အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 31 maj 2014

သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး ဇွန်လအတွင်း စတင်ဆွေးနွေးမည်

သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး ဇွန်လအတွင်း စတင်ဆွေးနွေးမည်



The Voice Weekly

ရန်ကုန်၊ မေ ၂၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အတားအဆီး ဖြစ်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီတွင် ဇွန်လ ဒုတိယပတ်အတွင်း စတင်ဆွေးနွေးမည် ဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက The Voice သို့ ပြောကြားသည်။

ယင်းသို့ ဆွေးနွေးရာတွင် ပုဒ်မ ၅၉ (စ) နှင့် ပတ်သက်သော ပြည်သူများ၏ ဆန္ဒထုတ်ဖော်ချက်များ၊ အကြံပြုချက်များကိုပါ ထည့်သွင်းစဉ်းစားပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဦးတည် ပြင်ဆင်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ဒီပုဒ်မနဲ့ ပတ်သတ်ပြီး အရမ်းတင်းကျပ်လို့ မရသလို၊ ဖြေလျှော့လွန်းရင်လည်း နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်ပါတယ်” ဟု ၎င်းက ထောက်ပြ ပြောဆိုသည်။

အဆိုပါ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးကို ဆွေးနွေးသော်လည်း အခြေခံဥပဒေ ပြင်ဆင်ရေး အခန်းပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် စဉ်းစားခြင်း မပြုပါက အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ် မည်သို့မျှ အရာမထင်ကြောင်း NLD ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။
“အဓိကကျနေတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဖို့ အရေးကြီးပါတယ်” ဟု ၎င်းကဆိုသည်။

အခြေခံ ဥပဒေပါ ပြဌာန်းချက်များကို ပြင်ဆင်မည်ဟု လွှတ်တော်က စီစဉ်နေခြင်းသည် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးမည်ဟု အဓိပ္ပာယ် သက်ရောက်နေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေက ပြောကြားသည်။
“အလုပ် မဟုတ်တာကို ပြောနေကြတာ။ ဒီ ၄၃၆ကို ပြင်မယ်လို့ ဆုံးဖြတ်ပြီးလို့ အတွင်းက ပုဒ်မတွေပြင်ဖို့ ဆွေးနွေးတာပေါ့” ဟု ၎င်းကဆိုသည်။

ထို့အပြင် လွှတ်တော်အတွင်း အမတ်နေရာ အများဆုံး ရယူထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သမ္မတ အရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သို့သော်လည်း ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး အကြံပြုစာ တစ်သိန်းကျော်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီဝင်များက ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်သွင်းထားပြီး ပုဒ်မ ၅၆ (စ) နှင့် ပုဒ်မ ၄၃၆ မပြင်ဆင်ရေးအတွက် နေပြည်တော်ကောင်စီ နယ်မြေ အပါအဝင် မြန်မာနိုင်ငံ မြို့ကြီးအချို့တွင် မေလအတွင်း ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့သည်။

အဆိုပါ ဟောပြောမှု အချို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီ တည်ထောင်ခြင်းဆိုင်ရာ ဥပဒေပါ သတ်မှတ်ချက်များကို သတိထား ဟောပြောရန် ညွန်ကြားချက်တစ်စောင် ပေးပို့ခဲ့ပြီး ယင်းသို့ သတိပေးချက် ထုတ်ပြန်ရန် ရွေးကောက်ပွဲ ကော်မရှင်တွင် လုပ်ပိုင်ခွင့် မရှိကြောင်း NLD ပါတီက ပြန်လည် တုန့်ပြန်ခဲ့သည်။

နိုင်ငံတော်သမ္မတ အရည်အချင်း ကန့်သတ်ချက် အခန်း (၃) ပုဒ်မ ၅၉ (စ) တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော် လည်ကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားသား လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား မဖြစ်စေရဟု ပြဋ္ဌာန်းထားသည်။

Inga kommentarer:

Skicka en kommentar