အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 23 oktober 2014

ကုသိုလ် ယူပါ သမ္မတကြီး ခင်ဗျား - မောင်သူရ

ကုသိုလ် ယူပါ သမ္မတကြီး ခင်ဗျား - မောင်သူရ

၂၀၀၉ခုနှစ်၏ နွေသည် ပူပြင်းလွန်းလှ၏။ မြန်မာပြည် မြောက်ပိုင်းမြို့တော် ဆိုသော်လည်း မြစ်ကြီးနားက မအေး။ ဆောင်းမှာလည်းပူ။ နွေမှာလည်း အိုက်။ အုပ်တိုက်သွပ်မိုးခန်းထဲမှာ လေအ၀င်အထွက် မရှိပြန်တော့ နေရခက်သော နွေလများလို့ ကင်ပွန်းတပ်ချင်သည်။ အကျဉ်းသား တစ်ယောက် အတွက် ရွေးစရာ မရှိ၊ ဒီနေရာမှာ မနေချင်လည်း နေရမည်သာ။ အပူဒဏ်ကို အံတုရုံမှတပါး အခြားမရှိချေ။

ဒီအပူတွေထက်ဆိုးသော အပူလှိုင်းက ရိုင်းစိုင်းစွာ ၀င်နှောက်လိုက်တော့၏။ ကျွန်တော့အမေ ဆုံးပြီ။ မေမေသည် သားသုံးယောက်ကို လူလားမြောက်အောင် မွေးထုတ်ပေးခဲ့သလို သားတွေ နိုင်ငံရေးလုပ်တော့ မငြီးငြူစတမ်း ထောင်ဝင်စာ အထုပ်ကိုထမ်းပြီး နောက်ကလိုက်ခဲ့သူ။ ပြီးတော့ ဘယ်သူလာခြောက်ခြောက် ဘယ်ရဲနဲ့ တွေ့တွေ့။ ဘယ်ထောက်လှမ်းရေးနဲ့တွေ့တွေ့ ဘိန်းစားပြီး ထောင်ထဲသွားတာ မဟုတ်တဲ့ သားတွေအတွက် ဂုဏ်ယူတယ်လို့ တဖွဖွပြောတတ်သူ။ ထောင်ဝင်စာ တွေ့သည့် အခန်းမှာ စကားပြောတာတွေကို မှတ်တမ်းလိုက်တင် နေသူတွေရဲ့ ရှေ့မှာပင် အစိုးရ အသုံးမကျတာတွေကို ရဲရဲရင့်ရင့် ပြောတတ်သူ။ ထောင်တာဝန်ရှိသူတွေက လာတားတော့လည်း မကျေနပ်ရင် သူ့ကိုပါ ထောင်ထဲ ထည့်လိုက်၊ သားတွေနဲ့အတူနေရတော့ ပိုကောင်းတယ်လို့ ပက်ကနဲ တုန့်ပြန်တတ်သူ။ ခုတော့ဖြင့် မေမေဆုံးပြီ။ သားသုံးယောက်ထဲမှာ ကျွန်တော့ကို အချစ်ဆုံး။ အားအထားဆုံး။ ကျွန်တော်ကလည်း မိဘစကား နားမထောင်ဆုံး။ မေမေက ကျွန်တော့ကို ဆရာဝန် ဖြစ်စေချင်သည်။ ကျွန်တော်က ဆရာဝန် ဘွဲ့လက်မှတ်ကို မေမေ့လက်ထဲ ထည့်ပေးပြီး လူပြက်အလုပ်ကို ရွေးချယ်ခဲ့၏။ ကျွန်တော့အကိုကြီး ၁၉၇၇ခုနှစ်မှာ ထောင်ကျတော့ မေမေနဲ့ကျွန်တော် အင်းစိန်ထောင်ကို တစ်ပတ် တစ်ခါ သွားရသည်။ ခုလိုတံတားကြီး မထိုးရသေးတော့ အင်းစိန် ဘူတာရှေ့က နံပါတ်ရှစ် ကားဂိတ်ဆုံးမှာ ဆင်းပြီး တွဲဘက်ထောင် အရောက် လမ်းလျှောက်သွားရသည်။ ပူလိုက်သည့်နေ။ မေမေက သူ့လက်စွဲတော် ရှန်တဘက် နီနီလေးကို ခေါင်းပေါ်ဆောင်းရင်း အမှတ်တရ ပြောပြသည်။ ကျွန်တော့အကိုကြီးကို မမွေးခင် ကိုယ်ဝန်ရှိစက မေမေအိပ်မက် မက်ဖူးသည်။ အိပ်မက်ထဲမှာ မေမေက ခြင်ထောင်ထဲ ငုတ်တုပ်ထိုင်ပြီး ထီးဆောင်းနေရသည်တဲ့။ ဗေဒင်ယုံသော ဖေဖေက ဗေဒင်ဆရာတွေကို လိုက်မေးတော့ မွေးလာမည့် သားရတနာကား လွန်စွာ ဘုန်းတန်ခိုးကြီးသဖြင့် သူ့ဘုန်းရှိန် ကံရှိန်ကို မိဘတို့ပင်လျင် မခံနိုင်ဟု ဟောပြောခဲ့ကြ၏။ ကျွန်တော့ အကိုကြီး၏ ဘုန်းက မည်မျှကြီးမည်မသိ။ ခုတော့ မေမေ့မှာ ကိုကိုကြီး၏ ဘုန်းရှိန်ကံရှိန်ကြောင့် နေပူကျဲကျဲမှာ ရှန်တဘက် ဆောင်းပြီး ကုန်းကြောင်း လျှောက်နေရပြီဟု မေမေက ရယ်စရာပြောသည်။ ဒီလို အရယ်ဓာတ်ခံ ရှိလို့လည်း မေမေသည် လောကဓံကို ခံနိုင်ပုံပေါက်၏။ ခုတော့ သားတွေကို ထောင်ဝင်စာ လိုက်တွေ့ပြီး အစိုးရကို အာခံသော သားတိုင်းအတွက် ဂုဏ်ယူခဲ့သည့် မေမေ ကွယ်လွန်ချေပြီ။ သို့သော် မေမေ့ရုပ်အလောင်းကို ကျွန်တော် တွေ့ခွင့်မရ မြင်ခွင့်မရ။ မိခင်၏ နောက်ဆုံး ခရီးကိုလည်း ပို့ခွင့်မရ။ ယုတ်စွအဆုံး မေမေ့ ရုပ်ကလာပ်ကို မှတ်တမ်းတင်ထားသည့် ဓါတ်ပုံကိုပင်လျင် ထောင်ထဲသွင်းခွင့် မပေးခဲ့သဖြင့် ကျွန်တော်မမြင်ခဲ့ရ။ ပသို့ဆိုစေ သားကိုချစ်သော အမေ့ကို၊ အမေ ချစ်သော သားခမျာ ကန်တော့ခွင့်လေးမှ မရခဲ့။

ကျွန်တော်က အနာတပြပြ လုပ်တတ်သူမဟုတ်။ ၁၉၈၈၊ ၁၉၉၀။ ၂၀၀၇။ ၂၀၀၈။ ထောင်ထဲ လေးကြိမ် ရောက်ခဲ့သည်။ ရောက်တိုင်းလည်း ပြသနာမျိုးစုံ တွေ့ကြုံရသည်။ ၁၉၈၈ နှင့် ၁၉၉၀ တုန်းက တပ်မတော် ထောက်လှမ်းရေး လက်ထက်၊ ၂၀၀၇ နှင့် ၂၀၀၈ ကတော့ သတင်းတပ်ဖွဲ့ လက်ထက်။ အတိုချုပ်ရလျှင် ညစ်တာချင်းကတော့ တစ်မျိုးစီ။ ဘယ်ဟာကမှ မကောင်းခဲ့။ ဒါ့ကြောင့်လဲ ခွင့်လွှတ်သည် မေ့လို့မရ ကျွန်တော် ပြောလေ့ရှိခဲ့၏။ မျက်လုံးတစ်စုံ အတွက် မျက်လုံးအစား တောင်းသောစိတ် ကျွန်တော့မှာ စိုးစဉ်းငယ်မျှမရှိ။ တစ်ချို့ကတော့ တောင်းပန်မှ ခွင့်လွှတ်မည်ဆို၏။ သူ့အယူအဆနှင့် သူဖြစ်သည်။

ကျွန်တော့ မိတ်ဆွေတစ်ဦး ဖြစ်သော ကိုသက်ဇော် (ခေါ်) ဇော်သက်ထွေး၏ ဖြစ်ရပ်ကလည်း စိတ်နှလုံး ထိခိုက်စရာ။ တောင်ငူထောင် ရောက်နေသော ဇော်သက်ထွေးကို သူ့အဖေက ထောင်ဝင်စာ လာတွေ့၏။ ရာသီအေးလျှင် အာသီးယောင်တတ်သော သားအတွက် သူ့အဖေက မာဖလာ၊ အနွေးထည်၊ ရှူဆေးနှင့် ပင်နီဆလင် စားဆေးတွေပေးတော့ ကိုသက်ဇော်က အဖေ ကျန်းမာရေး ဂရုစိုက်ဦးလို့ ပြောတော့ ငါက နောက်ဆယ်နှစ်အထိ မသေနိုင်သေးဘူးဟု ပြောခဲ့သေးသည်။ သို့သော် ထောင်ဝင်စာတွေ့ပြီး တစ်လအကြာ ကိုသက်ဇော်ရဲ့ အဖေ ဦးကိုလေး ကွယ်လွန်သွားခဲ့၏။ ထောက်လှမ်းရေးက တားမြစ်ထားသဖြင့် ကိုသက်ဇော်ခမျာ သူ့အဖေသေဆုံး သွားတာကို မသိခဲ့။ ထောင်ဝင်စာ မလာနိုင်သော အဖေကို ဒီလောက်တောင်မှ ဘာအလုပ်တွေ အရေးကြီးနေရတာလဲဟု တဗျစ်တောက်တောက် ပြောရင်း ဒေါပွခဲ့ရရှာသည်။ သူ့အမေနှင့် ညီမတွေကတော့ ကျိတ်ငိုခဲ့ရသည့် ရက်ပေါင်းများစွာ။ ကိုသက်ဇော် မင်းဘူး ပြန်ရောက်တော့မှ သူ့အဖေ ဆုံးတာကို သိရရှာတော့၏။ သူ့မှာငိုဖို့တောင် အင်အား မရှိခဲ့တော့ချေ။ အဖေ့အပေါ် အထင်လွဲခဲ့သမျှ ဖြေဆည်မရရှာ။

သုံးရောင်ခြယ် အဖွဲ့က ကျွန်တော့ညီငယ်လို ဖြစ်နေသော မြတ်စံကလည်း ဒီအတိုင်းပင်။ မြစ်ကြီးနား ထောင်သို့ သူ့အိမ်က လာမတွေ့နိုင်။ ကျန်းမာရေး မကောင်းသော အမေ့ကို သူ့ညီမ အပျိုကြီးက အလုပ်တစ်ဖက်နှင့် ပြုစုနေရရှာသည်။ သူ့အဖေ အိပ်ယာထဲလဲတော့ သူမသိ၊ သူ့အဖေမှာ ကင်ဆာရောဂါ စွဲကပ်နေပြီ ဆိုတော့ ညီမဖြစ်သူက ထောင်ထဲမှ သူ့အစ်ကိုဆီ အကြောင်းမကြားရက်။ မြတ်စံကတော့ အဖေချစ်သားပီပီ နှစ်ပတ်တစ်ခါ သူ့အဖေဆီ စာရေးရှာသည်။ ညီမလုပ်သူက အစ်ကို စိတ်ချမ်းသာအောင် သူ့ အဖေက ပေးခိုင်းတာဆိုပြီး တီရှပ်ကလေး၊ မာဖလာလေး ပို့ပေးရှာသည်။ ပြီးတော့ အဖေ့လက်နာ နေသည်ဆိုပြီး အဖေက ပါးစပ်က ပြောတာကို ညီမက လက်ကရေးသည့်စာ မြတ်စံဆီ အရောက်ပို့ပေးသည်။ ကျွန်တော် မှတ်မိနေသေး၏။ သားမောင်မြတ်စံ အဖေ ပြောပြောလေ့ရှိတဲ့ အသက်ကို ဥာဏ်စောင့်ဆိုတာကိုတော့ ဘယ်တော့မှ မမေ့နဲ့ နော်တဲ့။ သူ့အဖေက ထိုသို့မှာသည်။ သူ့အဖေစာကို အသံထွက် ဖတ်ပြရင်း၊ မြတ်စံမှာ မျက်ရည် အ၀ဲသား။ ထိုအချိန်မှာပဲ သူ့အဖေကတော့ ကွယ်လွန်သွားခဲ့ချေပြီ။ သို့သော် သူမသိ၊ ကျွန် တော်တို့လဲ မသိ။

ဘိုကလေးက သီဟသက်ဇင်၏ အဖြစ်ကတော့ ပိုကြေကွဲစရာ။ ထောင်ထဲ ရောက်ပြီးလို့ ခြောက်လလောက် အကြာမှ သူ့အိမ်ကသူ အင်းစိန်ထောင် ရောက်နေတယ်လို့ သတင်းရသွားသည်။ ဟုတ်မဟုတ် သတင်းစုံစမ်းဖို့ သူ့မိန်းမက ရန်ကုန်ကို တက်လာသည်။ သူတို့၏ တစ်ဦးထဲသော သားလေးကို အဖိုးအဖွားဆီ ခဏအပ်ပြီး အင်းစိန်ထောင်သို့ ရောက်လာခဲ့ သော်လည်း ထောင်က ရဲကိုလွှဲ၊ ရဲက တပ်ကိုပြန်လွှဲနှင့် တိတိကျကျ ဘာသတင်းမှမရ။ ဒီအချိန်မှာပဲ နာဂစ် မုန်တိုင်းကြီးက တိုက်ချလိုက်တော့၏။ ဒီမုန်တိုင်းထဲမှာပင် သီဟသက်ဇင်၏ အဖေရော အမေရော၊ တစ်ဦးထဲသော သားကလေးပါ ကွယ်လွန်သွားခဲ့ရှာသည်။ ဒါတွေကို သီဟသက်ဇင်ခမျာ သိခွင့်မရခဲ့။ သူ့ကို မြစ်ကြီးနား ထောင်သို့ ပို့လိုက်ကြလေပြီ။

ဒီလို အဖြစ်မျိုးတွေ ထောင်အုပ်ရိုးမှာ အများကြီးရှိသည်။ ကျွန်တော်ပင်လျှင် အဖေရော အမေပါ ကွယ်လွန်ခဲ့တာကို တွေ့ခွင့်မကြုံခဲ့ရ။ လူတစ်ယောက် အနေဖြင့် ခံစားချက် ရှိပါသည်။ နာကျည်းတတ်ပါသည်။ သို့သော် ကိုယ့်လိုသူများတွေကို မဖြစ်စေချင်ပါ။ မကြုံစေချင်ပါ။ ဖြစ်နိုင်လျှင် ဒီလို ဇာတ်လမ်းမျိုးတွေ နားမထောင်ချင် မကြားချင်တော့ပါ။

ဒါ့ကြောင့် သမ္မတကြီးကို မေတ္တာရပ်ခံပါသည်။ မိဖနဲ့ သားသမီးတို့ကို ပြန်တွေ့ပေးလိုက်ပါ။ နှောင်းသွားမှ ဆိုတာမျိုးဖြင့် သမ္မတကြီး နောင်တရသွားတာမျိုး မကြုံစေချင်ပါ။ တကယ်တမ်းဆိုလျင် ကျွန်တော်က တပ်မတော် ထောက်လှမ်းရေးတွေ အတွက် သမ္မတကြီးကို မဲဆွယ် တရားဟော နေရတာကိုက သဘာဝမကျလှပါ။ သို့သော် လူသားချင်း ငဲ့ညှာသော စိတ်ဖြင့် တင်ပြနေခြင်း သက်သက်ပါ။ ထိုက်သင့်သော ပြစ်ဒဏ်များဖြင့် လုံလောက်နေပါပြီ။ သူတို့မိဖတွေပင်လျှင် အိပ်ယာထက် လဲနေကြရှာပါပြီ။ ၂၀၁၅မှာ သမ္မတ ပြန်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ၊ မိသားစုတွေ ပြန်ဆုံတွေ့ခွင့် ပေးလိုက်သည့် ကုသိုလ်သည်ကား အမြတ်ဆုံးကုသိုလ် ဖြစ်ပါလိမ့်မည်။

(ပူးတွဲပါ ဓါတ်ပုံကတော့ ကိုနေစိုး ၏ဖခင်ကြီးဖြစ်ပါသည်။သမ္မတကြီး ကောင်းကောင်း သိလိမ့်မည်ဟု ကျွန်တော်ယုံ ကြည်ပါသည်။)

မောင်သူရ
Tomorrow news journal

           မြူနှင်း(အေးရိပ်ငြိမ်)

            

Inga kommentarer:

Skicka en kommentar