဲ့ မဟာကရုဏာတော်အရ ရှေးရှုပြီး ကာမစပ်ယှက်ရင် ပါရာဇိက မကျ"လို့ ဟူ၍ ဖြစ်တယ်။ ဒီဂိုဏ်းက တိဗက်၊ တရုတ်ကို ရောက်တယ်။ တိဗက်အကြောင်း ပြောမိလို့ နည်းနည်း ရှည်လိုက်ပါအုံးမယ်။

တစ်ခါမှာ တိဗက်သူတစ်ယောက်က တောတစ်ခုကို ဖြတ်တယ်။ တောင့်တောင့်တင်းတင်း ဝင်းဝင်းပပ အင်မတန်မှ လှတဲ့ သူတို့သမီးတစ်ယောက်ပေါ့။ မကြာခင် အိမ်ထောင်ပြုရတော့မယ်။ ဒါပေမဲ့ အဲ့တောမှာ တရားထိုင်နေတဲ့ ရဟန်းတစ်ပါးက ဒီကလေးမကို မြင်တော့ မုဒိမ်းကျင့်ဖို့ ကြိုးစားပါလေရော။ ကောင်မလေးက အလုပ်ကြမ်းသမားဆိုတော့ ပျော့ပျော့သမား ရဟန်းက ဆွဲမထားနိုင်ဘူး။ လွတ်သွားတယ်။ အိမ်ရောက်တော့ မိဘကို တိုင်ပြောတယ်။ ရဟန်းတစ်ပါးက ဗလက္ကာရ ပြုတယ်ပေါ့။ "ဟဲ့ အဲဒါ ဘုရားမျိုးစေ့ ဟဲ့၊ ပေးတုန်း ယူထားရတာကွဲ့"ဆိုပြီး ကိုယ့်သမီးကို ကိုယ်တိုင်ဆွဲပြီး ရဟန်းဆီကို ခေါ်ဆောင်သွားသတဲ့။ ကောင်မလေးရည်းစားက ကြံရာမရတော့ ရဟန်းရှိတဲ့နေရာကို သွား၊ ရဟန်းကို မေ့အောင် ရိုက်ပြီး သင်္ကန်းကို ခဏငှားလိုက်ရတယ်။ သင်္ကန်းခြုံပြီး ငုပ်တုတ်တရားထိုင်ပြရတာပေါ့။ တိဗက်မှာ ရဟန်းတွေက ဦးထုပ်ဆောင်းတယ်ဆိုတော့ သူ့ကို မမှတ်မိဘူးပေါ့။ ဒီတော့ မိဘဆွေမျိုးတွေက ပတ်ပတ်လည် ကင်းစောင့်ပေးကြတယ်။ မိန်းကလေးကလည်း အစမှာ ရုန်းသေးတယ်။ ရုန်းရင်းနဲ့ ကိုယ့်လူမှန်း သိတော့ ငြိမ်သွားတယ်။ မွေးလာတဲ့ သားကို ဘုရားသားဆိုပြီး တရွာလုံး ကျွေးရသတဲ့။

ဒါဟာ ယုံကြည်မှုပါ။ ဒီဂိုဏ်းက ဒီအထိ ဘယ်ရပ်မလဲ။ တရုတ်ပြည်၊ ဇီးချွမ်နယ်အထိ ရောက်တယ်။ ယူနန်နယ်အထိ ရောက်တယ်။ အဲဒီဒေသကို ရောက်တော့လည်း နဂိုကတည်းက ဗုဒ္ဓတရားအစစ်မှ မဟုတ်တော့တာ develop လုပ်ပြန်ပြီပေါ့။ အိမ်ထောင်ကျသူအမျိုးသမီးဟာ ဘုန်းကြီးကျောင်းကို သွားပြီး မိမိကြိုက်တဲ့ ရဟန်းတစ်ပါးကို ပန်းဦးဆက်ရတယ်။ ရုပ်ဖြောင့်တဲ့ ရဟန်းဆို အလှူခံရတာနဲ့ပဲ ဘယ်လောက်ပင်ပန်းလေမလဲ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ။ ဒီဂိုဏ်းကပဲ မြန်မာပြည်ကို ရောက်လာတော့ မျိုးချစ်စိတ်ဓာတ် အင်မတန်ပြင်းထန်တဲ့ မြန်မာတို့က သူတို့လူမျိုးက ဒေသခံမွန်နဲ့ ပျူတို့နဲ့ သွေးရောကုန်မှာ စိုးလို့ ပန်းဦးဆက်တဲ့ဓလေ့ကို ကျယ်ကျယ်ပြန့်ပြန့် လိုက်နာခဲ့ကြခြင်း ဖြစ်တယ်။ ဒါပေမဲ့ မြန်မာပြည်အလယ်ပိုင်းကို ရောက်တော့ ပန်းဦးဆက်တဲ့ မိန်းကလေးကို ဘုန်းကြီးကျောင်းမှာ တစ်ပတ်တိတိ ထားပြီး ဆရာတော်ကနေ ကပ္ပိယအထိ အလှူခံကြပါလေတော့တယ်။

အနော်ရထာက စုက္ကတေးကို အငြိုးထားခြင်းမှာ စုက္ကတေးက အရည်းကြီးစိတ် ဝင်နေလို့ ဖြစ်တယ်။ သူ့မိခင်ကို ထိပါးတာကိုး။ မိခင်ကိုတောင် ဟိုစိတ်နဲ့ ကြည့်တဲ့ စုက္ကတေးရဲ့ စိတ်ဓာတ်ကို ခန့်မှန်းကြည့်ပေါ့။ မနုဟာမင်းက "အရိုင်းအစိုင်းတွေ"လို့ ပြောခဲ့မိမယ်ဆိုရင် လွန်မယ်မထင်ဘူး။ အနော်ရထာက ဒီအရည်းကြီးတွေကို ဖြိုဖို့ လွယ်မယ်ထင်သလား။ မလွယ်ပါဘူး။ ပြည်သူတို့ကိုယ်တိုင်က ဒီအရည်းကြီးဝါဒကို လက်ခံယုံကြည်နေကြတာ ဖြစ်တယ်။ မြန်မာမိန်းကလေးတွေကိုယ်တိုင်က လိုလိုလားလားနဲ့ ဒီအယူအဆကို လက်ခံလိုက်နာနေကြတာ ဖြစ်တယ်။ ဒါကြောင့် အနော်ရထာက ဒီအရည်းကြီးသာသနာကို ဖြိုဖျက်ဖို့ သူ့အသက်ကို ပေးလိုက်ရတယ်ဆိုတာကိုလည်း မမေ့ရဘူး။ သူက ကျွဲခတ်လို့ သေတယ်လို့ ရေးကြတယ်။ မိမိတို့က သမထီး အရည်းကြီးတပည့် ငကျွဲက လုပ်ကြံလိုက်တယ်လို့ပဲ မြင်တယ်။ ပထမဆုံး မြန်မာနိုင်ငံကို ထူထောင်ခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ဒီလောက်ကြီးကျယ်တဲ့ ဘုရင်ကို အရည်းကြီးတပည့်က သတ်လို့ သေသွားပါလေရော။ လက်ရှိနိုင်ငံလွတ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်း ရယူပေးခဲ့တယ်မလား။ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူက လုပ်ကြံခဲ့လဲ။ ဒါ ရှင်းပါတယ်။

ဒါပေမဲ့ အနော်ရထာမင်းစော နတ်ရွာစံခဲ့ပြီးတဲ့နောက်မှာ အရည်အချင်းရှိတဲ့ ကျန်းစစ်သားတို့ နေရာရခဲ့လို့ အမျိုး၊ ဘာသာ၊ သာသနာအတွက် ကံကောင်းခဲ့ပါရသေးတယ်။ လက်ရှိမြန်မာပြည်မှာ ဂဠုံဦးစောတို့လို မျက်ကန်းမျိုးချစ်သမားတွေက အခုထိ နေရာယူခဲ့လို့ ပြဿနာတွေ ထူပြောနေကြရတာ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အနော်ရထာလို နေရာရသင့်သလောက် မရဘူး။ ဒါကြောင့် ဒီသမိုင်းသင်ခန်းစာအရ လက်ရှိဘာသာရေးဝါဒဖြန့်မှုတွေဟာ လက်သင့်ခံစရာ မရှိဘူး။ စစ်တပ်ဟာ လက်နက်တစ်ခုထဲ အားကိုးပြီး ဒီတိုင်းပြည်ကို အုပ်ချုပ်ခဲ့ကြတယ်။ လက်နက်ကိုင်တပ် ဘယ်လောက်ပဲ ကြီးမားပါစေ အခြားဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနဲ့ နိုင်ငံရေးတို့ကို မျှတအောင် မထိန်းကျောင်းနိုင်ခဲ့ရင် ဒီတိုင်းပြည်ဟာ ချောက်ထဲကနေ တက်နိုင်မှာ မဟုတ်တော့ဘူး။ ချောက်ထဲ ရောက်နေတဲ့ မြန်မာပြည်ကိုတောင် ဘာသာရေးမီးရှို့ဖို့ မစဉ်းစားကြပါနဲ့။ ရဟန်းတွေရဲ့ စိတ်ဓာတ်ကို ကောင်းကောင်း မသိဘဲ ရဟန်းတွေနဲ့ အဆော့မသန်ကြပါနဲ့။ မြန်မာနိုင်ငံမှာ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် အလွန်မြင့်မားပြီး သာသနာတော်ကို အသက်ထက် ချစ်မြတ်နိုးတဲ့ ဆရာတော်ကြီးတွေ မနည်းသေးပါ။ ရှိကြပါသေးတယ်။ မြတ်ဗုဒ္ဓရဲ့ စစ်မှန်တဲ့ သာသနာတော်ဟာ အဆိုပါဆရာတော်များမှာ တည်ရှိပါတယ်။

သန်းရွှေ၊ သိန်းစိန်၊ မင်းအောင်လှိုင်၊ သူရရွှေမန်းတို့က မိမိတို့လိုပဲ မကြာခင်မှာ တမလွန်ဘဝကို ရောက်ကြရမဲ့ ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။ အခု မစွန့်လွှတ်ချင်တဲ့ အာဏာတွေဟာလည်းပဲ စွန့်လွှတ်ရသလို စုဆောင်းထားတဲ့ စည်းစိမ်ဥစ္စာရတနာတွေဟာလည်းပဲ တပြားတချပ်မှ ယူမသွားနိုင်ပါဘူး။ ဒါပေမဲ့ မိမိတို့ တမလွန်ဘဝရောက်တဲ့အချိန်မှာ ဒီမှာ ကျန်နေကြမဲ့ မြန်မာပြည်သူများနဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ စိတ်သောကကို မြင်အောင် ကြည့်ကြစမ်းပါ။ ဒီနိုင်ငံအပေါ်မှာ စေတနာကလေး နည်းနည်းလေး ထားမိရင်တောင် မလုပ်သင့်မလုပ်ထိုက်တဲ့ ကိစ္စကို လုပ်ဖို့ ဝန်လေးနေကြမှာ ဖြစ်တယ်။ အမျိုးဘာသာသာသနာကို ချစ်လွန်းလို့ မိမိတို့လည်း အစွန်းရောက်တဲ့ လုပ်ဆောင်ချက်တွေ ရှိခဲ့ဖူးတာပါပဲ။ ဒါပေမဲ့ အဲ့ဒါတွေက အလုပ်မဖြစ်ပါဘူး။ ဗုဒ္ဓသာသနာအတွက် ရေရှည်အကျိုး မရှိပါဘူး။ တိုင်းပြည်ကို စုစည်းနိုင်တဲ့ အတွေးအခေါ်တွေ၊ ဗုဒ္ဓသာသနာကို အမြင်ရှင်းစေတဲ့ အပြုအမူတွေကိုပဲ လုပ်စေချင်ပါတယ်။

ပုဂံသာသနာပြု-ရှင်အရဟံမထေရ်မြတ်အား ဦးထိပ်ထားလျက်
 
                                မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar