မှော်ဘီလက်နက်တိုက်ဖောက်ထွင်း နှစ်ပတ်ကြာသည်အထိ တရားမမိသေး
ကြယ်စင်လင်း (မြစ်မခ)/မြန်မာခရိုနီကယ်
မှော်ဘီတင့်ကားတပ်အမှတ်(၅၀၁၀)အတွင်းမှ လက်နက်တိုက်ဖောက်တွင်းသည့် ကိစ္စရပ်အပေါ် တရားခံအား နှစ်ပတ်ကြာ သည်အထိ ဖမ်းဆီးမရသေးဘဲ အထူးတာဝန်ပေးထားသည့် အဖွဲ့များဖြင့် ယနေ့တိုင် စုံစမ်းဆဲသာဖြစ်ကြောင်း မှော်ဘီရဲစခန်းမှ စုံစမ်း သိရှိရသည်။
“စုံစမ်းဆဲဖြစ်ပါတယ်။ အထူးတာဝန်ပေးထားရတဲ့ အဖွဲ့တွေနဲ့ပဲ စုံစမ်းဖော်ထုတ်နေပါတယ်”ဟု မှော်ဘီရဲစခန်းမှ စခန်းမှူး ဒုရဲမှူးနိုင်နိုင်ငြိမ်းက ဖေဖော်ဝါရီ ၆ရက်နေ့က ဖြေကြားခဲ့သည်။
မှော်ဘီလက်နက်တိုက် ဖောက်တွင်းခံရခြင်းကို ဇန်န၀ါရီလ၂၂ရက်နေ့တွင် မှော်ဘီရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ ကာ မြန်မာ နိင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ပြည်နယ်နှင့် တိုင်းများရှိ ရဲတပ်ဖွဲ့ဝင်များကို အထူးစုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း ထို့ပြင် စစ်တပ်နှင့် ပူးပေါင်း၍လည်း ဖော်ထုတ်လျက်ရှိကြောင်း သိရှိရသည်။
“အခုထိ ဖမ်းမိသေးခြင်းမရှိသေးပါဘူး။ တစ်ခြားအဖွဲ့ပေါင်းစုံနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။ စခန်းမှူးက တော့ ဒီကိစ္စကို အထူး စုံစမ်းနေပါတယ်။ ဘယ်အဖွဲ့ ပူးပေါင်းတယ်ဆိုတာ စခန်းမှူးပဲသိမယ်” ဟု မှော်ဘီ ရဲစခန်းမှ တာဝန်ကျ ရဲတပ်သား တစ်ဦးက ပြောသည်။
မှော်ဘီတင့်ကားတပ်ရင်းသည် ရန်ကုန်ပြည်ကားလမ်းနံဘေးတွင် တည်ရှိပြီး လက်နက်တိုက်အတွင်းသို့ အတွင်းအပြင် သံတံခါးနှင့် သော့တို့ကို ကတ်တာဖြင့် ဖြတ်ပြီး လက်နက်စင်ပေါ်မှ အဝေးပစ်သေနတ်(၂)လက်နှင့် ကျည်ထည့်သည့် သေတ္တာအတွင်းမှ ကျည်ဆံ(၁၅၀၀)တောင့်၊ ကျည်ကတ်(၅)ကတ် ခိုးယူခံခဲ့ရခြင်းဖြစ်သည်။
“ဒီလိုဖောက်တွင်းခံရတာ အရမ်းအန္တရယ်များပါတယ်။ လက်နက်တိုက်ကိုတောင် သေချာမစောင့်ရှောက်နိုင်ရင် ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်တယ်ဆိုတာ ဘယ်လိုယုံကြည်ရမှာလဲ။ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ အများကြီး သက်ဆိုင်နေတဲ့အတွက် အချိန်မဆွဲဘဲ လက်နက်တွေကို အမြန်ဆုံးပြန်ရှာသင့်တယ်”ဟု စမ်းချောင်းသူတစ်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဖောက်တွင်းခဲ့သူအား ၁၉၄၆ ခုနှစ်(အရေးပေါ် ပြစ်ဒဏ်စီရင်မှု) (ယာယီ) လက်နက်အက် ဥပဒေပုဒ်မ-၂(၁)(က)ဖြင့် မှော်ဘီမြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။
Inga kommentarer:
Skicka en kommentar