အစပ်ချောင်းစားမိသည့် ကလေးငယ်များ ပါးစပ်နှင့် လျှာတို့တွင် အနာများဖြစ်

Myanmaalinn
မိတ္ထီလာမြို့တွင် ကျောင်းဈေးဆိုင်များနှင့် ကလေးသရေစာဈေးကွက်တွင် တရုတ်နိုင်ငံဘက်မှ ဝင်ရောက်နေသည့် တရုတ်စာရေးထားကာ အမှတ်တံဆိပ်အမျိုးမျိုးတပ်ထားသည့် ''အစပ်ချောင်း''များကို စားမိသည့် ကလေးတိုင်း၏ နှုတ်ခမ်းနှင့်လျှာတို့တွင် အနာများဖြစ်ပေါ်နေ၍ ဆေးကုသနေရကြောင်း သိရသည်။
အစပ်ချောင်း စားမိသည့် ကလေးများတွင် မျက်နှာပေါ်၌ အနီရောင် အဖုအပိမ့်နှင့် အကွက်များထလာခြင်း၊ နှုတ်ခမ်းများရောင်ရမ်းလာခြင်း၊ နှုတ်ခမ်းတွင် အနာများပေါ်လာခြင်း၊ လျှာတွင်အနာများဖြစ်ပေါ်လာခြင်း၊ စားသုံးမှုပမာဏများပါကလျှာပေါ်တွင် ပြည်တည်ခြင်းနှင့် ဝမ်းလျှောခြင်းများပါ ဖြစ်ပေါ်တတ်ကြောင်း၊ လွန်ခဲ့သည့် နှစ်လခန့်ကစတင်ကာ အစပ်ချောင်းနှင့် မတည့်သည့် ကလေးအရေအတွက်များလာကြောင်း ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာမြတ်မင်းက ပြောကြားသည်။
အစပ်ချောင်းစားမိသော ကလေးများတွင် တုပ်ကွေးရောဂါနှင့်အလားတူ ရောဂါလက္ခဏာအချို့နှင့် အစာအိမ်ရောင်ရမ်းခြင်းများတွေ့ရတတ်သည်။ တုပ်ကွေးရောဂါလက္ခဏာရှိ သော်လည်း အဖျားမရှိဟုသိရသည်။ အစပ်ချောင်း စားသုံးမှုကိုရပ်တန့်၍ ဆေးဝါးကုသမှုခံယူပါက နှစ်ရက်သုံးရက်အကြာတွင် ရောဂါလက္ခဏာများ သက်သာပျောက်ကင်းကြောင်း သိရသည်။
မိတ္ထီလာမြို့မဈေးကြီးအတွင်းရှိ ကလေးမုန့်ဖြန့်ဖြူးရေးဆိုင်ကြီးများ၊ ရပ်ကွက်ကျေးရွာတွင်းရှိ အိမ်ဆိုင်များ၊ ကျောင်းဈေးဆိုင်များတွင် အစပ်ချောင်းတစ်ထုပ်ကို ငွေကျပ် ၁ဝဝ ဖြင့် အလွယ်တကူရရှိနေသည်။ အစပ်ချောင်းကို ကလေးများသာမက လူကြီးများလည်း စားသုံးကြသည်။ တရုတ်နိုင်ငံမှ ဝင်လာသော ကလေးသရေစာအစပ်ချောင်းကို ကျန်းမာရေးနှင့် ညီမညီ စစ်ဆေးပေး ရန် ပြည်သူများက လိုလားနေကြသည်။
မြူနှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar