အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 1 oktober 2014

သမ္မတလောင်းအဖြစ် ဦးခင်အောင်မြင့် သတင်းထွက်ပေါ်

သမ္မတလောင်းအဖြစ် ဦးခင်အောင်မြင့် သတင်းထွက်ပေါ်

Myanmartandawsint Newspaper

တပ်မတော် အစိုးရလက်ထက် ယဉ်ကျေးမှုဝန်ကြီး (ကာကွယ်ရေး ၀န်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့်
စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး) တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ခင်အောင်မြင့်

သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမရှိ ရွှေပလ္လင်ကြီး

၂၀၁၅ သမ္မတလောင်းအဖြစ် ဦးခင်အောင်မြင့် သတင်းထွက်ပေါ် သမ္မတ အလုပ်သည် ၀ဋ်ခံရခြင်းသာ ဖြစ်ကြောင်း၊ သမ္မတ၏နောက်ခံ ရွှေပလ္လင်ကြီး ကိုမူ မိမိစီရင်ပေးခဲ့ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောကြား

အဲဒါ (ရွှေပလ္လင်ကြီး)က ယဉ်ကျေးမှုက လုပ်တာပဲ . . . သံတမန်ခန်းမမှာ အဲဒါတွေ ထားပြီးတော့ အဲဒီမှာပဲ သွားတွေ့တာ။ ယဉ်ကျေးမှုက နေပြီးတော့ အရပ်ဘက်ကို ငှားရတာပေါ့။ ငှားပြီးတော့ အဘပဲ သွားတိုင်းထွာ ပေးရတာ။ ၀န်ကြီးအနေနဲ့။ ဒါပါပဲ . . .

ရန်ကုန်၊ စက်တင်ဘာ ၂၃

နေပြည်တော်ရှိ ကျင်းပလျက်ရှိသော လွှတ်တော် အစည်းအဝေးများအတွင်း ၂၀၁၅ တွင် သမ္မတလောင်း အဖြစ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဖြစ်လာနိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့ထံမှ သိရှိရသည်။ သမ္မတ အလုပ် သည် ၀ဋ်ခံရခြင်းဖြစ်ကြောင်း၊ ယခုသမ္မတ ဦးသိန်းစိန် သမ္မတအိမ်တော်တွင် သံတမန်ခန်းမ နောက်ခံ ရွှေ ပလ္လင်ကြီးမှာ တပ်မတော်အစိုးရ ယဉ်ကျေးမှုဝန်ကြီး တာဝန်ယူစဉ်က ကိုယ်တိုင် ပြုလုပ် ပေးခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်အစိုးရ လက်ထက် ယဉ်ကျေးမှုဝန်ကြီး၊ ယခု အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့်သို့ စက်တင်ဘာ ပထမပတ် အတွင်း တွေ့ ဆုံစဉ် ပြောကြား ခဲ့သည်။

၂၀၁၅ တွင် သမ္မတလောင်းအဖြစ် အာဏာရပါတီမှ ထွက်ပေါ်လာနိုင်ဖွယ်ရာ ရှိသူမှာ ကြံ့ခိုင်ရေးပါတီကို တည်ထောင်ခဲ့သူ ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ယနေ့တိုင် အဆက်မပြတ် ထိတွေ့သြ၀ါဒ ခံယူလျက် ရှိသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအတွင်းရေးမှူး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အချို့ကလည်း အဆိုပါ သမ္မတလောင်းအဖြစ် အမည်စာရင်း ထွက်ပေါ် လာနိုင်သည့် သတင်းကို ဦးခင်အောင်မြင့်ထံသို့ သွားရောက် ပြောကြားခြင်းများ ရှိကြောင်းလည်း အမျိုးသားလွှတ်တော်ရုံးမှ တစ်ဆင့် သိရှိရသည်။ ထိုကဲ့သို့ သမ္မတလောင်း အဖြစ် သတင်းထွက်ပေါ် လာသည့်အပေါ် ဦးခင်အောင်မြင့်အား မေးမြန်းခဲ့ရာ ““ဒီလိုခေတ်မျိုး သမ္မတ ဘာလို့ လုပ်ရမလဲ။ သမ္မတ လုပ်ရင် ငရဲကျမှာပေါ့။ သူများတွေ ပြောသလို သမ္မတလုပ်မယ်တို့။ လုပ်ချင်တဲ့ စိတ်ရှိရင် စည်းဝိုင်းထဲ ၀င်မယ်။ တချို့ကိစ္စတွေ အဘ သတင်းတောင် မထည့်ဘူး။ သမ္မတ လုပ်ချင်တဲ့ စည်းဝိုင်းပေါ့။ လုပ်ချင်တဲ့ လူတွေချကြပေါ့။ ပြိုင်မှာကိုး။ ပြိုင်တဲ့ ကြိုးဝိုင်းပေါ့။ ဇာတာကံပေါ့နော်။ အတိတ်ဘ၀ရဲ့ ကံပေါ့။ ဒါက ကိုယ်လည်း ကြိုမမြင်တဲ့ ကိစ္စပေါ့။ ကိုယ့်ရဲ့ဆန္ဒ အမှန်က အရင်းခံနဲ့ပြောတာ။ ဟန်ဆောင်ပြီး ပြောတာ မဟုတ်ဘူး။ ဘယ်လိုမှ ငြင်းလို့မရဘူး၊ ဖယ်လို့ မရဘူး ဆိုရင်တော့ ၀ဋ်ပဲ။ အုပ်ချုပ်ရေးအဖွဲ့ထဲ ရောက်သွားရုံပဲ။ ဒုသမ္မတပဲ ဖြစ်ဖြစ်၊ ၀န်ကြီးပဲဖြစ်ဖြစ်ပေါ့။ ၀ဋ်ပဲ။ ဒီအသက်အရွယ် ရောက်နေပြီပဲ။ ၇၀ လေ။ ၇၀ကို လောကုတ္တရာ အလုပ်တွေ မလုပ်နိုင်သေးဘူး။ ၀ဋ်ပဲ””ဟု ဦးခင်အောင်မြင့်က မြန်မာ သံတော်ဆင့်သို့ ပြောကြားခဲ့သည်။
ယခုခေတ်သည် ဒီမိုကရေစီစနစ်ဆိုသည်ကို နားလည်ကြရန်လိုကြောင်း၊ သမ္မတတစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ တစ်ဦးထက် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေဖြင့် အများပြည်သူအတွက် ပိုမိုတင်ပြ ဆောင်ရွက်ပေးနို င် ကြောင်းလည်း ဦးခင်အောင်မြင့် က ပြောကြားခဲ့ရာ ““လောဘတွေ၊ေ ဒါသတွေ၊ မောဟတွေ။ အခုဟာက ဒီမိုကရေစီ စနစ်အရ ရွေးကောက် ပွဲ နိုင်မှလေ။ ဗြိတိန်ကအဖွဲ့တွေပါလီမန် ဥက္ကဋ္ဌ တို့လာတယ်။ သူတို့မေးတယ်။ရွေး ကောက်ပွဲနိုင်ရင် ဘာလုပ်မလဲ။ လွှတ်တော် ကိုယ်စားလှယ် လုပ်မယ်။ ခင်ဗျားဥက္ကဋ္ဌ မလုပ်တော့ ဘူးလားတဲ့။ ဥက္ကဋ္ဌ ကျွန်တော်လုပ်ချင်တိုင်း လုပ်လို့မှ မရဘဲလို့။ ရွေးကောက် တင်မြှော က်ခြင်း ခံရရင် မလွှဲသာရင် လုပ်ရင်လုပ်မှာပေါ့။ လွှဲသာရင်တော့ လည်း လွှတ်တော် ကိုယ်စားလှယ်က ပိုကောင်းမယ် ထင်တယ်။ ဥက္ကဋ္ဌက ဘာမှလည်း ပြောလို့မရ ဆိုလို့မရ၊ အဆိုလည်း တင်လို့မရ ဆွေးနွေး လို့လည်း မရ ဘူးလေ။ သူက In Proper Order ဖြစ်အောင် ထိန်းရတော့မယ်။ ဥပဒေ နည်းဥပဒေနဲ့ ထိန်းရတော့မယ်။ သဘာနဲ့ ထိန်းရမယ်၊ ၀ါနဲ့ထိန်းရမယ်။ ကိုယ်က ပြောချင်တယ်။ မျိုချလိုက်ရတယ်။ ဒီလွှတ်တော်က ငါ့လွှတ်တော် မဟုတ်ဘူးဆိုတဲ့ စိတ်ကိုမွေးတယ်။ အဲဒါလည်း တချို့မှားတာရှိတယ်။ တချို့က ကိုယ့်ကိုယ်ကိုယ် ငါ့လွှတ်တော် လုပ်တာရှိတယ်။ ကော်မတီကို ဟိုဟာလုပ်လိုက်၊ ဒီဟာလုပ်လိုက်။ ငါလုံးဝ မပြောဘူး မေးကြည့် ပါလား ငါ့ကော်မတီတွေကို။ ကိုယ့်ဟာနဲ့ ကိုယ်လုပ်။ In Proper Order ဖြစ်အောင်ပဲ ထိန်းပေးတယ်””ဟု ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့်သို့ ရှင်းလင်း ပြောကြားခဲ့သည်။

သမ္မတအဖြစ် မလုပ်လိုသော်လည်း လက်ရှိသမ္မတ ဦးသိန်းစိန်၏ အိမ်တော် သံတမန်ဆောင်တွင် အများဝေဖန် သုံးသပ် နေကြေ သာ နောက်ခံ ရွှေပလ္လင်ကြီးနှင့် နေပြည်တော် လွှတ်တော် ဥက္ကဋ္ဌ၊ နာယက၊ အဆောင် အယောင်များကိုမူ မိမိစီရင် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။

““လွှတ်တော် အဆောင်အယောင်တွေ အဘပဲလုပ်တာပါ။ ကျိုင်းတို့ဘာတို့။ အဘက ယဉ်ကျေးမှု ၀န်ကြီးကိုး။ ကမန်းက တန်း လုပ်ရတာ။ ကပ်နေပြီ။ အဲဒါ (ရွှေပလ္လင်ကြီး)က ယဉ်ကျေးမှုက လုပ်တာပဲ။ ဒါပေမဲ့ အဲဒီဥစ္စာဒီမှာ ထားရမယ် ဆိုတာ အဘ လုပ်ခဲ့တာမဟုတ်ဘူး။ ဟိုတုန်းက ဓာတ်ပုံတွေ လည်း ရှိတယ်။ ဟိုးရှေးတုန်းကလည်း ရှိတယ်။ သမ္မတ အိမ်တော်ဆိုရင် သံတမန် ခန်းမမှာ အဲဒါတွေ ထားပြီးတော့ အဲဒီမှာပဲ သွားတွေ့တာ။ ယဉ်ကျေးမှု ကနေပြီးတော့ အရပ်ဘက်ကို ငှားရတာပေါ့။ ငှားပြီးတော့ အဘပဲသွား တိုင်းထွာပေးရတာ။ ၀န်ကြီး အနေနဲ့။ ဒါပါပဲ အမှန်ကတော့ ယဉ်ကျေးမှု ၀န်ကြီးမို့လို့ လုပ်ရတာပါ။ ဘာမှလည်း ရည်ရွယ်ချက်လည်း မရှိဘူး။ ရည်မှန်းချက်လည်း မရှိဘူး””ဟု ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

သမ္မတ နောက်ခံ ရွှေပလ္လင်ကြီးနှင့် ပတ်သက်၍ ဝေဖန်ရေးသားမှု များရှိခဲ့ပြီး ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ထွက်ရှိ ခဲ့သည့် ဆောင်းပါးရှင် အရမ်းသန်းညွန့်ဆိုသူ၏ ““ကြက်ဆူပင်အောက်က စောင့်နေမယ်နှင့် ပလ္လင်ကြီးရှိရင် ဘုရင်ကြီးရှိတယ် အပါအ၀င် ပြည်သူ့ဆန္ဒ ဆောင်းပါးပေါင်းချုပ်”” စာအုပ်မှာလည်း များစွာ ဂယက်ရိုက်ခဲ့သည်။

လွန်ခဲ့သော နှစ်ပိုင်းမှစ၍ ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတလောင်း ဖြစ်နိုင်သူများမှာ အတိုက်အခံဘက်မှ အင်အားကြီး ခေါင်းဆောင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၊ အာဏာရ ကြံ့ခိုင်ရေးပါတီမှ ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အစဉ်အလာအရ ဖြစ်နိုင်ဖွယ်ရာရှိသော ကြံ့ခိုင်ရေး ဗဟိုနာယက တစ်ဦး ဖြစ်ခဲ့သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အား နိုင်ငံရေး လေ့လာသူများနှင့် မီဒီယာများမှ သုံးသပ်ရေးသား ဖော်ပြခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး လူထုလှုပ်ရှားမှုများ မြင့်တက် လာချိန်တွင် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အပြန်အလှန် မတူညီသော အယူအဆများ ပြောကြားခဲ့ကြရာမှ ကြံ့ခိုင်ရေး ထိပ်ပိုင်း ခေါင်းဆောင် အချို့အတွင်း သမ္မတလောင်း မည်သူမည်ဝါ ဆိုသည်ကို တိကျစွာ မပြောနိုင်သေးကြောင်း ပြောဆိုမှုများလည်း ရှိလာခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့်လည်း တပ်မတော်ဘက်မှ ရပ်တည်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခိုင်အမာ ကာကွယ်မည် ဖြစ်ကြောင်း ပြောကြားလာခဲ့ရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့်လည်း အာဏာရပါတီသို့ ၀င်ရောက်၍ဖြစ်စေ၊ တပ်မတော်သား ကိုယ်စားလှယ်များမှ အဆိုပြု၍ဖြစ်စေ သမ္မတလောင်းအဖြစ် ဖြစ်ပေါ်လာနိုင်ဖွယ်ရာ အခြေအနေများ လျော့ပါး လာခဲ့ရာမှ ယခုကဲ့သို့ နိုင်ငံရေးဝါစဉ်ကြီးသူ တစ်ဦးဖြစ်ပြီး တပ်မတော်အစိုးရ လက်ထက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အနီးစပ်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သမ္မတလောင်း အမည်စာရင်း တင်လာနိုင်ကြောင်း သတင်းများ သုံးသပ် ပြောဆိုလာခဲ့ခြင်း ဖြစ်သည်။

ဥက္ကဋ္ဌ ဦးခင်အောင်မြင့် အနေဖြင့်လည်း ပြည်ထောင်စု လွှတ်တော် နာယက တာဝန်ထမ်းဆောင်စဉ် နှစ်နှစ်ခွဲ အတွင်းနှင့် လက်ရှိ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း အစိုးရအဖွဲ့၏ မလျော်ကန်သော လုပ်ဆောင်မှုများကို ပြင်းပြင်းထန်ထန် အတိအလင်း ဝေဖန်ပြောကြားခြင်း၊ အများပြည်သူ ကြိုက်နှစ်သက်သော အစိုးရ အဖွဲ့ဝင်များမှာ ဘတ်ဂျက်ငွေများကို မမှန်မကန် သုံးစွဲနေကြောင်း ပြောကြား ချက်များ ပြောကြားခဲ့သည့်အတွက် အစိုးရအဖွဲ့က ဆတ်ဆတ်ခါအောင် နာ၍ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ချက်ချင်း တုံ့ပြန်ပြောကြားမှုများပင် ရှိခဲ့သည်။

လတ်တလော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၌ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတလောင်းအဖြစ် ၀င်ရောက်နိုင်သည့် အခြေခံဥပဒေ ပုဒ်မများ ပြင်ဆင်ရန် အလားအလာ မှာလည်း နှောင့်နှေးလျက်ရှိပြီး အာဏာရ ကြံ့ခိုင်ရေးပါတီ အနေဖြင့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက် အခြေခံ ဥပဒေကို မပြင်ဆင်နိုင်ကြောင်း ပြောကြားလျက် ရှိသည်။

မြန်မာသံတော်ဆင့်သတင်းဌာန

Inga kommentarer:

Skicka en kommentar