အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 19 juli 2015

မြန်မာ့ အမျိုးသားခေါင်းဆောင်ကြီးကို အလေးပြုရမှာ ဝန်လေးသလောက်



ဆရာကြီး ဒေါက်တာ သန်းထွန်းပြောခဲ့တဲ့ စကား “သမိုင်းသင်တာ မ အ အောင်လို့” တဲ့။
မြန်မာနိုင်ငံမှာ အာဏာအရှိဆုံးလို့ ပြောနေကြတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်ကို သွားတော့ ဗိုလ်မိုးကြိုး လို့ မြန်မာနာမည် ခံထားတဲ့ ဗိုလ်မှူးကြီး ဆူဇူကီး ခဲဂျိရဲ့ အုတ်ဂူမှာ လွမ်းသူ့ပန်းခွေချ အလေးပြုတဲ့ သတင်း ဖတ်ရတယ်။ “မ အ အောင် သမိုင်းသင်ရမယ်” ဆိုတာ ဒီတော့မှ ပိုပြီး သဘောပေါက်မိတယ်။

ဗိုလ်မှူးကြီး ဆူဇူကီးကို မြန်မာ့တပ်မတော် ဖွဲ့စည်းထူထောင်ရာမှာ အဓိက အရေးပါတဲ့ ပုဂ္ဂိုလ်တဦးအဖြစ် အတော်များများ ထင်မှတ်နေကြပါတယ်။

ဗိုလ်မှူးကြီး ဆူဇူကီး ဘာတွေ လုပ်ခဲ့သလဲ။ ၁၉၄၁ ခုနှစ်တုန်းက ဗြိတိသျှ လက်အောက်ခံ မြန်မာနိုင်ငံကို မိနာမိ မာဆုယော ဆိုတဲ့ နာမည်တမျိုးနဲ့ လာပြီး လျှို့ဝှက် စစ်ရေး၊ ထောက်လှမ်းရေး တာဝန်တွေ လုပ်ဆောင်ခဲ့တယ်။ မျိုးချစ်စိတ်ရှိတဲ့ မြန်မာလူငယ်တွေ သတင်းကို ရယူစုဆောင်းပြီး အင်္ဂလိပ်ကို တော်လှန်ချင်တဲ့ ဒီလူငယ်တွေကို စည်းရုံးသိမ်းသွင်းဖို့ လုပ်ဆောင်ခဲ့တယ်။

အဲဒီအထဲက မြန်မာ လူငယ်ခေါင်းဆောင် သခင်အောင်ဆန်းကို စည်းရုံးလို့ သမိုင်းဝင်မယ့် ရဲဘော်သုံးကျိပ်ကို ဂျပန်ကို ခေါ်ယူပြီး စစ်ပညာ လေ့ကျင့် သင်ကြားပေးခဲ့တယ်။ ဗိုလ်မှူးကြီး ဆူဇူကီးရဲ့ မီနာမိကီကန် (南機関) အစီအစဉ်နဲ့ မြန်မာ့လွတ်လပ်ရေး တပ်မတော်ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းခဲ့တာမို့ ဗိုလ်မှူးကြီး ဆူဇူကီးဟာ မြန်မာ့တပ်မတော်ကို ပျိုးထောင်ခဲ့တဲ့ အဓိက ပုဂ္ဂိုလ်ကြီးလို့ ထင်မှတ်စရာပါ။

မီနာမိကီကန် (南機関) ဆိုတာ ဂျပန်ဘာသာနဲ့ဆိုရင် တောင်ပိုင်းအဖွဲ့လို့ အဓိပ္ပာယ်ရတယ်။ တကယ်တော့ ဗိုလ်မှူးကြီး ဆူဇူကီးရဲ့ နာမည်ဝှက် မီနာမီ မာဆုယောက မီနာမိကို ယူပြီး မီနာမိဦးဆောင်တဲ့ အဖွဲ့လို့ ခေါ်ဆိုတာ ဖြစ်တယ်။ ဒီအဖွဲ့ဟာ ဂျပန်ကြည်းတပ်နဲ့ ရေတပ်ရဲ့ ပူးတွဲ ထောက်လှမ်းရေး၊ လျှို့ဝှက်စစ်ဆင်ရေး ပဉ္စမံတပ်ဖွဲ့ပါဘဲ။

မီနာမိကီကန်က စစ်ပညာလေ့ကျင့်သင်ကြားပေးလိုက်တဲ့ မြန်မာခေါင်းဆောင် ရဲဘော်သုံးကျိပ်က ဗိုလ်နာမည်တွေ မှည့်ကြတော့ ဗိုလ်မှူးကြီး ဆူဇူကီးလည်း ဗိုလ်မိုးကြိုးဆိုတဲ့ မြန်မာဗိုလ်ဘွဲ့ ခံယူခဲ့တယ်။ (အဲဒီအချိန်တုန်းက လူသိများတဲ့ ထီးရိုးကို မိုးကြိုးပစ်မည် ဆိုတဲ့ တဘောင်အတိုင်း အတိတ်နိမိတ်ယူတာလို့ ဆိုပါတယ်။)

ဗိုလ်မှူးကြီး ဆူဇူကီး ဦးဆောင်တဲ့ မီနာမိ ကီကန်ရဲ့ အစီအစဉ်အတိုင်း ရဲဘော်သုံးကျိပ်နဲ့ ဘီအိုင်အေ မြန်မာ့လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့စည်းပြီး ဂျပန်စစ်တပ်က လက်နက်တပ်ဆင် ထောက်ပံ့ခဲ့တယ်။ တပ်ဦးက ဘီအိုင်အေကို တင်ပြီး ဂျပန်စစ်တပ်ဟာ မြန်မာနိုင်ငံကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဒါတွေဟာ အားလုံး သိပြီးသား သမိုင်းဖြစ်ရပ်တွေပါပဲ။

ဒီတော့၊ ဗိုလ်မှူးကြီး ဆူဇူကီးကို မြန်မာ့တပ်မတော် ထူထောင်ပေးတဲ့ ကျေးဇူးရှင်ကြီးအဖြစ် ထင်သူတွေ ထင်ကြတာပေါ့။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို စတင်ခဲ့တဲ့ နေဝင်းဆိုရင် ဗိုလ်မှူးကြီး ဆူဇူကီးနဲ့ မီနာမီကီကန် အဖွဲ့ဝင်တွေကို တခမ်းတနား ဂုဏ်ပြုခဲ့တယ်။ “အောင်ဆန်းတံခွန်” ဆိုတဲ့ နိုင်ငံတော်ဘွဲ့တမျိုးနဲ့တောင် ချီးမြှင့်ခဲ့ပါသေးတယ်။

အမှန်ကတော့၊ ဗိုလ်မှူးကြီး ဆူဇူကီးဟာ ကျရာတာဝန်ကို ထမ်းဆောင်ရတဲ့ စစ်အရာရှိ တယောက်သာ ဖြစ်တယ်။ သူ့ကို တာဝန်ပေးထားတဲ့အတိုင်း ကျေပြွန်အောင် လုပ်ဆောင်တာက လွဲပြီး မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထု ကောင်းကျိုးအတွက် ဘာတခုမှ အပိုမလုပ်ခဲ့ပါဘူး။

နောင်တချိန်၊ မြန်မာ့သမိုင်းမှာ အရေးပါ ထင်ရှားလာမယ့် လူငယ်ခေါင်းဆောင် ရဲဘော်သုံးကျိပ်ကို စစ်ပညာ သင်ကြားပေးရတာလည်း အထက်က အမိန့်အတိုင်း လုပ်တာပါ။ သူ့နေရာမှာ တခြား ဂျပန်ဗိုလ်မှူးကြီး တယောက်ယောက်ကို တာဝန်ပေးရင်လည်း ဒီအတိုင်းပဲ လုပ်ကြမှာပါပဲ။ ဗိုလ်မှူးကြီး ယာမာဒါ ဖြစ်ဖြစ်၊ ဗိုလ်မှူးကြီး မူရာယာမဖြစ်ဖြစ်၊ ဗိုလ်မှူးကြီး ဆိုက်တိုဖြစ်ဖြစ်၊ ဘယ်သူမဆို လုပ်ဆောင်ရမယ့် တာဝန်တွေ ဖြစ်ပါတယ်။ ဗိုလ်မှူးကြီး ဆူဇူကီးက စေတနာဗလဝနဲ့ မြန်မာ့အကျိုး လုပ်ဆောင်ပေးတာမဟုတ်ပါဘူး။ သူ့စစ်တပ်နဲ့ သူ့ဧကရာဇ်ရဲ့ သစ္စာကို စောင့်သိနာခံပြီး လုပ်ပေးခဲ့တဲ့ အလုပ်တာဝန်တွေသာ ဖြစ်ကြောင်း သဘောပေါက်စေလိုတယ်။

ဒါကြောင့်မို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ဂျပန်ကို တော်လှန်ဖို့ စီစဉ်တော့ ဗိုလ်မိုးကြိုးကို လုံးဝ အသိပေး တိုင်ပင်ခြင်း မရှိခဲ့ပါဘူး။ အသိပေးလိုက်ရင် ဗိုလ်မှူးကြီး ဆူဇူကီးက ဗိုလ်ချုပ်အောင်ဆန်းကို ကင်ပေတိုင်လက်ထဲ အပ်ပြီး ရေနွေးပူလောင်း၊ လက်သည်းခွံခွာခိုင်းမှာ မြေကြီးလက်ခတ်မလွဲဘူး။

ဆိုလိုချင်တာက ဗိုလ်မှူးကြီး ဆူဇူကီးဟာ သူ့တာဝန်ကိုသာ သူလုပ်တာ ဖြစ်ပြီး၊ မြန်မာ့အကျိုးအတွက် မဟုတ်ဖူးဆိုတာ ထောက်ပြချင်တာပါ။

ဒါဖြင့်ရင် မြန်မာ့တပ်မတော်ဖွဲ့ဖို့ ဘယ်သူက အဓိကလဲ။ သီချင်းကိုပဲ ပြန်နားထောင်ကြည့်ပါ။ မြန်မာ့တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်… တကယ်ပဲ အသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်… သူရဲကောင်းတဲ့… ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်… တဲ့၊ ကဲ ရှင်းပြီလား။

ဗိုလ်အောင်ဆန်းနဲ့ ရဲဘော် သုံးကျိပ်ဟာ ကိုယ်ကျိုးစီးပွားကို လုံးဝ မမျှော်ကိုးဘဲ တိုင်းပြည်ချစ်စိတ်သက်သက်နဲ့ ဘဝကို ရင်းပြီး လုပ်ဆောင်ခဲ့ကြသူတွေပါ။ သူများခိုင်းလို့ မဟုတ်ဖူး၊ သူများ တာဝန်ပေးလို့ လုပ်ရတာမဟုတ်ဖူ။ ကိုယ့်ခံယူချက်၊ ကိုယ့်ယုံကြည်ချက်နဲ့ တိုင်းပြည်အတွက် အသက်ပေးပြီး ဗမာ့တပ်မတော်ဖွဲ့ခဲ့တာ ဗိုလ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဆိုတာ ရှင်းပြီလား။

ခုတော့ ကြည့်ပါဦး။ တပ်မတော်ရဲ့ ဖခင်ရင်း ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂူဗိမာန်ကို အာဇာနည်နေ့မှာတောင် တခါမှ သွားပြီး အလေးမပြုတဲ့ မြန်မာ့ ကာကွယ်ရေးဦးစီးချုပ်ကြီးက ဂျပန်ပထွေးရဲ့ အုတ်ဂူကိုတော့ တကူးတကန့် သွားပြီး လွမ်းသူ့ပန်းခွေချ အလေးပြုလာခဲ့သတဲ့။

ရာဇဝင်ရိုင်းတယ်ဆိုတာ အဲဒါပဲ။


                                               မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar