အရှင်ဝီရသူ ညာခဲ့မိလေသလား ”

Sithu Aung Myint
တရုတ်၊ ကုလား သမ္မတ ဖြစ်ဖို့ နေနေသာသာ ကပြားတွေတောင် အနားကပ်နိုင်တာ မဟုတ်ဘူး။ အဝေးကြီး။ တိုင်းရင်းသားတောင် ဟိုးနိုင်ငံခြားမှာ မွေးဖွားခဲ့တဲ့ မိဘတွေ၊ သူတို့က ဆင်းသက်တဲ့ တိုင်းရင်းသား ဆိုတာတောင် သမ္မတ ဖြစ်ခွင့်ရမှာ မဟုတ်ဘူး။ အဲဒါကို ဦးဝီရသူက ဘာကြောင့် အဲလို မမှန်မကန်တွေ လိုက်ပြီး ဟောပြောနေတာလဲဗျာ။ စိတ်မကောင်းစရာပဲ။
“ အရှင်ဝီရသူ ညာခဲ့မိလေသလား ”
အောင်ဘ၊ မောင်လှ ဆွေးနွေးခန်း (၅၈)
စည်သူအောင်မြင့်
မြန်မာပို့စ် ဂလိုဘယ်၊ မတ်- ၆၊ ၂၀၁၄။
မောင်လှ - ကျွန်တော် စဉ်းစားရခက်တာ တစ်ခုက အရှင်ဝီရသူ က ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်နေရသလဲ ဆိုတာပါ။ သူက အစ္စလာမ် ဘာသာ၊ အစ္စလာမ် ဘာသာဝင်တွေနဲ့ ပါတ်သက်ပြီး ဟောတာ၊ ပြောတာ တွေ ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်လို သွားဆက်စပ်သလဲ ကျွန်တော် နားကို မလည်နိုင်ဘူး။
အောင်ဘ - အရှင်ဝီရသူ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တယ်လို့ ခင်ဗျားကို ဘယ်သူပြောလဲ။
မောင်လှ - ဟောဗျာ။ မဟုတ်လို့လား။
အောင်ဘ - ဒီမှာ အရှင်ဝီရသူ ကိုယ်တိုင်ပြောထားတာ။ ပြည့်ပြည့်စုံစုံ သူပြောတဲ့အတိုင်း ပြောမှဖြစ်မှာ။ မဟုတ်ရင် ကိုယ့်အာဘော် ပါနေတယ် ဖြစ်မှာစိုးလို့။
မောင်လှ - ရပါတယ်။ ပြောပါ။
အောင်ဘ - အရှင်ဝီရသူက ခုလို အစချီပြီးပြောတယ်။ “အခြေခံဥပဒေပြင်ဆင်ရေး လှုပ်ရှားလာကတည်းက ၅၉(စ)ကို ဘယ်လိုပြင်ဆင်ကြမလဲဆိုတာ စောင့်ကြည့်လာခဲ့တာပါ။
၅၉(စ) နဲ့ ပတ်သက်တဲ့ မှတ်ချက်ကို ဦးပဉ္စင်းကပဲ အရင်ဦးဆုံး ပြည်သူတွေကို အသိပေးခဲ့တာပါ။ ၅၉(စ) ကို အပြည့်အဝထောက်ခံလို့ လုံးဝ အပြင်မခံနိုင်တဲ့သူတွေရှိသလို ၅၉(စ) ကို ပြင်ဆင်ပါမှ အမေစု သမ္မတဖြစ်ခွင့်ရမှာ၊ နိုင်ငံတိုးတက်မှာ၊ ဒီမိုကရေစီ စံမီပြည့်ဝမှာကို ယုံကြည်လို့ ပြင်ချင် ဖျက်ချင်သူတွေလည်း ရှိပါတယ်။ ” တဲ့။
မောင်လှ - ဟုတ်ပြီ။ ဆက်ပါဦး။
အောင်ဘ - နောက်ပြီး ဆက်ပြောထားတယ်။ “၅၉(စ) ကို ထောက်ခံနေသူတွေ၊ အပြင်မခံနိုင်သူတွေဟာ အစိုးရလူတွေ၊ ပြည်ခိုင်ဖြိုးသြဇာခံတွေ၊ ဒီမိုကရေစီမလိုလားသူတွေ လုံးဝ မဟုတ်ကြပါဘူး။ တိုင်းပြည်မျက်နှာ၊ သာသနာတော်မျက်နှာ၊ ပြည်သူ့မျက်မှာ တစ်ခုတည်းကိုသာ ကြည့်ကြတဲ့ မျိုးချစ် ပြည်သူတွေသာဖြစ်ပါတယ်။ အဲဒီအထဲမှာ ဒေါ်စုကို ချစ်သူတွေလည်း ပါပါတယ်။ သူတို့က အမေစုကို မလိုလားတာမဟုတ်ပါဘူး။ ဆင်ဖြူတော်မှီပြီး ကြံစုပ်ကြမည့်သူတွေကို မလိုလားတာပါ။ ဦးပဉ္စင်းလည်း အဲလိုပါပဲ။
အမေစုတစ်ယောက်တည်းအတွက်ဆို လက်ခံတယ်။ တရုတ် ကုလားတွေကို ဘယ်လိုကာထားမလဲ။ အဲလို ကာထားပေးမယ်ဆိုရင် အမေစုကို ခြွင်းချက်အဖြစ် လက်ခံပေးလို့ ရပါတယ်။” တဲ့။
မောင်လှ - နေဦး၊ နေဦး အဲဒါဆို ဦးဝီရသူ ပြောတာ၊ သူတို့က ပုဒ်မ ၅၉ (စ) ကို ဆက်ပြီး ရှိစေချင်တယ်ဆိုတာ တရုတ်တွေ ကုလားတွေ သမ္မတ ဖြစ်လာမှာ စိုးရိမ်လို့ပေါ့။ ဟုတ်လား။
အောင်ဘ - ဟုတ်တယ်လေ။ သူကိုယ်တိုင် ပြောထားတာပဲ။ သူ့ဖေ့ဘုတ် စာမျက်နှာမှာ အဲလို တင်ထားတာ ခင်ဗျား ကြည့်နိုင်သေးတယ်။
မောင်လှ - လက်ရှိ ဖွဲ့စည်းပုံထဲမှာ တရုတ်၊ ကုလားတွေ သမ္မတ ဖြစ်နိုင်လို့လားဗျာ။
အောင်ဘ - ဒီမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) နိုင်ငံတော် အကြီးအကဲ အခန်းမှာ နိုင်ငံတော် သမ္မတ ဒုသမ္မတ အရည်အချင်းသတ်မှတ်ချက်၊ ပုဒ်မ ၅၉ (ခ) မှာ “ မိမိနှင့် မိမိဇ။် မိဘ နှစ်ပါးလုံး နိုင်ငံတော်ဇ။် အာဏာ ပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်။” ဆိုပြီး အတိအလင်း ဖော်ပြထားတယ်။
မောင်လှ - အေးလေ။ အဲဒါ အလွန်ရှင်းနေတာပဲ။ တရုတ်၊ ကုလား သမ္မတ ဖြစ်ဖို့ နေနေသာသာ ကပြားတွေတောင် အနားကပ်နိုင်တာ မဟုတ်ဘူး။ အဝေးကြီး။ တိုင်းရင်းသားတောင် ဟိုးနိုင်ငံခြားမှာ မွေးဖွားခဲ့တဲ့ မိဘတွေ၊ သူတို့က ဆင်းသက်တဲ့ တိုင်းရင်းသား ဆိုတာတောင် သမ္မတ ဖြစ်ခွင့်ရမှာ မဟုတ်ဘူး။ အဲဒါကို ဦးဝီရသူက ဘာကြောင့် အဲလို မမှန်မကန်တွေ လိုက်ပြီး ဟောပြောနေတာလဲဗျာ။ စိတ်မကောင်းစရာပဲ။
အောင်ဘ - ပွင့်ပွင့်လင်းလင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်စေချင်လို့ဗျာ၊ အင်န်အယ်လ်ဒီ နဲ့ သူ့ကို ထောက်ခံတဲ့ ပြည်သူတွေက ရွေးချယ်သူ သမ္မတ မဖြစ်စေချင်လို့ပေါ့ဗျာ။ ဒါနဲ့ ပါတ်သက်ပြီး ဦးဝီရသူက မငြင်းပါဘူး။ ရှင်းရှင်းပဲ ပြောပါတယ်။ “ဦးပဉ္စင်းတစ်ဦးတည်းရဲ့ ဆန္ဒအရ အနာဂတ်သမ္မတဟာ ဦးသိန်းစိန်(သို့မဟုတ်) ဦးရွှေမန်းပဲ ဖြစ်သင့်တဲ့ အကြောင်း ရွေးချယ်ပြီးသားပါ။” ဆိုပြီး အတိအလင်း ပြောပါတယ်။
မောင်လှ - မဟုတ်ဘူးလေ၊ ဦးသိန်းစိန်၊ သူရဦးရွှေမန်း ကြိုက်လို့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်လို့ ရပါတယ်။ ဒါပေမယ့် ပုဒ်မ ၅၉ (စ) ကို ဖျက်လိုက်ရင် တရုတ်-ကုလား တွေ သမ္မတ ဖြစ်လာမယ် ဆိုပြီး မမှန်မကန်ပြော၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ လိုက် ဆက်စပ်ပြနေတာတွေကတော့ မကောင်းဘူးပေါ့ဗျာ။
အောင်ဘ - နောက်ထပ် ဆိုးတာ တစ်ခု တွေ့ထားသေးတယ်။
မောင်လှ - အောင်မလေး ရှိသေးလား။
အောင်ဘ - မတ်လ ၁၅ ရက်စွဲနဲ့ ထုတ်ဝေတဲ့ သာကီသွေးဂျာနယ် အတွဲ(၁) အမှတ် (၁၇) စာမျက်နှာ ၂၀ မှာ မောင်သွေးချွန်ရဲ့ “ ၀ိသာခါနဲ့ ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် အောင်ဆန်းမျိုးဆက် မျှော်လင့်ချက် ဘယ်ဆီမှာ ” ဆိုတဲ့ ဆောင်းပါး ဖော်ပြထားတယ်ဗျ။
မောင်လှ - ဘာတွေပါလို့လဲ။
အောင်ဘ - စာမျက်နှာ ၂၂ မှာ “ ဒေါ်အောင်ဆန်းစုကြည်ဟာ ခင်ပွန်းဖြစ်သူကိုလည်း ဗုဒ္ဓဘာသာဖြစ်လာအောင် မစည်းရုံးနိုင်ရုံမက သားနှစ်ယောက်ကိုလည်း လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မျိုးဆက်ဆိုတာ ဒေါ်စုဆီမှာ ၀မ်းနည်းဖွယ် အဆုံးသတ်သွားပါပြီ။” တဲ့။
မောင်လှ - ဟား ဆိုးလှချည်လား၊ ဒါက လိမ်လည်တာ အားလုံးသိနိုင်တာပဲ။ ဒေါ်အောင်ဆန်းစုကြည် ခင်ပွန်းဟာ ဗုဒ္ဓဘာသာဝင် လေ။ နောက် သားနှစ်ယောက် ကို သာသနာ့ ဘောင် ၀င်စေတာ မှတ်တမ်းအထောက်အထားတွေ ဒီလောက်များနေတာ။ ဒီလူတွေ ဘာကြောင့် အဲလို မမှန်မကန် လိုက်ဖော်ပြနေသလဲ မသိဘူးနော။
အောင်ဘ - ကျွန်တော် ပိုပြီး စိတ်မကောင်းတာက အဲဒီ သာကီသွေး ဂျာနယ်ဆိုတာ ဗုဒ္ဓဘာသာ အခြေခံ ဂျာနယ်ဗျ။ သီတဂူဆရာတော် ကိုတောင် သြ၀ါဒါ စရိယ ဆရာတော် စာရင်းမှာ ဖော်ပြထားတယ်။ နာယက ဆရာတော် တွေပါပေါင်းရင် ဆရာတော် သံဃာတော် (၈) ပါးတောင် ဂျာနယ်ရဲ့ သြ၀ါဒါစရိယ၊ နာယက တွေအဖြစ် ဖော်ပြထားတယ်။ အဲဒီ ဆရာတော်တွေရဲ့ နာမည် အကာအကွယ်တွေ သုံးပြီး ဂျာနယ်ထဲမှာ အဲလို မမှန်မကန် ဖော်ပြတာမျိုးကတော့ ဆိုးတာပေါ့။
မောင်လှ - ဒါပေါ့ဗျာ။ ဒါပေါ့။ ကျွန်တော်ကတော့ အတော် စိတ်ဓာတ်ကျသွားပြီ။
အောင်ဘ - ဟ စိတ်ဓာတ်ကျလို့ ဘယ်ဖြစ်မလဲ၊ ခင်ဗျားရော ကျွန်တော်ပါ ဗုဒ္ဓဘာသာ ဗမာ တွေလေဗျာ။ ကိုယ့်ဘာသာသာသနာကို နိုင်ငံရေးကိစ္စအတွက် မမှန်မကန် အသုံးချလာတာမျိုးကိုတော့ ဘယ်လက်ခံလို့ ဖြစ်မလဲဗျ။
မောင်လှ - အဲတော့ ခင်ဗျားက ဘာလုပ်နိုင်လို့လဲ။
အောင်ဘ - အခု လုပ်နေတာတွေလေဗျာ။ မကန်မကန်တာတွေကို ဖော်ထုတ်မယ်၊ ထောက်ပြမယ်၊ ဝေဖန်ပြောဆိုမယ်ပေါ့ဗျား။
စည်သူအောင်မြင့်။
Inga kommentarer:
Skicka en kommentar