အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

söndag 21 september 2014

တိုင်ကြားစာ ၅၃၃ စောင် လက်ခံရရှိပြီး သုံးစောင် ခန့် စုံစမ်းစစ်ဆေး အရေးယူ

တိုင်ကြားစာ ၅၃၃ စောင် လက်ခံရရှိပြီး သုံးစောင် ခန့် စုံစမ်းစစ်ဆေး အရေးယူ



အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် သက်တမ်းခြောက်လအတွင်း တိုင်ကြားစာ ၅၃၃ စောင် လက်ခံရရှိပြီး သုံးစောင် (၀ ဒသမ ၅ ရာခိုင်နှုန်း) ခန့် စုံစမ်းစစ်ဆေး အရေးယူပြီးဖြစ်ကြောင်း ထုတ်ပြန်
****************************************************************************
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် သက်တမ်းခြောက်လအတွင်း တိုင်ကြားစာ ၅၃၃ စောင် လက်ခံရရှိပြီး သတ်မှတ်ချက်များနှင့်ကိုက်ညီသော တိုင်ကြားစာသုံးစောင်ကို စုံစမ်းစစ်ဆေး တရားစွဲဆို အရေးယူခဲ့ပြီးဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စက်တင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အရ လက်ခံရရှိတိုင်စာ ၅၃၃ စောင်အနက် တိုင်စာသုံးစောင် (ရာခိုင်နှုန်းအားဖြင့် ၀ ဒသမ ၅ ရာခိုင်နှုန်း)ခန့်ကိုသာ စုံစမ်းစစ်ဆေး အရေးယူမှု လုပ်ဆောင်ထားနိုင်ကြောင်း တွေ့ရှိရသည်။

အဆိုပါ တိုင်ကြားစာ ၅၃၃ စောင်တွင် မြေယာကိစ္စ အစောင် ၁၇၀၊ တရားစီရင်ရေးကိစ္စ ၉၅ စောင်၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စ ၂၃၈ စောင်နှင့် အထွေထွေကိစ္စ အစောင် ၃၀ တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဂတိလိုက်စားမှု ကော်မရှင်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် အတည်ပြု ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်များ၏ လစာနှင့်ခံစားခွင့်များမှာ ပြည်သူ့ဘဏ္ဍာငွေများဖြင့် အသုံးပြု ဖွဲ့စည်းထားခြင်းဖြစ်သည်။

ကော်မရှင်၏ရုံးကို နေပြည်တော် ၀ဏသိဒ္ဓိရပ် အားကစားတည်းခိုရေးစခန်း (ယခု နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း) အုပ်စု ၁ တွင် ၂၀၁၄ ခုနှစ် မတ် ၁၀ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ အစိုးရအဖွဲ့အစည်းများအတွင်း အဂတိတရားနှင့် လာဘ်ပေးလာဘ်ယူမှုများ ကင်းရှင်းရန် ဒုတိယသမ္မတတစ်ဦး ဦးစီးသော လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီမှလည်းကောင်း၊ နိုင်ငံတော်သမ္မတထံ တိုင်ကြားသည့် ကိစ္စများကို နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးတစ်ဦးက ဦးစီး၍လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနမှလည်း ၎င်းထံတင်ပြလာသည့် တိုင်ကြားစာများကို စိစစ်၍လည်းကောင်း အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ယခုသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

သို့သော် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ဝေဖန်မှုများရှိနေပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေကလည်း ပြီးခဲ့သည့်ရက်ပိုင်းက အဆိုပါကော်မရှင်အား ဝေဖန်ပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက “အဂတိတိုက်ဖျက်ရေးအဖွဲ့အနေနဲ့ ဘယ်သူ့ကိုမှ မညှာတာဘဲ ဆောင်ရွက်သင့်တယ်။ ငါတို့ကို သမ္မတကြီး ခန့်ထားတာဆိုပြီး အားနာနေတာလားတော့ မသိဘူးပေါ့နော်။ အမှန်ကတော့ ဒီလိုဖွဲ့ပြီးရင်တော့ အားနာနေစရာ မလိုဘူး။ သေသေချာချာ ကိုင်တွယ်ရမယ်လေ။ သူတို့အလုပ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို သေချာလုပ်ရမယ်လေ။ ဒီအဖွဲ့ထဲမှာလည်း လက်သံပြောင်တဲ့သူတွေကိုရွေးပြီး ခန့်ထားသင့်တယ်။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။ လာ မင်းဟာစစ်မယ်။ အဲဒီနေရာကို ထမင်းချိုင့်နဲ့ သွားမယ်။ စစ်မယ် ဒါမျိုးတွေ လုပ်သင့်တာပေါ့” ဟု ပြောကြားသည်။

“တိုင်းဒေသကြီး ပြည်နယ်ဘတ်ဂျက် သုံးစွဲမှုတွေကို သေချာစစ်ဆေးနိုင်ရမယ်။ ဥပမာ MPC စစ်ကြည့်ပါဦး။ ကျွမ်းပြန်သွားမယ်။ ဘာပဲပြောပြော မြန်မာပြည်ထဲမှာလုပ်နေတဲ့ အဖွဲ့အစည်းတစ်ခု စစ်ကိုစစ်သင့်တယ်။ MPC သွားစစ်ရင် ကျွမ်းပြန်သွားမယ်။ ဘာတွေမှန်းကိုမသိဘူး။ မသိချင်ယောင် ဆောင်နေကြသလို ဖြစ်နေတယ်။ ဒါတွေက များနေပြီ။ ဘယ်စီမံကိန်းပဲဖြစ်ဖြစ် သူတို့အချင်းချင်းစစ်ရင် မပေါ်ဘူး။ ဆောက်လုပ်ရေးဆိုလည်း ဆောက်လုပ်ရေးက ပြန်စစ်ရင် မပေါ်ဘူး။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ဟာ အားကိုးလောက်တဲ့အဖွဲ့ ဖြစ်ဖို့လိုတယ်။ အခုထိတော့ သူတို့ရဲ့လှုပ်ရှားမှုက မမြင်ရသေးဘူး။ အလုပ်မလုပ်သေးဘူး ဖြစ်နေတယ်။ လုပ်ပိုင်ခွင့်မရှိတဲ့သဘော ဖြစ်နေတယ်” ဟု ဦးလှဆွေက ပြောကြားသည်။

ထို့ပြင် ကော်မရှင်၏ ထုတ်ပြန်ချက်၌ ကော်မရှင်အနေဖြင့် တိုင်ကြားစာများကို စိစစ်ရာတွင် အချို့မှာ အဓိကကျသော ခိုင်လုံသည့် အထောက်အထား၊ အရေးကြီးသော သက်သေခံချက်များ မပါရှိခြင်း၊ တိုင်ကြားသူ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ၊ ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်တို့ မပါရှိဘဲ ပစ်စာသဘောမျိုး ဖြစ်နေခြင်း၊ အချို့မှာ တရားရုံးတွင် အမှုစွဲဆိုဖြေရှင်းရမည့် ကိစ္စရပ်များဖြစ်နေခြင်း၊ အချို့မှာ ပုဂ္ဂိုလ်ရေး ငွေပေးငွေယူ ကိစ္စအပေါ် မကျေနပ်၍ တိုင်ကြားခြင်း၊ အချို့မှာ ဌာနဆိုင်ရာအရ အရေးယူပြီးဖြစ်သော်လည်း ထောင်ဒဏ်ချမှတ်သည့် ပြစ်ဒဏ်မျိုးဖြင့် အရေးယူခြင်းမရှိ၍ တိုင်ကြားခြင်း၊ အချို့မှာသက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများက ဖြေရှင်းဆောင်ရွက်ပေးရမည့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စများဖြစ်နေခြင်းများကို လေ့လာတွေ့ရှိရကြောင်း ဖော်ပြထားသည်။

သို့သော် ကော်မရှင်အနေဖြင့် တိုင်ကြားစာများအား အရေးယူဖြေရှင်းပေးနိုင်မှုအပေါ် ဝေဖန်မှုများ ရှိနေသည်။

ထို့ပြင် တိုင်ကြားသူများနှင့်ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၉ တွင် မည်သူမဆို ခိုင်လုံသော အကြောင်းမရှိဘဲ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက်စေရန် ရည်ရွယ်၍ ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်သည်ဟုသော် လည်းကောင်း၊ လာဘ်ပေးလာဘ်ယူမှုဖြင့် ကြွယ်ဝချမ်းသာလာသည်ဟုသော် လည်းကောင်း၊ မမှန်မကန် သတင်းပို့ခြင်း တိုင်တန်းခြင်း သို့မဟုတ် မမှန်မကန် သက်သေခံခြင်း၊ မမှန်မကန် သက်သေခံဖန်တီးခြင်းပြုကြောင်း သို့မဟုတ် တခြားသူတစ်ဦးဦးအား ထိုသို့ တစ်ခုခုပြုလုပ်စေရန် ခိုင်းစေခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
.
 EMG



Inga kommentarer:

Skicka en kommentar