အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 10 februari 2014

တက္ကသိုလ်ဆရာ/ဆရာမများအသင်းသဘောထား ကြေညာ ချက်ထုတ်ပြန်

တက္ကသိုလ်ဆရာ/ဆရာမများအသင်းသဘောထား ကြေညာ ချက်ထုတ်ပြန်


တက္ကသိုလ်ဆရာ/ဆရာမများအသင်း
++++++++++++++++++++++
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊မန္တလေးတက္ကသိုလ်များ(မဟာအောင်မြေမြို့နယ်)၊ ရတနာပုံတက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်
======================================
ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာန၊ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဒေါ်ကျင်ဌေးအား
မယူမနေရ ပင်စင်ပေးခဲ့ခြင်းအပေါ် သဘောထား ကြေညာ ချက်ထုတ်ပြန်ခြင်း

၁၃၇၅ ခုနှစ်၊တပို့တွဲလဆန်း(၁၀) ရက်နေ့ (တနင်္ဂနွေနေ့)၊ ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့

၁။ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာန၊ ပါမောက္ခ/ဌာနမှူး၊ ဒေါက်တာဒေါ်ကျင်ဌေးသည် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး (ဒေါက်တာမြအေး)မှ လက်မှတ်ရေးထိုးခဲ့သော အမိန့်ကြော်ငြာစာ (၁ ပညာ ၂(ဃ) ၂၀၁၃ (၄၁၈၀)၊ ၂၀၁၃ ခုနှစ်၊ မတ်လ (၂၉) ရက်) ဖြင့် မယူမနေရပင်စင် ပေခြင်းခံခဲ့ရကြောင်းကို ကာယကံရှင် ဒေါက်တာဒေါ်ကျင်ဌေးမှ သက်သေခံ အထောက်အထားများနှင့်တကွ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် တက္ကသိုလ်ဆရာ/ဆရာမအသင်းများသို့ တင်ပြ ခဲ့ပါသည်။

၂။ အထက်ပါကိစ္စနှင့် ပတ်သက်၍ တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ အစည်းအဝေးတစ်ရပ်ကျင်းပပြီး ဒေါက်တာဒေါ်ကျင်ဌေး၏ တင်ပြချက်အပေါ် ဆွေးနွေး သုံးသပ်ခဲ့ရာတွင် ဒေါက်တာဒေါ်ကျင်ဌေးသည် နည်းပြဘဝ မှ ပါမောက္ခ/ဌာနမှူး ဘဝအထိ နိုင်ငံတာဝန်များကို ထမ်းဆောင်ရာ ကာလတစ်လျောက်လုံးတွင် မည်သည့် အကြောင်းပြချက်နှင့်မျှ ဌာနဆိုင်ရာ စစ်ဆေးခံခဲ့ရခြင်း မရှိကြောင်း သုံးသပ်တွေ့ရှိ ခဲ့ရပါသည်။

၃။ ၂၀၁၃ ခုနှစ်၊ ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် မှ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး (ဒေါက်တာမြအေး) အား ပါမောက္ခ/ဌာနမှူး ဒေါက်တာဒေါ်ကျင်ဌေးအား မယူမနေရအငြိမ်းစား ပေးခံခဲ့ရခြင်းနှင့် ပတ်သက်၍ ကြယ်ပွင့်မပြ မေးခွန်းအဖြစ် မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး၏ ပြန်လည်ဖြေကြားချက်တွင် ဌာနဆိုင်ရာစစ်ဆေးမှု ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ကြောင်း ပေါ်လွင်လျက်ရှိ နေသည်ကို တွေ့ရှိရပါသည်။

၎။ ထို့ပြင် ပြည်ထောင်စုဝန်ကြီး (ဒေါက်တာမြအေး)၏
ပြန်လည်ဖြေကြားချက်များသည် ခိုင်မာသည့် သက်သေ အထောက်အထားများ အပေါ်တွင် အခြေခံခဲ့ခြင်းမရှိဘဲ လူတစ်ဦး၏ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းအရာများအပေါ်တွင် အခြေခံခဲ့ပြီး၊ သမ္မတဦးသိန်းစိန်၏ “ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် လိုက်ပါပြောင်းလဲနိုင်ခြင်း မရှိသူများကို လက်တွဲဖြုတ်ခဲ့ရန်” ဟူသော ညွှန်ကြားချက်ကို ပညာရေးဝန်ကြီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များသည် အခွင့်အရေးယူ ခုတုံးလုပ်ကာ လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြုလုပ်ပြီး ဝန်ထမ်းတစ်ဦးအား ဥပဒေအရ ဖြေရှင်းခွင့် အခွင့်အရေး မပေးဘဲ မူဟောင်း၊ စနစ်ဟောင်းများကို ဖက်တွယ်လျှက် သက်ဦးဆံပိုင်စနစ်ဆန်ဆန် ဆောင်ရွက်ခဲ့ကြောင်း တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ သုံးသပ်တွေ့ရှိရပါသည်။

၅။ ပါမောက္ခ ဒေါက်တာဒေါ်ကျင်ဌေးအား မယူမနေရ ပင်စင်ပေးခဲ့သည့် ပညာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများမူလအခွင့်အရေးနှင့်တာဝန်များ၊ ပုဒ်မ (၃၇၅)အရ ပြစ်မှုကျုးလွန် ကြောင်း စွပ်စွဲခံရသူ တစ်ဦးဦးသည် ဥပဒေနှင့်အညီ ချေပခွင့် ရှိစေရမည်ဟူသော ပြဌာန်းချက်ကို ကျော်လွန် ဆန့်ကျင်လျက် ရှိနေသည် ကိုသုံးသပ်တွေ့ရှိရသည်အတွက် တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ အထက်ဖေါ်ပြပါ ပညာရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါသည်။

၆။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမြသိန်းမှ “အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များနှင့်လုပ်ထုံးလုပ်နည်းများသည် အခြေခံဥပဒေကို မကျော်လွန်ဖို့ ဝန်ကြီးဌာနတွေမှာ တိုက်ရိုက်တာဝန်ရှိကြောင်း နှင့် မိခင်အခြေခံဥပဒေကိုကျော်လွန်လို့မရကြောင်း” အတိအလင်း ဖြေကြားသွားခဲ့သည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်နေလျက်ရှိသည့် အထက်ဖေါ်ပြပါ အမိန့်ကြော်ငြာစာအား တာဝန်ယူ ဖြေရှင်းချက်ပေးရန် တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ အလေးအနက်တောင်းဆိုလိုက်သည်။

၇။ ပါမောက္ခ ဒေါက်တာဒေါ်ကျင်ဌေး မှ အထက်ဖေါ်ပြပါဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် သို့ ၂၀၁၃ ခုနှစ်၊ တရားမ အထွေထွေ လျှောက်ထားမှုအမှတ် - ၂၉၀/၂၀၁၃ ဖြင့် အာဏာပေး စာချွန်တော် အမိန့်ထုတ်ဆင့် ပေးပါရန် လျှောက်ထားခြင်းအား ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ လက်ခံခဲ့ကြောင်း သတင်းမီဒီယာများမှ တဆင့် ကြားသိခဲ့ရသည့်အတွက် တက္ကသိုလ် ဆရာ/ဆရာမအသင်းများမှ တရားရေးဏ္ဍိုင်၏ ရပ်တည်မှုကို လှိုက်လှဲစွာ ကြိုဆိုပါသည်။ ထို့ပြင် နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၏ မှတ်ကျောက်အဖြစ် စွက်ဖက်မှုကင်းသော လွတ်လပ်မျှတသည့် စီရင်ချက် ချမှတ်နိုင်ရေးကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်လိမ့်မည်ဟုယုံကြည်မျှော်လင့်ပါသည်။

၈။ သို့ဖြစ်ပါ၍ ပါမောက္ခဒေါက်တာဒေါ်ကျင်ဌေး၏ ဖြစ်စဉ်သည် ကာယကံရှင်တစ်ဦးတည်း၏ အရေးကိစ္စ သက်သက်မဟုတ်ဘဲ နိုင်ငံဝန်ထမ်း ထုတစ်ရပ်လုံး၏ ဘဝလုံခြုံရေးကို ဥပဒေမဲ့ခြိမ်းခြောက်လာသည့် ကိစ္စတစ်ရပ်အနေဖြင့် သုံးသပ်ရပါသောကြောင့် ပညာရေးဝန်ကြီးဌာန နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် အပါအဝင် သက်ဆိုင်ရာ အစိုးရဌာန အသီးသီးမှ အထက်ဖေါ်ပြပါ ပညာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအား ပယ်ဖျက်ပေးရန် (သို့မဟုတ်) မှန်ကန်မျှတသည့် ကုစားမှုပေးအပ်ရန် ဤသဘောထားကြေညာချက်ဖြင့် တက္ကသိုလ်ဆရာ/ ဆရာမအသင်းများမှ တစ်ညီတစ်ညွတ်တည်း တောင်းဆို ထုတ်ပြန် လိုက်ပါသည်။

University Teachers Association - Dagon University


Inga kommentarer:

Skicka en kommentar