အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 21 oktober 2014

ရှမ်းကမ်းမှာ မလန်းဆန်းသာတဲ့ ဟဝှာနိုင်ငံသား ကျွန်တော်တို့တစ်တွေ-(သရော်စာ) -ရီနေနိုင်

ရှမ်းကမ်းမှာ မလန်းဆန်းသာတဲ့ ဟဝှာနိုင်ငံသား ကျွန်တော်တို့တစ်တွေ-(သရော်စာ) -ရီနေနိုင်

လွန်ခဲ့တဲ့နှစ်အစိတ် သုံးဆယ်မကတဲ့ကာ လလောက်ကတည်းက ဟိုဘက်နိုင်ငံ ကို သွား အလုပ်လုပ်ဖို့ သွားကြတဲ့အခါ “ရနောင်း”ဘက်ကို ကူးမယ် ဆိုရင် ရှမ်းကမ်း ကို သွားမယ်လို့ ပြောခဲ့ကြတာမို့ “ရှမ်းကမ်း” ဆိုတာကို စာဖတ်သူ အများစု မစိမ်းဘူးလို့ ထင်မိတာပါပဲ။

ရှမ်းကမ်းမှာ ဘ၀တွေ အသက်တွေ ခွန် အားတွေနဲ့ရင်းပြီး မိသားစုကို လုပ်ကျွေး ဖို့ သွား ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေ ထဲမှာ ရှမ်းကမ်း မှာ ပင်ပန်းခံနိုင်ဖို့ အလုပ်ရှင် ကျွေးတဲ့ မြင်းဆေးစား ပြီး ဆေးစွဲလာသူတွေ၊ အလုပ်သွားရှာရင်း ဘ၀ပျက်ရုံမက သေမင်း တမန်ရောဂါစွဲပြီး အိမ်ပြန်မလှတဲ့ သမီးပျို လေးတွေ ... စသည်စသည်ဖြင့် ကိုရီးယား ကားတွေထက် ဇာတ်နာပြီး ကုလားကား တွေထက် ဇာတ်ကြောရှည်နေခဲ့တာဖြင့် ဆယ် စုနှစ် သုံးစုလောက်ဖြတ် ခဲ့ရပြီး ဇာတ်မသိမ်း တတ်နိုင်တဲ့ ဇာတ်လမ်းတွဲရှည်ကြီးပဲ မဟုတ် လားဗျာ။

ဒီကြေကွဲဇာတ်လမ်းရှည်တွေကို ၂၀၁၀ ခု မတိုင်ခင် နိုင်ငံတော်ကြီးကို သိမ်းပိုက် အုပ်ချုပ် မင်းလုပ်ခဲ့တဲ့ အစိုးရမင်းများက နာမည်ကြီး မင်းသား မင်းသမီး များနဲ့ ပေါ်လစီဇာတ်လမ်း တွေရိုက်ပြီး ရုပ်မြင်သံကြားကနေ ထုတ်လွှင့် ခဲ့ကြပါ သေးတယ်။ အဲဒီဇာတ်လမ်းမျိုးတွေ မှာ ပြည်ပသွား အလုပ် လုပ်သူများဟာ လောဘ ကြီးသူများ၊ အမျိုးမချစ်သူများ၊ “အိုမွန်းနီး ကိုကျော်လွှား အာဂျီးမားကိုလွမ်းသူများ” စသဖြင့် စွပ်စွဲလေ့ရှိသပေါ့။ တကယ်တော့ ရှမ်းကမ်း ကို သွား အလုပ်လုပ် ကြသူတွေထဲမှာ သူဌေးဖြစ်ချင်သူ၊ လောဘဇောနဲ့ သွား သူတွေ ပါကောင်းပါမှာပေမယ့် ကိုယ့်ရေကိုယ့်မြေမှာ ထမင်းဝခါးလှဖို့ မိဘ ဆေးကုဖို့ ညီညီမတွေ ကျောင်းကောင်းထားဖို့ စသည်များ အတွက် လောက်ငှတဲ့ ဝင်ငွေမရနိုင်တာမို့ သွားကြရ သူက များပါတယ်။

ဒီဇာတ်လမ်းမျိုးတွေ တီဗီ မှာလွှင့်ခဲ့တုန်းက ရှမ်းကမ်းမှာ နွမ်းပန်းဖြစ် သွား သူတွေ၊ ရှမ်းကမ်းမှာ ကြမ်းတမ်းဘ၀ထဲ ရောင်းစားခံရသူတွေအဖြစ် ဇာတ်သိမ်း မလှ တာတွေကိုကြည့်ရတိုင်း ကျွန်တော်က အတူ ကြည့်ပရိသတ်ကို ပြောမိ ခဲ့တာ တစ်ခွန်းရှိ တယ်။ “ဒီဇာတ်ကားမှာပြတာတွေက အမှန် တွေချည်းဖြစ် မှာပါပဲ၊ ဒါပေမဲ့ ဇာတ်ကားအ ပြီးမှာ စာတမ်းတစ်ခုပဲ ထိုးဖို့လိုတာဗျ၊ အဲဒါက “စနစ်ဆိုးခေတ်ဆိုးမှာအဖြစ်ဆိုးသမျှ စစ်အစိုးရတာဝန်”ဆိုတာပဲ” လို့ပါ။ (အရင် အစိုးရကိုပြောတာနော်။ အခု အရပ်တားအဆိုးရဂျီးကိုပြောတာဟုတ်ဖူးနော်)။

တကယ်တော့ အဲဒီတုန်းက ကျွန်တော် မချိတင်ကဲ အဲဒီလိုပြောမိခဲ့တာ ဟာ ဒေါသ နဲ့ဖြစ်ပေမယ့် ဘာမှမသိဘဲ ကျိုးကြောင်းမဲ့ မောဟနဲ့ပြော ခဲ့တာတော့ မဟုတ်ပါဘူး။ တကယ် တော့ ရှမ်းကမ်းဆိုပေမယ့် တရားဝင်တော့ ကျွန်တော်တို့က ထိုင်း လို့ ခေါ်လေ့ရှိပြီး အစိုးရကြီးများ စိတ်ကောက်ရင် “ယိုးဒယား” လို့ အခေါ်ခိုင်းတတ်တဲ့ အဲဒီ နိုင်ငံကြီးဟာ အင်္ဂလိပ်ကျွန် မြန်မာနဲ့ ပြင်သစ်ကျွန် အင်ဒိုချိုင်းနားဒေသတို့ အကြားမှာ ဘယ်သူ့ကျွန်မှ မဖြစ်ခဲ့ဖူးတာတောင် ကျွန်တော်တို့ လွတ်လပ်ရေးရစမှာ မယှဉ်သာအောင် အောက်ကျနောက်ကျ ရှိခဲ့တဲ့နိုင်ငံပါ။

၁၉၅၉ ခုနှစ် လောက်က ဖွင့်တဲ့ မင်္ဂလာဒုံလေဆိပ်ကြီးကို အရှေ့တောင် အာရှနဲ့ ကျန်ကမ္ဘာ့ဒေသများဆက်သွယ်ပေး ရာ အဓိကလေဆိပ်ကြီးအဖြစ် အားလုံးက အားကိုးခဲ့အားကျခဲ့ကြတာပါ။ အဲဒီတုန်းက နိုင်ငံတောင်မဖြစ်သေးတဲ့ စင်္ကာပူ က နိုင်ငံခြားသွားမယ်ဆို ရန်ကုန်လာလေယာဉ်စီးရတာဖြစ်ပြီး အနောက်တိုင်း ဝတ်စုံလည်း ခေတ်မီတဲ့ ရန်ကုန်မှာ ချုပ်မှ အဆင်ပြေတယ်ဆိုပဲ။

အဲဒီ ကာလက စစ်ဗိုလ်ချုပ်ကနေပဲ ဝန်ကြီးချုပ်ဖြစ်လာတဲ့ ထိုင်းခေါင်းဆောင် ကစ်တီကာချွန်က မြန်မာပြည်လာလည် (ကျွန်တော်တို့ တစ်တွေ ဒီနေ့ ဘန်ကောက်ရောက်ရင် ပါးစပ်အဟောင်းသားနဲ့ ဟိုငေးဒီငေးလုပ်သလို လုပ်ရှာ) ပြီး အပြန်မှာ "တို့တစ်တွေ မြန်မာကို မီဖို့တော့ နှစ်ငါးဆယ်လောက် ကုန်းရုန်းကြိုး စားရလိမ့်မယ်:လို့ ဘန်ကောက်လေဆိပ်မှာ ပြောခဲ့တယ်လို့ ဆို ပါတယ်။ အဲဒီတုန်းက နိုင်ငံတကာက မော့ကြည့်ခဲ့ရတဲ့ (လေယာဉ် ဆိုတော့ လည်း ငုံ့ကြည့်လို့တော့ မရဘူးလေ) ယူဘီအေ လေကြောင်း ဆိုတဲ့ မြန်မာ့လေ ကြောင်းဟာ လွတ်လပ်ရေးရပြီး ကိုးလအကြာမှာ စတင်မွေးဖွားပြီး နောက်နှစ်နှစ်အကြာမှာ နိုင်ငံတကာ ခရီးစဉ်တွေကို စပြေးဆွဲနေ ပါပြီ။ အစိုးရပိုင်လေကြောင်း ကိုတော့ ပြောမနေနဲ့။ စကြာ အဲလိုင်းတို့လို ပုဂ္ဂလိကလေကြောင်း ကုမ္ပဏီတွေလည်း အဲဒီအချိန်ကတည်းက စပေါ်ခဲ့ပါတယ်။ (အဲဒီတုန်းက ဟောလီးဝုဒ် မင်းသမီးဖြစ်ခဲ့တဲ့ ဒေါ်ဝင်းမင်းသန်း ဟာ လေယာဉ်မယ်ပဲလေ)။

ဒီနေ့ ၂၀၁၄ မှာ လေယာဉ် ဝန်ထမ်းဆားဗစ်စ် အကောင်းဆုံးဆုရတယ် ဆိုတဲ့ ထိုင်းအဲဝေးဟာ ၁၉၆၀ ကျမှ စကင်ဒီ နေဗီးယားအဲဝေးနဲ့ ဖက်စပ် လုပ်ပြီး ပေါ်ပေါက် ခဲ့ရရှာတာပါ။ အဲဒီကာလက မြန်မာပြည်က ဘားမားမိတ် ပစ္စည်းများ ထိုင်းကမက်မက် မောမောဝယ်တဲ့အထဲမှာ ဟံသာအေးနိုင် လွန်တို့၊ ကြက်ဆင်ဖဲထီးတို့၊ ခြင်္သေ့ဘီစကွတ်တို့၊ ဗန္ဓုလစောင်ပါတယ် လို့ ဆိုပါတယ်။

သက်ကြီးစကားသက်ငယ်ကြားကို ပြန် ပြောပြရရင် အဲဒီတုန်း က မြန်မာပြည် မှာ နိုင်ငံ ခြားငွေက သိပ်ပေါဆိုကိုး။ ဒါကြောင့် တချို့ ပစ္စည်းအသေးအဖွဲတွေကို သွင်းကုန်လိုင်စင် ယူစရာမလိုပဲ အလွယ်တင်သွင်းခွင့်ပြုတဲ့ အိုး ပင်းဂျယ်နရယ် လိုင်စင် (OPL) ဆိုတာ ရှိသတဲ့။ အဲဒီစနစ်နဲ့ ကိုးလ်ဂိတ်လိုသွားတိုက်ဆေးမျိုး လိုသလောက်ဝယ်ခွင့်ပြုတာမို့ နိုင်ငံခြား ငွေမရှိရှာလို့ နိုင်ငံခြားက တိုက်ရိုက် ဝယ်မသုံး နိုင်တဲ့ ထိုင်းကိုရောင်းစားဖို့ရာ ကိုးလ်ဂိတ် ကို မြန်မာ ကုန်သည်တွေ က OPL နဲ့သွင်းပြီး ထိုင်းကိုရောင်းစားခဲ့ကြတယ်လို့ ဆိုတယ်။ ကဲ၊ အခုတော့ ဝဋ်လည်ပုံများ ထိုင်းစာတန်းနဲ့ ကိုးလ်ဂိတ်တို့၊ ထိုင်းစာနဲ့ အိုဗာတင်းတို့ ကို မြန်မာတွေ တမက်တမော သုံးနေကြရရှာတာ ပါလား။

ကဲ၊ အရင်က ရွှေထီးဆောင်းခဲ့ရတာတွေ အသာထားပြီး ကိုယ့်ကိုကိုယ် ရွှေ လို့ တင်စားတတ်တဲ့ မြန်မာများ နိုင်ငံတကာမှာ မျက် နှာငယ်ပြီး လူတကာခြေနင်း ဖတ်၊ “ရွှေဖိနပ်” ဖြစ်ရတဲ့ ပစ္စုပ္ပန်အကြောင်း နည်းနည်း ပြော ပါရစေဦး။ အများ သိတဲ့အတိုင်း အခုနိုင်ငံတ ကာလေဆိပ်တို့၊ အကောက်ခွန်တို့၊ လ၀က တို့ မှာ မြန်မာပတ်စ်ပို့ဆိုရင် မျက်နှာ အလွန် ငယ်ရတဲ့ဘ၀ကနေ လွတ်ကို မလွတ်နိုင်သေးပဲ ဖြစ်နေပါတယ်။ မြန်မာဆိုရင် ရရာအလုပ် လုပ်ဖို့ ခိုးဝင်မဲ့ဟာ၊ ခိုးနေမယ့်အကောင်တွေ အကောင်မတွေလို့ မျက်လုံးဒေါက်ထောက် အကြည့် ခံနေရတာလေ။ ဒီထဲမှာ အထက်က ပြောခဲ့တဲ့ ရှမ်းကမ်းကတော့ မြန်မာတွေ အသွားဆုံးနဲ့ အများဆုံးရှိတဲ့နိုင်ငံမို့ အဆိုးဆုံး ထဲပါနေတယ်ဆိုရမှာပေါ့။

တရားဝင်သွားဖို့မလွယ်တော့ ခိုးပြီးသွား၊ တရားမဝင်နေ၊ မတရားသဖြင့် လုပ်ခ အနှိမ်ခံ ရ၊ သူများမလုပ်ချင်တဲ့ အလုပ်လုပ်ရ၊ သူများ မျက်နှာကြည့်နေရ၊ ဒီကြား ထဲ ကောင်းရောင်း ကောင်းဝယ် လာလုပ်တဲ့ မြန်မာမလေးတွေကို ဟိုဟာ လုပ်မလားလို့ အဆွယ်ခံရ၊ မြန်မာအ ထီးလေးတွေဆိုလည်း စက်လှေမှာ တစ်သက် လုံးသေသည်အထိ ကျွန်ခံဖို့ ရောင်းစားခံရနဲ့ ဖြစ်ချင် တိုင်းဖြစ်နေတော့ တာပါပဲ။ အဲဒီလိုဖြစ် တဲ့အထဲမှာ ပူပူနွေးနွေးသတင်းဖြစ်တဲ့ ဗြိတိန် စုံတွဲသတ်မှု နဲ့ အဖမ်းခံရပြီး နှိပ်စက်ခံရ၊ မတရားဖိအားပေးပြီး ဖြောင့် ချက် အယူခံရ တယ်ဆိုတဲ့ မြန်မာလူငယ်လေးနှစ်ဦးသတင်း ကတော့ အတော် စိတ်မကောင်းစရာပါ။

ဒီသတင်းကို အကြောင်းပြုပြီး စာရေးဆရာဇင်လင်း က မြန်မာတွေဆိုရင် ဒီလိုပဲ မတရား ဝယ်ပြီး တရားခံလုပ်ခိုင်းတာ၊ နှိပ်စက်ပြီး လူ စားထိုးတာ စသဖြင့် လုပ်နေ ကျဖြစ်တယ်၊ မြန်မာအစိုးရကလည်း ရှမ်းကမ်းရောက် မြန်မာတွေ အရေးကို ဘယ်တော့မှ လှည့်မကြည့် တာမို့ မြန်မာဆို လုပ်ချင်တိုင်း လုပ်ပစ် လိုက်ဆိုတာမျိုးဖြစ်နေတာကို ကြားရတာ အတော် စိတ်မချမ်းသာစရာပါပဲ။

ဒီလူငယ်ကလေးတွေဟာ တရားခံတွေ လို့ ဒေသခံများကလည်း မယုံ၊ ထိုင်း သတင်း မီဒီယာများကလည်း လက်မခံ၊ ထိုင်းမှုခင်းပညာရှင် ဆရာဝန်ကြီး ကလည်း ရှုတ်ချဝေဖန်၊ ဗြိတိန်အစိုးရကတောင် ပွင့်လင်းမြင်သာ မှန် ကန် အောင် လုပ်ပါလို့ ထိုင်းသံအမတ်ကိုခေါ် သတိပေးနဲ့ အားလုံးဝိုင်း ရပ်တည်ပေးကြသလို မြန်မာသမ္မတကြီးကလည်း ထိုင်းဝန်ကြီးချုပ် လာစဉ် မှာ တောင်းဆိုခဲ့ပြီး ဧည့်သည် တော်ကြီး ကလည်း မြန်မာတွေ ယုံကြည်မှု ရ အောင် လုပ်ပါမယ်လို့ကတိပေး၊ မြန်မာလွှတ် တော်ကြီး နှစ်ရပ်ကလည်း အရေးကြီး အဆို တွေဘာတွေ တင်သွင်းပြီး ထိုင်းကို သဝဏ် လွှာတွေဘာတွေ ပို့ဖို့လုပ်၊ အစိုးရကလည်း အထူးသံအဖွဲ့တွေ ရှေ့နေတွေနဲ့ စုံစမ်းမှုတွေ စီစဉ်။ တစ်ဖက်မှာလည်း ရဲတပ်ဖွဲ့က အပြစ် ပေးဖို့ တင်ပြတဲ့ အစီရင်ခံစာကို ထိုင်း တရား သူကြီးက ပယ်တယ်လို့ ကြားရပြန်တဲ့အပြင် မြန်မာ၊ ထိုင်းနဲ့ဗြိတိန် အစိုးရတွေချင်းလည်း တွေ့ဆုံဆွေးနွေးကြောင်း ကြားရ။ တစ်ခါ စွပ်စွဲခံ ရခိုင်လူငယ်လေးများရဲ့ မိဘတွေကို ရန်ကုန်အထိ စရိတ်ခံခေါ်သူခေါ်၊ ထိုင်းကို သွား ဖို့ စီစဉ်သူစီစဉ်၊ ထိုင်းရောက် ဆရာတော်တစ် ပါးကလည်း ဟိုမှာ တည်းခို ဖို့ ကမ်းလှမ်းလို ကမ်းလှမ်း စသည်အပြင် မတရားတဲ့ဒီအမှုကို ဗြိတိန်အစိုးရက လွတ်လပ်တဲ့ စုံစမ်းမှုလုပ်ပေးပါလို့ အင်တာနက်က လက်မှတ်ရေးထိုးလှုံ့ ဆော် တာ ကို ဂျပန်နိုင်ငံသား ခရစ်စတိုဖာ ဟန်ကင်းစ်က ဦးဆောင်လုပ်နေတယ် စတဲ့ အားတက်စရာသတင်းတွေလည်း ကြားရပါ တယ်။

အားပျက်စရာ သတင်းတွေ အနေနဲ့ကလည်း ထိုင်းဝန်ကြီးချုပ်က လူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက ကန့်ကွက်တာမရှိပါဘူးလို့ ပြောပြန်ရုံမက ထိုင်းရဲ က တရားခံ မဟုတ်ရင် ဖမ်းရဲပါ့မလားလို့လည်း ခပ်တုံးတုံး ဆိုလို ဆို၊ မြန်မာ လူငယ်နှစ်ယောက်က နှိပ်စက်ခံလို့ပေးခဲ့ရတယ်ဆိုတဲ့ ဝန်ခံချက်ကို ပြန် ရုပ်သိမ်းတယ်ဆိုပေမယ့် အဲဒါမဟုတ်ပါဘူးလို့ ထိုင်းရဲက ငြင်းလိုငြင်း ရုံမက ပြန်ရုပ်သိမ်း မသိမ်းသိမ်း သူတို့မှာ သက်သေအခိုင်အမာရှိ တယ်လို့ ခပ်တင်းတင်း ခပ်ရှင်းရှင်း ခေါင်းမာ လိုမာ စသဖြင့်ရှိနေပါသေးတယ်။

ဒီလိုပဲ တရားခံလို့ စွပ်စွဲခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့မိဘများ သူများအကူအညီနဲ့ ရန်ကုန်ရောက်လာတဲ့အခါ တည်းခိုရာ ဘုန်းကြီးကျောင်းမှာ ဧည့်စာရင်းဝင် စစ်ပြီး ဘယ်သူတွေစီစဉ်ပေးလို့ လာရတာလဲလို့ အာဏာပါဝါပြ စစ်မေးသူကမေး၊ မှုခင်းဖြစ် ရာ ခိုတောင်းကျွန်းဆိုတာလည်း မာဖီးယား ဂိုဏ်း တို့ ကြီးစိုးရာဖြစ်ပြီး ရဲကိုသူတို့က ဘောင်း ဘီအိတ်ထဲထည့်ထားတာ ဆိုတာတွေ လည်း ကြားရနဲ့ပေါ့ဗျာ။

ဒီသတင်းတွေ အကြားမှာ အဲဒီ ဗိုလ်ရှုပ်ကြီး ပရာယုချန်အိုချာ ဆိုတဲ့လူက ဘလောင်း ဘလဲ ပြောသံ၊ လူကြီး လူကောင်းမပီမသ လုပ်ပုံ တွေကို ကြားရမြင် ရတာကလည်း အတော်စိတ် မချမ်းသာစရာပါပဲ။ ဒီလူသတ်မှုဖြစ်ဖြစ် ချင်း ကိုယ်နိုင်ငံမှာ ဧည့်သည်စုံတွဲ မတရားကျင့် အသတ်ခံရတဲ့ ကိစ္စကို ခေါင်းဆောင် တစ်ယောက်အနေနဲ့ မဆင်မခြင်ဘဲ “ဘီကီနီ မလုံမလဲ ဝတ်ပြီး နေမှတော့ဖြစ် မှာပေါ့” လို့ အားမနာ လျှာမကျိုး ပြောလိုက်ဆိုပဲ။ နောက်မှ ဟဲဟဲ၊ အနော် က နောက်တာဆိုပြီး ပြန် တောင်းပန်ရတာပေါ့ဗျာ။ ဗြိတိန်လိုနိုင်ငံမျိုး တောင် အခုလိုပြောဖို့ဝ န်မလေးသူဟာ ကျွန် တော်တို့ နိုင်ငံသားတွေဆို ပိုပြီးစော်ကားပြော ဆိုဖို့ ဝန်မလေးဘူးဆိုတာ “တရားခံမဟုတ်ရင် ထိုင်းရဲက ဖမ်းရဲပါ့မလား” ဆိုတဲ့စကားနဲ့ မြင် သာပါတယ်။

ဒီလိုလူမျိုး အုပ်ချုပ်တဲ့တိုင်းပြည် မှာ သူတို့ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာနဲ့ယှဉ်ပြိုင်ပြီး အမှန်တရား ရှာဖွေဖို့ဟာက အတော်လေး ခက်လိမ့်မယ်ထင်ပါတယ်။ ဒီလူဟာ သမ္မတကြီးနဲ့တွေ့တုန်းကလည်း မြန်မာတွေက ယုံ ကြည်လက်ခံနိုင်စရာ ဖြစ်စေ မယ်လို့ အာမခံ ပြောခဲ့တာလည်း အမှန်ဖြစ်ပြီး တရားခံမဟုတ်ရင် ထိုင်းရဲက ဖမ်းပါ့မလားဆိုတာကတော့ ဒီစကားနဲ့ ဆန့်ကျင်ရုံမက လုပ်ထုံးလုပ်နည်းနဲ့ ဆန့်ကျင် လုပ်ကိုင်နေတဲ့ ထိုင်းရဲများနဲ့ ဆန့် ကျင်ပြီး အမှန်တရားရှာနေရတဲ့ ကျွန်တော် တို့ နိုင်ငံသားတွေကိုပါ စော်ကားရာရောက်နေပါတယ်။

ဒီအမှုအကြောင်းကြားတဲ့အခါမှာ ၁၉၉၁ ခုနှစ်က စင်ကာပူမှာဖြစ်တဲ့ လူသတ်မှု အတွက် ဖီလစ်ပိုင်အိမ်ဖော်တစ်ဦးကို သေဒဏ်ပေးတဲ့အတွက် ဖိလစ်ပိုင်နဲ့ စင်ကာပူ ထိပ်တိုက်တွေ့ခဲ့ တာကို ပြန်သတိရမိတယ်။ Flor Contemplacion လို့ခေါ်တဲ့ အသက် ၄၂ နှစ်အရွယ် အိမ်ဖော်အမျိုးသမီးဟာ အခြား ဖိလစ်ပိုင် အိမ်ဖော်တစ်ဦးနဲ့ သူထိန်းတဲ့ကလေးကို သတ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး Flor နဲ့ အတူနေသူကတော့ သူဟာ အပြစ်ကင်းပြီး ကလေးကို လည်းသတ်၊ အိမ်ဖော် ကိုလည်း သတ်တဲ့ ကလေး အဖေရဲ့ ချောက်ချခြင်းကို ခံရတယ် လို့ဆိုပါတယ်။

အဲဒီအမှုမှာ ဖီလစ်ပိုင်က တောင်းဆိုသမျှကို စင်ကာပူက ဘာမှမလိုက် လျောဘဲ ၁၉၉၅ မှာ ကြိုးပေးသတ်ပစ်လိုက်ပါတယ်။ ဗိုလ်ချုပ်ကနေပဲ သမ္မတဖြစ်လာတဲ့ ရာမို့စ် က ဆိုရင် ဒေါသဖြစ်ပြီး သံတမန်ဖြတ် တောက်မယ်လို့ ခြိမ်းခြောက်တာ၊ သံတမန် အဆင့်လျှော့ချတာတွေ လုပ်ခဲ့ပါတယ်။ စင်ကာပူကို ဆန့်ကျင်တဲ့ ဖိလစ်ပိုင်သားတို့ရဲ့ ဆန္ဒပြပွဲတွေလည်း နှစ်နိုင်ငံစလုံးမှာ ခြိမ့်ခြိမ့်သည်းဖြစ် ခဲ့ပေါ့။ ဒါပေမဲ့ ဖိလစ်ပိုင်သူကို မ ကယ်နိုင်ခဲ့ပါဘူး။ အင်း၊ အခုလည်း ဒီလို မဖြစ် အောင်တော့ ကျွန်တော်တို့ ဝိုင်းကြိုးစားရမှာ ပါပဲ။

အခုဖြစ်ခဲ့တဲ့အမှုမှာ ထိုင်းရဲတို့ညစ်တာ ဖြစ်နိုင်ပေမယ့် အညစ်ခံဘ၀ ကိုရောက် ၊ ဖြေရှင်းရခက်တဲ့ အနှိမ်ခံအဖြစ် ကို ကျရောက်တဲ့ မြန်မာလူငယ်တွေ အတွက် နောင်ကိုလည်း အလားတူဖြစ်ရပ်တွေ ထပ်ခါထပ်ခါဖြစ်နိုင် ပါ သေး တယ်။ နိုင်ငံတကာမှာ ခေါင်းမော့မနေနိုင်တောင် ခေါင်းငုံ့မနေရဖို့ ကျွန်တော် တို့ အားလုံး ဝိုင်းကြိုးစားဖို့ လိုနေသေးတာဖြစ်ပြီး လက်ရှိ အနေအထားမှာတော့ ကျွန်တော် တို့ တတွေဟာ ဟိုလူ့မျက်နှာချိုသွေးရ၊ ဒီလူ့မျက် နှာချိုသွေးရနဲ့ ဗိုလ်ချုပ်ပြောတဲ့ “ဟဝှာ”နိုင်ငံသားတွေ ဖြစ်နေပြီပဲလို့ တွေးနေမိကြောင်းပါဗျာ။

ရီနေနိုင်
မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar