ခြေပြတ် လက်ပြတ် အင်္ဂါ မစုံသေးတဲ့ စတုတ္တမဏ္ဍိုင် ”
r
စည်သူအောင်မြင့်
မြန်မာပို့စ် ဂျာနယ်၊ ၁၆-၉-၁၄။ စာ- ၁၂။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က နေပြည်တော်မှာ မြန်မာ့ သတင်းမီဒီယာ ကဏ္ဍအတွက်
ဥပဒေပြုရေး ဆောင်ရွက်ပေးနိုင်ဖို့ အလုပ်ရုံဆွေးနွေးပွဲ တစ်ခု
ကျင်းပခဲ့ပါတယ်။ အမျိုးသားလွှတ်တော်က ကမကထ လုပ် ကျင်းပပေးတာဖြစ်ပြီး
လွှတ်တော် နှစ်ရပ်က အမတ်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ နဲ့ ယာယီ
မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီ
အလုပ်ရုံဆွေးနွေးပွဲ သတင်းတွေကို ဖော်ပြရာမှာ အမျိုးသားလွှတ်တော် ဥက္ကဌ
ဦးခင်အောင်မြင့် အဖွင့် အမှာစကားလောက်ကို ဖော်ပြတာပဲ ရှိပြီး
ဘာအကြောင်းအရာတွေ ဆွေးနွေးဖြစ်တယ်၊ ဘယ်လို ညှိနှိုင်းဆုံးဖြတ်ခဲ့ကြသလဲ
ဆိုတာကိုတော့ မသိနိုင်သေးပါဘူး။ မြန်မာ့ သတင်းမီဒီယာ စတုတ္တမဏ္ဍိုင်
ပီပီပြင်ပြင် ဖြစ်နေပြီလား၊ ဘာတွေ လုပ်ပေးဖို့ လိုမလဲဆိုတာ ဒီတစ်ပါတ်
ဆွေးနွေးတင်ပြသွားပါ့မယ်။
အလုပ်ရုံဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ဦးခင်အောင်မြင့်က
ကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာဆရာကြီး ဂါးဒီးယန်း ဦးစိန်ဝင်းရဲ့
စကားတစ်ခွန်းကို ကိုးကားပြီး ပြောဆိုခဲ့တာ တွေ့ရပါတယ်။ မဏ္ဍိုင်ကြီး
လေးရပ်နဲ့ တည်ဆောက်ထားတဲ့ တိုင်းပြည်တစ်ပြည် ဆိုတာ လေးချောင်းထောက်
စားပွဲနဲ့ တူညီတဲ့အကြောင်း၊ ခြေထောက် အတိုအရှည်ညီမှ စားပွဲ ငြိမ်မယ်
ဆိုတဲ့အကြောင်း၊ စတုတ္တမဏ္ဍိုင်က ရှည်နေရင် တိုင်းပြည် မငြိမ်မသက်
ဖြစ်နိုင်ကြောင်း၊ အုပ်ချုပ်ရေး မဏ္ဍိုင်က ရှည်ထွက်နေရင် အာဏာရှင်
ဆန်သွားနိုင်တဲ့အကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီနေရာမှာ စတုတ္တမဏ္ဍိုင် ဆိုတဲ့ စားပွဲတစ်လုံးရဲ့ ခြေထောက် ရှည်ထွက်နေပြီလား
မဆွေးနွေးခင် မဏ္ဍိုင်တစ်ခု ပီပီသသ ဖြစ်ပြီလား အရင်
ဆန်းစစ်ကြည့်ရမှာဖြစ်ပါတယ်။ စတုတ္တမဏ္ဍိုင်ဆိုတာ သတင်းမီဒီယာ လောက ကို
ခေါ်တာဖြစ်ပြီး ပထမ တဆင့် အဲဒီ သတင်းမီဒီယာ လွတ်လပ်မှု ရှိဖို့ လိုပါတယ်။
လွတ်လပ်မှု ရှိဖို့ ဆိုရင် သတင်းမီဒီယာ လုပ်ငန်းတွေကို ပုဂ္ဂလိက ကဏ္ဍက
တန်းတူညီမျှ ဥပဒေနဲ့ အညီ လုပ်ကိုင်ခွင့်ရဖို့ လိုအပ်ပါတယ်။
မြန်မာနိုင်ငံမှာ အဲလို လုပ်ကိုင်ခွင့် ရနေပြီလား အရင် ကြည့်ကြရအောင်ပါ။
သတင်းမီဒီယာ ဆိုတာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေနဲ့ အထွေထွေ စာအုပ်တွေ
ထုတ်ဝေတဲ့ ပုံနှိပ်လုပ်ငန်း၊ ရေဒီယို အသံလွှင့် လုပ်ငန်း၊ ရုပ်သံ ထုတ်လုပ်၊
ထုတ်လွှင့်၊ ပြသခွင့် လုပ်ငန်း နဲ့ အင်တာနက် အွန်လိုင်း မီဒီယာတွေ
ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ လောလောဆယ် ပုဂ္ဂလိက က လုပ်ပိုင်ခွင့်လည်းရ၊
လွတ်လပ်ခွင့်လည်း ရနေတာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း နဲ့ စာအုပ်တွေ ပါဝင်တဲ့
ပုံနှိပ်မီဒီယာပဲ ရှိနေပါသေးတယ်။ ဒါတောင် လွတ်လပ်ခွင့်ရလာတာ ၂ နှစ်ကျော်
ကာလ ပဲ ရှိပါသေးတယ်။ သတင်းစာ ထုတ်ဝေခွင့်ရလာတာတောင် တစ်နှစ်ခွဲ
မရှိသေးပါဘူး။ တကယ်တော့ သတင်းမီဒီယာ အမျိုးအစားတွေထဲမှာ ပြည်သူလူထုကို
အလွှမ်းမိုးနိုင်ဆုံးနဲ့ စွမ်းအား အရှိဆုံးဟာ ရုပ်သံမီဒီယာ နဲ့ ရေဒီယို ပါ။
အထူးအထွေ ပြောစရာတောင် မလိုပါဘူး။ အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း အဲလို
အင်အား စွမ်းပကားကြီးမားတဲ့ ရုပ်သံ လုပ်ငန်းနဲ့ ရေဒီယို လုပ်ငန်းတွေကို
အာဏာရ အစိုးရ၊ သူနဲ့ နီးစပ်တဲ့၊ သူ့ကို အပြည့်အ၀ ထောက်ခံတဲ့ စီးပွားရေး
လုပ်ငန်းရှင် ခရိုနီ သူဌေးတွေကိုပဲ လုပ်ကိုင်ခွင့်ပေးထားတာ ကာလ
အတော်ကြာနေပါပြီ။
ဒီမိုကရေစီ စနစ်ကို သွားမယ်လို့ ပြောဆိုထားတဲ့ သမ္မတ ဦးသိန်းစိန် တက်လာပြီး
၃ နှစ်ခွဲကျော် ကာလ ရောက်တဲ့အထိ အဲဒီ စွမ်းပကားကြီးမားတဲ့ ရုပ်သံနဲ့
ရေဒီယို လုပ်ငန်းတွေ ပုဂ္ဂလိကကို လုပ်ကိုင်ခွင့် မပေးသေးပါဘူး။ ကိုယ်နဲ့
နီးစပ်တဲ့ ခရိုနီတွေကို လုပ်စေချင်သလို လုပ်ကိုင်ခွင့်ပေးပြီးနောက်
အများပြည်သူ နိုင်ငံသားတွေကို တန်းတူညီမျှ ပုဂ္ဂလိက အနေနဲ့
လုပ်ခွင့်ပေးဖို့ကျတော့ ခွင့်မပြုနိုင်သေးပါဘူး။ အဲဒီ အတွက် ပြန်ကြားရေး
ဝန်ကြီးဌာန နဲ့ အစိုးရ တာဝန်ရှိသူတွေ အမြဲပေးလေ့ ရှိတဲ့ ဆင်ခြေကတော့ ဥပဒေ
မရှိသေးလို့ပါတဲ့။ နည်းဥပဒေ မရှိသေးလို့ပါတဲ့။ ဒီလိုနည်းနဲ့ ၂၀၁၅
ရွေးကောက်ပွဲကြီးဆီကိုတောင် ရောက်လာပါတော့မယ်။
ရွေးကောက်ပွဲ တစ်ခု ကျင်းပတော့မယ်ဆိုရင် မီဒီယာ ကဏ္ဍ အလွန့်အလွန်
အရေးကြီးပါတယ်။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပမယ့် အကြိုကာလမှာ ရုပ်သံနဲ့
ရေဒီယို လို အစွမ်းထက်တဲ့ မီဒီယာတွေဟာ အာဏာရ အစိုးရနဲ့ သူတို့ရဲ့
ခရိုနီတွေ လက်ထဲမှာပဲ ရှိနေတာဟာ ရွေးကောက်ပွဲ တရားမျှတမှု ရှိပါမယ့် အရေး
အတော်လေး စိုးရိမ်စရာပဲ ဖြစ်ပါတယ်။ ဒီအတွက် အမျိုးသားလွှတ်တော် ဥက္ကဌ
ဦးခင်အောင်မြင့်နဲ့ လွှတ်တော် တာဝန်ရှိသူတွေဘက်က အဓိက လုပ်ပေးရမှာက
တရားမျှတ သဘာဝ ကျတဲ့ ရေဒီယို အသံလွှင့်နဲ့ ရုပ်သံ မီဒီယာ ဥပဒေ တစ်ခု
အမြန်ဆုံး အတည်ပြုပြဌာန်းပေးဖို့ပါ။ အမြန်တကာ့ အမြန်ဆုံးဖြစ်ပါတယ်။
ပြဌာန်းပြီးရင်လည်း နည်းဥပဒေတွေ အမြန်ထွက်လာအောင် တွန်းအားပေး
ဆောင်ရွက်ရမှာလည်း ဖြစ်ပါတယ်။ ဒါကို အကောင်အထည် ဖော်မပေးဘူး၊
အချိန်ဆွဲနေမယ် ဆိုရင် ဦးခင်အောင်မြင့် နဲ့ လွှတ်တော် အမတ်တွေ
ပြောပြောနေတဲ့ မီဒီယာ ကဏ္ဍဆိုတာဟာ ခြေပြတ် လက်ပြတ် အင်္ဂါ မစုံ မီဒီယာအကြောင်း
ပြောဆိုနေတာပဲ ဖြစ်ပါလိမ့်မယ်။ စတုတ္တမဏ္ဍိုင်လို့ နာမည် မတပ်နိုင်တဲ့
အင်္ဂါမစုံ မဏ္ဍိုင်ပဲ ဖြစ်နေပါလိမ့်မယ်။
နောက်တစ်ခု လိုအပ်နေတာက ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့် ဆိုင်ရာ ဥပဒေ
ဖြစ်ပါတယ်။ အခုလက်ရှိ တိုင်းပြည်မှာ ဖြစ်နေတာက အစိုးရ၊ ဌာန ဆိုင်ရာ
အသီးသီးဟာ သတင်းတွေကို ထုတ်ပြန်ချင် ထုတ်ပြန်မယ်၊ မထုတ်ပြန်ချင်
မထုတ်ပြန်ဘူး။ မထုတ်ပြန်လို့လည်း ဘာမှ ပြသနာ မရှိဘူး ဆိုတဲ့ မူကို
ကျင့်သုံးနေကြတာ ဖြစ်ပါတယ်။ အလားတူပါပဲ၊ သတင်းမီဒီယာတွေကို စနစ်တကျ
မေးမြန်းလာတာတွေကိုလည်း ဖြေချင်ဖြေမယ်၊ မဖြေချင် မဖြေဘူး၊ မဖြေလို့လည်း
ရာထူးကျမသွားဘူး၊ ဘာမှ ကိစ္စမရှိဘူး ဆိုတဲ့ အနေအထားမျိုး ကျင့်သုံးနေကြတာပါ။
ဒီ အတွက် ပြည်သူတွေ သိသင့်သိထိုက်တဲ့ သတင်းထုတ်ပြန်ပေးနိုင်ရေး၊
သတင်းမေးရင် ဖြေဖို့ ဆိုတာမျိုး ဖြစ်လာအောင် ဥပဒေ ပြဌာန်းပေးဖို့ လိုပါတယ်။
ထုတ်ပြန်သင့် ထုတ်ပြန်ထိုက်တဲ့ သတင်းတွေကို မထုတ်ပြန်ရင်၊
မေးမြန်းတာတွေကို ဖြေကြားဖို့ တာဝန်ရှိပါလျက် ရှောင်လွဲခဲ့ရင် အဲဒီ အစိုးရ
အရာရှိ ၀န်ထမ်းတွေကို ဘယ်လို အရေးယူဆောင်ရွက်မလဲ ဆိုတဲ့ အချက်မျိုး
ပါဝင်တဲ့ ဥပဒေမျိုး ရေးဆွဲ ပြဌာန်းပေးရမှာ ဖြစ်ပါတယ်။
ဒီ ကိစ္စ နဲ့ ပါတ်သက်ပြီး ပူပူနွေးနွေး ပြသနာ တစ်ခုကို
မီးမောင်းထိုးပြလိုပါတယ်။ အဲဒါကတော့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်
ဦးမြင့်ဆွေရဲ့ ဒေါ်လာ ၁၅ ဘီလျံလောက် တန်တယ် ဆိုတဲ့ “ရန်ကုန်မြို့သစ်
စီမံကိန်း” ကိစ္စလိုမျိုးပါ။ ဘဏ္ဍာရေးဆိုင်ရာက အစ စိတ်ချရတဲ့ “မြန်မာ့စေတနာ
မြို့သစ် အများပိုင် ကုမ္ပဏီ” ကို တာဝန်ပေးပြီး ဖြစ်တယ်လို့ တိုင်းလွှတ်တော်
နဲ့ တိုင်းပြည်ကို အတိအလင်း ကြေငြာပါတယ်။ ဒါပေမယ့် အဲဒီ ကုမ္ပဏီအကြောင်း
မေးမြန်းတာတွေကိုတော့ ဦးမြင့်ဆွေရော၊ သူက တာဝန်ပေးတဲ့ ဘယ်သူ တစ်စုံ
တစ်ယောက်မှက တရားဝင် ဖြေကြားတာ မရှိပါဘူး။ ဒီအတွက် ဦးမြင့်ဆွေ မသမာမှု
လုပ်သလား၊ မလုပ်ဘူးလား တိုင်းပြည်က တိတိကျကျ ခိုင်ခိုင်မာမာ
သိခွင့်မရတော့ပါဘူး။ အဲဒီလို ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့် ဥပဒေ သာ
ပြဌာန်းထားရင် ဒီလောက် ကြီးကျယ်တဲ့ ကိစ္စ၊ ဒီလောက် ငွေကြေးပမာဏ များလွန်းတဲ့
ကိစ္စ မီဒီယာတွေမေးတာ ဦးမြင့်ဆွေ မဖြေလို့ မရတော့ပါဘူး။ မဖြေဘူး
တင်းခံနေမယ် ဆိုရင် ဥပဒေပါ ပြဌာန်းချက်အတိုင်း အရေးယူခံရမှာ ဖြစ်ပါတယ်။
ဒီအတွက် ဦးခင်အောင်မြင့်နဲ့ လွှတ်တော် တာဝန်ရှိသူ အမတ်တွေ အနေနဲ့
မြန်မာပြည် သတင်းမီဒီယာ လောကကို စတုတ္တ မဏ္ဍိုင်လို့ ပီပီသသ ခေါ်နိုင်အောင်
ရုပ်သံ၊ ရေဒီယို လုပ်ငန်း ပုဂ္ဂလိကတွေကို တန်းတူညီမျှ လုပ်ခွင့်ပေးမယ့် ဥပဒေ
ပြဌာန်းပေးနိုင်ရေး အမြန်ဆုံး လုပ်ကိုင်ပေးပါ၊ သတင်း သိပိုင်ခွင့်ဆိုင်ရာ
ဥပဒေ တစ်ခု အမြန်ဆုံး ပြဌာန်းပေးဖို့ ကြိုးစားပေးပါလို့ ဒီနေရာကနေ
တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
စည်သူအောင်မြင့်။
Inga kommentarer:
Skicka en kommentar