အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 24 september 2014

မြို့လယ်ခေါင်နှင့် ဒီမိုကရေစီ

မြို့လယ်ခေါင်နှင့် ဒီမိုကရေစီ

ယခုလက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေမှာ တိုင်းပြည်အတွက် ယုံကြည်ကိုးစားရဆုံး လူထုခေါင်းဆောင်နှင့်တကွ ရှစ်လေးလုံး အရေးတော်ပုံမှ ကျောင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီ လိုလားကြသူများက အဖျက်အဆီး အနှောင့်အယှက်မျိုးစုံကြားက ၂၀၁၅-မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာအောင် တစိုက်မတ်မတ်လုပ်နေကြချိန်မှာ အချို့သော ပြည်သူများကလည်း မပြောင်းလဲသော စိတ်ဓာတ်၊ ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေနဲ့ ရန်ကုန်မြို့လယ်ခေါင်မှာနေတာကွဆိုတဲ့ ဂုဏ်ပုဒ်ကြီးတွေနဲ့မှမတန်၊ စည်းလွတ် ဘောင်လွတ် ထင်တိုင်းကြဲနေကြတာတွေကို အပြစ်တင်ဖို့ထက် မြင်ရ စိတ်မချမ်းမသာ၊ မရေးရမနေနိုင်အောင် ကရုဏာဒေါသောဖြင့် ပြုပြင်စေလိုတဲ့ စိတ်ရင်းအမှန်ဖြင့် ရေးသားပါသည်။
လူထုခေါင်းဆောင်နှင့်တကွ စာပေပညာရှင်များကလည်း လူငယ်တွေ စာဖတ်ကြဖို့ တိုက်တွန်းလိုက်ရတာလည်း အမော၊ လူထု ခေါင်းဆောင်ရဲ့ ရှစ်လေးလုံးကာလ အသက် ၄၃-နှစ်မှသည် ပြုပြင်ပြောင်းလဲဖို့ အခြေခံ အဓိကအချက်ဖြစ်တဲ့ စည်းကမ်းရှိပါ၊ ညီညွတ်ကြပါဆိုတဲ့ ပြောစကားသည် ယခုအသက် ၆၉-နှစ်သို့သာ ရောက်ခဲ့ပြီ။ အချို့ပြည်သူအများစု စိတ်ဓာတ်ကြံ့ခိုင်စွာနှင့် ဘာတစ်ခုမှ မပြုပြင်သေးပါ။ နိုင်ငံရေးဆိုတာ ဘာလဲလို့ ဒေါ်အောင်ဆန်းစုကြည် အကျယ်တ၀င့် ရှင်းပြထားပြီးသား။ ယခု ပြောလိုသည်နှင့် သက်ဆိုင်တာကိုသာ ပြောပါမည်။ နိုင်ငံရေးဆိုတာ ကိုယ်က မကြိုက်တဲ့အစိုးရကို ဆန့်ကျင်တာကို ဆိုလိုတာ မဟုတ်ပါ။ နိုင်ငံရေးဆိုတဲ့ ထီးအရွက်မိုးကြီးအောက်မှာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးရှုထောင့်မှ ထင်ဟပ်နေတဲ့ မြို့ပြ၊ ကျေးလက်ဆိုတာတွေ အသာထား ရန်ကုန်မြို့လယ်ခေါင် တိုက်ခန်းပေါ်မှ ပြည်သူများ၊ မြို့လယ်ခေါင် အမှီပြုပြီး စီးပွားလာရှာသော ဈေးသည်များ အင်မတန် အကျည်းတန်ပါသည်။

လိုချင်တာကအမြင့် နေထိုင်ပြုမူပုံများက နိမ့်ကျစွာနှင့်တော့ လူထုခေါင်းဆောင်လည်း ကယ်နိုင်မှာ မဟုတ်သလို အသက်ကိုစတေး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသော ထောင်ကျကျောင်းသား/သူ တွေလည်း အဆိပ်ပင်ကို ရေလောင်းမိသလိုသာ " ဆင်းရဲသားတစ်ယောက်ကို သူဌေးဆယ်ယောက် ကယ်လို့ မရဘူး " ဆိုတာ ဒီလိုဆင်းရဲတဲ့နိုင်ငံက စည်းမရှိ လူ့ကျင့်ဝတ်မသိသူတွေကို ပြောခြင်းပါ။

မြို့လယ်တိုက်ခန်းပေါ်မှာနေသော အိမ်ရှင် (သို့) အိမ်ငှားများ ဒီခေတ်မှာ ပညာပေးပြောဆိုမှုတွေကြားက လမ်းကြားသို့ အမှိုက်ပစ်ချခြင်းက လွန်လှပြီ။ အိမ်ရှေ့ လူသွားလမ်းပေါ်ကို အပေါ်ထပ်များမှ အမှိုက်ထုပ် ပစ်ချခြင်းမှာ တွေးလို့ပင် မရအောင် အဘယ်သို့သော သွန်သင်ဆုံးမမှု နည်းစနစ်မျိုးနှင့် ကြီးပြင်းခဲ့သနည်း။ ကွမ်းတံတွေးများ တိုက်ခန်းလှေကားနံရံတွေမှာ ထွေးခြင်း၊ လမ်းကြားကို အမှီပြုပြီး အဟောင်းမှန်သမျှ ၀ယ်တဲ့ဆိုင်က ရှိသမျှ အစုတ်အပြတ် လမ်းကြားထဲ သိုလှောင် ဖြန့်ကျက်ထားခြင်းက စက်မှုဇုန်အလား၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်ပူးပေါင်း စားသောက်ပြီး လုပ်ကိုင်ခွင့်ပေးထားသည်မှာ ကြွက်၊ ခြင်၊ ယင်၊ ပိုးဟပ်ပွားများရေး စီမံချက်အလား၊ မြန်မာနိုင်ငံမှ အုတ်ထရံများ သနားစရာ၊ အချို့သော အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားသားများ အုတ်ထရံ မြင်လို့မရပါ။ မြို့လယ်မှာ လူသူမရှောင် သေးပန်းခြင်းစရိုက်များ။

ပိုဆိုးသည်က အနာဂတ်မျိုးဆက်သစ်များကို မွေးဖွားပေးမည့် ပုခက်လွှဲသောလက်ပိုင်ရှင်များ၏ လစဉ်သုံး အတွင်းပစ္စည်း လူသွားလမ်းပေါ်မှာ အရဲသား။ မြို့လယ်ကို အမှီပြု အသက်မွေးဝမ်းကျောင်းတာကို နားလည်ခံစားပေးနိုင်သည်။ သို့သော် မရှိဆင်းရဲလို့ ကိုယ့်အကျိုးအတွက် ငွေရှာပြီး ပရမ်းပတာ ရှုပ်ပွသွားမှုများ၊ မနက်ရောင်းမည့် အီကြာကွေးကြော်တဲ့ ဒယ်အိုးလမ်းထိပ်ထောင့်မှာ ထောင်ထား၊ မနက်ရေဆေး မဆေး မသိ၊ ညဘက် ဘီယာဆိုင်အပြန် လူကြီးမင်းများ၊ ကြောင်၊ ခွေးများ သေးပန်းတာမြင်နေရ စားသုံးမှုများ၏ ကျန်းမာရေးကတော့ အကြော်ခံဆီနှင့် အပြင်းစား အက်ဆစ်ဓာတ်ပေါင်းပြီး သက်တမ်းရှည်မှာ မြင်ယောင်မိ၊ မြို့လယ်ခေါင်ရဲ့ အရှင်သခင် တစ်ပါး  စည်ပင်မှ သန့်ရှင်းရေး ၀န်ထမ်းတို့ရဲ့ လမ်းတွင်းကားရပ်နားဘက်ခြမ်း အမှိုက်လှည်းဖို့ လိုင်စင်မရလို့ဖြစ်တည်နေသော သမိုင်းဝင် ကျောက်ဖြစ် ရုပ်ကြွင်း၊ အမှိုက်များ၊ ကိုယ်ပိုင်တောင့်တင်းသော စီးပွားရေးလုပ်ငန်းတွေက ရှိပြီးသား။

သို့သော် ရပ်ကွက်နေ မိဘများကို မေတ္တာရှေ့ထားပြီး သကြားလိုချိုသော အသီးအနှံတွေကို ထိုက်တန်တဲ့ဈေးထက် လျှော့ရောင်းပေးဖို့ ကျေးဇူးရှင် တရုတ်မှ တင်သွင်းသော အော်လံကြီးနှင့် ရပ်ကွက်နေ သက်ကြီးရွယ်အို နာမကျန်းသူတွေကိုမှ အားမနာ အော်ဟစ်ရောင်းချနေသော ဈေးသည်များ စသဖြင့် မြို့လယ်ခေါင်အလှ ပသာဒများ တင်ပြရလျှင် ကုန်အံ့မထင်။

လူငယ်တွေ စာဖတ်ရုံနှင့်မပြီးဟု ထင်ပါသည်။ ထိုလူငယ်တွေကို မွေးဖွားပေးလိုက်သော နေ၀င်းအစိုးရမှ စစ်အစိုးရ သက်တမ်းတွင် မသေလို့ ကျန်နေသူမိဘများ၊ လူငယ်ဘ၀မှာတင်မဟုတ် လူကြီးဘ၀မှာလည်း စာပေဖတ်ရှုလေ့လာသင့်သည်။ စည်းကမ်းညီညွတ်ခြင်း ဆိုတာကို ကြီးကြီးကျယ်ကျယ် တိုင်းပြည်အတွက် လုပ်ဖို့ ခဏနေပါ၊ မိမိအိမ်တွင်းမှတစ်ဆင့် ရပ်ကွက်၊ ထိုမှသည် ကျယ်ပြောသော နိုင်ငံ့ တာဝန်သို့ စည်းကမ်းရှိရှိ၊ ညီညွတ်သောအပြုအမူ၊ ကျယ်ပြောသောအမြင်၊ မြင့်မြတ်တဲ့စိတ်ထားရှိမှ ကိုယ်ကျရာ နေရာမှာ တာဝန်ကျေစွာ ထမ်းနိုင်မှာပါ။ "မင်းတုန်းမင်းနှင့် ငါးခြောက်ပြား" သင်ခန်းစာကို ငယ်စဉ်ကတည်းက စာပေမှာ လေ့လာဖတ်ရှုခဲ့ရမှာပါ။ သို့သော် ဖတ်သာ ဖတ်၊ လက်တွေ့မသုံး၊ အစိုးရက ဘာဖြစ်လို့ စီးပွားက မကောင်းလို့၊ တိုင်းပြည်ကရှုပ်ထွေးလို့၊ ဆင်းရဲလို့ ဆိုတဲ့ ဆင်ခြေတွေနဲ့ နေချင်သလို နေကြဦးမယ်ဆိုရင် စာတွေဖတ်လည်း မလုံလောက်ဘူးဟု ပြောခြင်းပါ။

အစိုးရမကောင်းလို့ လူနေမှုဘ၀ နိမ့်ကျသွားတာကို ထောက်ခံသည်။ သို့သော် မိမိရဲ့ ကိုယ်ကျင့်သိက္ခာ စည်းကမ်း၊ လူနေမှု အသိုင်း အ၀ိုင်း ပြောဆိုဆက်ဆံမှုတွေ နိမ့်ဆင်းသွားစရာ အကြောင်းမရှိ၊ ဘယ်သူမပြု မိမိမှု စာပေမတတ်လို့ ဗဟုသုတမရှိ၊ ကြီးပြင်းရတဲ့ ပတ်ဝန်းကျင်ကြောင့် စရိုက်လက္ခဏာ သေးသိမ်ရတာတွေကတော့ လောကနိယာမတရားအရ နေရာတိုင်းမှာ အဆိုးအကောင်း ဒွန်တွဲနေသည်။ လူကောင်းရှိသလို လူဆိုးရှိသည်။ သို့သော် လူကောင်းလိုလိုနှင့် စည်းပျက်ကမ်းပျက် လူတန်းစားတွေကြောင့် တရားသဘောအရ မိမိနဲ့ ထိုက်တန်တဲ့ အစိုးရကိုပဲ ရလိမ့်မယ်ဟူသော ပြောဆိုမှုတွေကို စိတ်မဆိုးဘဲ လက်ခံလိုက်ပါ။ ဒုက္ခဆိုတာကို ဗမာပြည်ထဲနေပြီး မသိသေးဘူး။ ဒီလိုပဲ ဆက်နေဦးမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ ဒီမိုကရေစီအတွက် စတေးခဲ့ရသောသူများကို အားနာသင့်သည်။

အုပ်ချုပ်သူကောင်းမှ တိုင်းပြည်အေးချမ်းမယ်။ နိုင်ငံရေးထီးအရွက်မိုးကြီးအောက်မှ ခေါင်းစဉ်များ၊ အဆင့်ဆင့် အကောင်းဘက် ဖော်ဆောင်နိုင်မှ တစ်ဦးချင်းစီ နေချောင်သာချောင် ရှိမယ်ဆိုတာတော့ တွေးထားပါ။ ခရိုနီလည်းမဟုတ်၊ ဖြတ်လေးဖြတ်ထဲ လူးလှိမ့်နေရတဲ့ ပြည်သူတွေ ဖြတ်သန်းခဲ့ရတဲ့ ဒုက္ခတွေ မမေ့သင့်ပါ။ ညီညွတ်မှုဆိုတာ ပါတီတွင်း ညီညွတ်နေလို့ချည်း မရပါ။ လူမှုဆက်ဆံရေး နယ်ပယ်မှာလည်း ယဉ်ကျေးသော ပြုမူဆက်ဆံခြင်းဖြင့် ညီညွတ်မှုကိုလည်း ထူထောင်ရပါမယ်။

ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာကျော်တောင် မနိုင်တာ ငါလိုကောင်ကတော့ ကောင်းကောင်းကြီး မေတ္တာပို့ခံရမယ်လို့ တွေးပြီးသား။ ဟုတ်ကဲ့၊ မေတ္တာပို့သူတို့၏ အရည်အသွေးပါပဲ၊ သို့သော် မြင်ကွင်းတော်တော် ရုပ်ပျက်နေပြီဖြစ်၍ ရှေ့ကို ဘယ်လိုပြောင်းလဲမှုတွေနဲ့ အကောင်းဆုံး "မူ" တွေ ချမှတ်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လည်း "မူ" ကြိုက်သလောက်ကောင်း၊ "လူ" မကောင်းလို့တော့ ကမ္ဘာမှာ ဆက်ပြီး အံ့ဖွယ်အဖြစ်တွေနဲ့ ကျော်ကြားဦးမှာပါ။ ဂုဏ် သိက္ခာဆိုတာ ငွေကြေးဓန မဟုတ်၊ လူမှန်ရင် ဘာသာတရားဆုံးမမှုအောက်မှာ ကိုယ်ကျင့်သိက္ခာ ကောင်းစွာ စည်းကမ်းရှိနေထိုင်ပြုမူ ပြောဆိုခြင်း စိတ်ဓာတ်ကြီးမြင့်စွာ ထားနိုင်ခြင်းကို ဆိုလိုသည်။

ကောင်းမွန်သောအစိုးရနှင့် ပြောင်းလဲတိုးတက်တဲ့ တိုင်းပြည်ကို မျှော်လင့်လျှင် ပြောင်းလဲမှုကို လက်မခံသော အစိုးရနှင့် ခရိုနီများမှလွဲ၍ ကျန်သော ပြည်သူတစ်ဦးချင်းစီသည် အဘယ်သို့သော မှိုင်းတိုက်မှုကိုမျှ မှိုင်းအမိမခံဘဲ ငါတို့ကတော့ အကျင့်စရိုက်တွေ ဘယ်လို ပြုပြင် ပြောင်းလဲပြီးပြီလဲ။ ဆန်းစစ်ညီညွတ်သင့်ပါသည်။ ဒီစာကိုဖတ်ပြီး နိုင်ငံကြီးသား စိတ်ဓာတ်များ မွေးမြူလာနိုင်ကြပါစေ။ "ကိုယ်နေထိုင်တဲ့ အနေအထားမှာ ကိုယ့်အဆင့်ကို "စံ" သတ်မှတ်ပါ။" လူထုခေါင်းဆောင် အမေစုရဲ့ "မျှော်လင့်ချက်ဆိုတာ အလုပ်ပေါ်မှာ အခြေခံရပါမယ်" ဆိုတဲ့ စကားကို လက်ခံလိုက်နာရင်း အခြေခံမှသည် အထက်အမြင့်ဆုံးအဆင့်ထိ စည်းကမ်းရှိရှိ ညီညီညွတ်ညွတ်နှင့် ငြိမ်းချမ်းသာယာသော မြန်မာ ပြည်ကြီးအဖြစ် ပြောင်းလဲနိုင်ပါစေဟု ဆန္ဒပြုအပ်ပါသည်။


ဒန်း ၊ အလင်းမျက်ဝန်း

                                         မြူ နှင်း(အေးရိပ်ငြိမ်)




Inga kommentarer:

Skicka en kommentar