ရန်ကုန်လေဆိပ်မှာအနမ်းပေး


Eleven Media Group
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် GMA လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး နေရာရွှေ့ပြောင်းစဉ် ရပ်နားထားသော MAI လေယာဉ်၏ အမြီးပိုင်းအား ၀င်တိုက်မိ
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Golden Myanmar Airlines (GMA) လေကြောင်းလိုင်းမှ လေယာဉ်တစ်စီးအား နေရာရွှေ့ပြောင်းစဉ် လေဆိပ်တွင် ရပ်နားထားသော MAI လေယာဉ်၏ အမြီးပိုင်းအား ၀င်တိုက်မိခဲ့ကြောင်း သတင်းရရှိပါသည်။
ဧပြီလ ၁၄ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၄၀ ခန့်က (GMA) လေကြောင်းလိုင်းမှ ရန်ကုန်-ဘန်ကောက်ခရီးစဉ် ထွက်ခွာမည့် Air bus A-320 လေယာဉ်အား နေရာရွှေ့ပြောင်းစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လေယာဉ်ရပ်နားရာ နေရာနံပါတ် ၈ အနီးတွင် ရပ်နားထားသော MAI လေကြောင်းလိုင်း၏ လေယာဉ်အမှတ် XY-AGR၊ Air bus A-319 လေယာဉ်၏ အမြီးပိုင်းအား (GMA)လေယာဉ်၏ ဦးခေါင်းပိုင်းမှ ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် GMA လေကြောင်းလိုင်း၏ ရန်ကုန်-ဘန်ကောက် ခရီးစဉ် ထွက်ခွာချိန် အနည်းငယ် နောက်ကျ ခဲ့ရသည်ဟု သိရသည်။ ယင်းလေယာဉ်နှစ်စီးတွင် ခရီးသည်များ ပါဝင်ခြင်းမရှိဘဲ လေယာဉ်များသာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
"လေယာဉ်ကို တွန်းတဲ့ယာဉ်နဲ့ တွန်းရွှေ့နေတုန်း လေယာဉ်ကိုဆွဲဖို့အတွက် Tow Bar ကို ဖြုတ်လိုက်တဲ့အချိန်မှာ လေယာဉ်က လိမ့်လာပြီး Parking မှာရပ်ထားတဲ့ MAI လေယာဉ်ကို ၀င်တိုက်မိတာပါ။ လက်ရှိမှာ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနဲ့ မြန်မာ့လေကြောင်းက တာဝန်ရှိသူတွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကိုဖွဲ့စည်းပြီး စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်" ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေမန်နေဂျာ ဦးဝင်းကိုက ပြောပြခဲ့သည်။
"ကျွန်မတို့ MAI လေကြောင်းလိုင်း အနေနဲ့ ဒီဖြစ်စဉ်ကြောင့် လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းတာမျိုး မရှိပါဘူး။ ခုဖြစ်စဉ်အတွက်တော့ သတ်မှတ်ထားပြီးဖြစ်တဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ဖြေရှင်းသွားမှာပါ" ဟု MAI လေကြောင်းလိုင်းမှ Marketing Manager ဒ်ါအေးမရသာက The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။
"လေယာဉ်မှာ ခုတဲ့တုံးပေါ့ ကားတွေ လိုပြောမယ်ဆိုရင် ဂျမ်းတုံးပေါ့။ လေယာဉ်မှာတော့ Chock လို့ခေါ်တယ်။ အဲ့ဒီ Chock မခုရသေးခင်မှာဆွဲတဲ့ Tow bar ကို ဖြုတ်လိုက်တော့ လေယာဉ်က လိမ့်လာပြီး Parking မှာရပ်ထားတဲ့ MAI လေယာဉ်ကို ၀င်တိုက်မိတာပါ။ GMA လေယာဉ်က ကုန်းဆင်းမှာဖြစ်နေတာကြောင့် လည်းပါတယ်။ လေယာဉ်ရဲ့ Parking break ကိုလည်း ဖမ်းရဲ့သားနဲ့ မမိတာကြောင့်လည်း ပါတယ်။ အဓိကတော့ Human error ကြောင့် ဖြစ်တာက ၇၀ ရာခိုင်နှုန်းလောက် ရှိပါတယ်" ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အဆိုပါ ဖြစ်စဉ်အား မျက်မြင်တွေ့ရှိခဲ့သူ အင်ဂျင်နီယာတစ်ဦးက ပြောပြခဲ့ပါသည်။


Inga kommentarer:
Skicka en kommentar