ခရိုနီတစ်ဦးပြောပြသော တိရစ္ဆာန်မွေးမြူရေးထက်ကိုက်တဲ့ လူကြီးမွေးမြူရေး(၂)
လက်စောင်းထက်
Submitted by Zay Thu on Thu, 04/24/2014 - 16:15
ပြီးခဲ့တဲ့အပတ်က ခရိုနီတစ်ဦး ပြောပြတဲ့ လူကြီးမွေးမြူရေး ဆောင်းပါးကို လူကြိုက်များတယ်လို့ သိရပါတယ်။ ဒီအကြောင်းကို အဲဒီခရိုနီကြီးကို ပြောပြတော့ ဒီထက်ကောင်းတာတွေ လာဦးမယ် ခုမှအချီးပဲ ရှိသေးတယ်ဆိုပြီး ခရိုနီတွေအကြောင်း ဟောဒီလို ဆက်ပြောပြပါတယ်။
ခရိုနီထဲမှာ လူမျိုးသုံးမျိုးရှိတယ်။ မြန်မာစစ်စစ်တွေရယ်၊ မုတ်ဆိတ်တွေရယ်၊ မျက်မှေးတွေရယ်။ ၀န်ကြီး၊ ၀န်ကလေးတွေက ဘယ်သူတွေကို ယုံတယ်ထင်သလဲ။ မုတ်ဆိတ်တွေနဲ့ မျက်မှေးတွေကို ပိုယုံတယ်ဗျ။ နိုင်ငံနဲ့ချီပြီး လုပ်ရမယ့် စီမံကိန်း အကြီးကြီးတွေ အားလုံးကို မျက်မှေးတွေကရပြီး ရန်ကုန်နဲ့ မန္တလေး စည်ပင်သာယာရေးက စီမံကိန်းတွေ အဆောက်အဦတွေကိုတော့ မုတ်ဆိတ်တွေက ရလေ့ရှိတယ်။ ပြောရရင် မြန်မာ ခရိုနီတွေက အဲဒီလူတွေရဲ့ အကြွင်း အကျန်ပဲ စားရတာ။ ဒါဆိုရင် ဘာလို့ ဟိုလူတွေက နာမည်မထွက်ဘဲ မြန်မာခရိုနီတွေက နာမည်ထွက်သလဲ မေးချင်မယ်။ လူကြီးတွေက ခရီးထွက်ရင် ဟိုမုတ်ဆိတ်တွေ မျက်မှေးတွေ ခေါ်သွားရင် သူတို့ နိုင်ငံရေး သိက္ခာကျတယ်ဆိုပြီး ပြည်တွင်းမှာ ခရီးထွက်သမျှ၊ လှူရမှာတန်းရမှာ မှန်သမျှ မြန်မာ ခရိုနီတွေကိုပဲ ခေါ်သွားလေ့ရှိတယ်။ ဒီတော့ ကိုယ့်ဓာတ်ပုံကြီးက တီဗီမှာ၊ သတင်းစာမှာ ပါပြီပေါ့ဗျာ။ ဒီတော့ လူများများသိပြီး များများအဆဲခံရတာပေါ့။
လူကြီးတစ်ယောက်က ကျွန်တော့်ကို ပြောဖူးတယ်။ မျက်မှေးတွေနဲ့ လုပ်ရတာ အရမ်းကောင်းတယ်။ သူတို့က တစ်ကျပ်မြတ်ရင် လူကြီးကို သုံးမတ်ပေးပြီး သူတို့ တစ်မတ်ပဲ ယူတာတဲ့။ နောက်တစ်ချက် ဒီလူတွေက အာမချောင်ဘူး။ ဘယ်သူ့ကို ဘယ်လောက် ပေးရတယ်ဆိုတာ ဘယ်တော့မှ ပြောလေ့ မရှိဘူးတဲ့။ မျက်မှေးတွေက ၀န်ကြီး၊ ၀န်ကလေးတွေကို ပြည်ပခရီးစဉ်တိုင်းမှာ အကုန်အကျခံပြီး တာဝန်ယူလေ့ရှိတယ်။ ဒီတော့ သံရုံးတွေက ၀န်ကြီး၊ ၀န်ကလေးတွေလာရင် စရိတ်တင်ပြီး ထုတ်စားလို့ ရတာပေါ့။ မျက်မှေးတွေက လူကြီးတွေဆီကို ၀င်ရင် ရွှေချောင်းတွေ၊ စိန်တွေနဲ့ ၀င်လေ့ရှိသလို မုတ်ဆိတ်တွေကတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေရဖို့ စည်ပင်က လူတွေကို စမူဆာ ကောင်းကောင်း ကျွေးလေ့ရှိတယ်။ စည်ပင်က အန္တရာယ်ရှိ အဆောက်အအုံတို့၊ ဈေးအသစ် ပြန်ဆောက်တာတို့ဆိုရင် မုတ်ဆိတ်တွေပဲ ရတာများတယ်။ သူတို့က အပြင်မှာသာ စေးကပ်တာ၊ ဘာကိစ္စမှာမှ မလှူတာ၊ ဒါပေမဲ့ လူကြီးကို ပေးဖို့ဆိုရင် အလုပ်က ဘယ်နေမှန်း မသိသေးဘူး၊ ကျပ်သိန်းပေါင်း တစ်သောင်းလောက်ကို ပုံပေးလိုက်တာ။ မုတ်ဆိတ်တွေထဲမှာ ဟိုးဘိုးစဉ် ဘောင်ဆက် မြန်မာနိုင်ငံမှာနေတဲ့ မုတ်ဆိတ်တွေထက် မနေ့တစ်နေ့ကမှ ဟိုဘက်ကမ်းက အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့ ခိုးဝင်လာတဲ့ မုတ်ဆိတ်တွေက စစ်အစိုးရ လက်ထက်မှာ နေ့ချင်းညချင်း သူဌေးကြီးတွေ ဖြစ်ကုန်တာ စည်ပင်က မြို့တော်ဝန် အဆက်ဆက်နဲ့ စစ်တိုင်းမှူးတွေရဲ့ ကျေးဇူးတွေပေါ့ ဗျာ။
အဲဒီထက် ဆိုးတာတွေ ရှိသေးတယ်။ စည်ပင်က မြေယာဌာနနဲ့ ပေါင်းပြီး နိုင်ငံခြား အပြီးပြန်တွေရဲ့ မြေကွက်တွေကို အတုလုပ်၊ အပိုင်စီးပြီး သူတို့ပိုင်တွေ လုပ်ပစ်တာ။ ဒီကိစ္စကိုလည်း ပြန်ပြီးစီမံချက်နဲ့ စစ်ဆေး စေချင်တယ်။ ဒီလိုနဲ့ နိုင်ငံတော်ပိုင်မြေ အတော်များများက မုတ်ဆိတ်တွေ ပိုင်သွားကြတယ်။ စည်ပင်က ဌာနမှူးတွေနဲ့ ကော်မတီဝင်တွေလည်း အပွကြီး ပွကြတာပေါ့။ ဒါကြောင့် စင်တင် စားသောက်ဆိုင်မှာ ကောင်မလေး တစ်ယောက်ကို တစ်ညတည်း ပန်းကုန်း သိန်း ၁၅၀ဖိုးစွပ်ပြီး နောက်နေ့ လူကိုပါ သိမ်းနိုင်တဲ့အထိ သောင်းကျန်း ကုန်ကြတာပေါ့။ အဲဒီမုတ်ဆိတ်တွေက သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အခု သြစတြေးလျ နိုင်ငံကို ရွှေ့နေကြပြီ။ ဒီမှာနောက်ပိုင်း အနေအစား မချောင်တော့ဘူး ဆိုတာ သိကြတော့ စပြေးနေကြပြီ။
တစ်လောက ခင်ဗျား သတိထား လိုက်မိမှာပေါ့။ ရဲဘော်သုံးကျိတ်ဝင်ထဲက နောက်ဆုံး ကျန်ရှိသူ ဗိုလ်ရဲထွဋ် ဆုံးတော့ ဘယ်လူကြီးက အသုဘလိုက်ပို့လဲ။ ဘယ်လူကြီးက ပန်းခွေပို့သလဲ။ ဒါပေမဲ့ ဘိန်းဘုရင် လော်စစ်ဟန် သေတော့ သတင်းစာထဲမှာ ထည့်လိုက်ရတဲ့ ၀မ်းနည်း ကြေကွဲခြင်းတွေ၊ ပို့လိုက်ရတဲ့ ပန်းခြင်းတွေ။ အိမ်ကိုနာရေး သွားမေးလိုက်တဲ့ ၀န်ကြီး၊ ၀န်ကလေးတွေ။ ဒါတွေကို ကြည့်ရုံနဲ့ လူကြီးတွေနဲ့ အဲဒီစီးပွားရေးသမားတွေ ဘယ်လောက် ထဲထဲဝင်ဝင် ပတ်သက် နေတယ်ဆိုတာ သိသာလွန်းတယ်။ တာမွေဘက်မှာ အိမ်ရာတွေ ဆောက်တော့ အဲဒီအချိန်က ပို့ဆောင်ရေး ၀န်ကြီးတို့၊ စီးပွားကူးသန်း ၀န်ကြီးတို့ အပါအ၀င် တခြားဝန်ကြီးတွေကို အေးရှားဝေါက အိမ်တစ်လုံးစီ အခမဲ့ ဆောက်ပေးခဲ့တာပဲ။ လူကြီးတစ်ယောက်ဆိုရင် အိမ်အတွင်းက တံခါးတွေကို ဂျပန်ပုံစံ ဆလိုက်ဒိုး လုပ်ပေးပါဆိုလို့ ပထမ ထည့်ထားတဲ့ တံခါးတွေ အကုန်ဖြုတ်ပြီး အသစ် ပြန်တပ်ပေးခဲ့တာပဲ။ တစ်ချိန်ကျရင်တော့ ဘယ်လူကြီး ဘယ်လောက် လာဘ်ယူတယ်ဆိုတာတွေက စာရင်းဇယားနဲ့ ပေါ်မှာပဲဗျ။ ပြည်ထဲရေးက လူကြီးတစ်ယောက်ဆိုရင် မြန်မာပြည် အရပ်ရပ်မှာ မြေကွက်ပေါင်း ၉၆ကွက် တိတိရှိတယ်။ မြန်မာပြည် ခြေထောက်ပိုင်းကနေ ခရိုနီဖြစ်လာတဲ့ သူတစ်ယောက် ဆိုရင် အရင်က ဒီလူအဓိက လုပ်တာက ပင်လယ်ဓါးမြဗျ။ ပြီးမှ မှောင်ခိုလှေ လုပ်ပြီး နောက်ပိုင်း နိုင်ငံတော် သူဌေးကြီး ဖြစ်သွားတာ။
ကြားဖြတ်ပြောရရင် ဟိုတစ်ပတ်က ဂျာနယ်တစ်စောင်မှာ ၀န်ကြီးတစ်ပါးက လာဘ်ပေးတာ လာဘ်ယူတာကို တိတိကျကျ သိရင်ပြော တစ်ခါတည်း အရေးယူမယ်လို့ စိန်ခေါ်တာ ဖတ်လိုက်ရတယ်။ တော်တော် ရယ်စရာကောင်းတဲ့ စကားဗျ။ သူနဲ့မကင်းတဲ့ စီးပွားရေး သမားတွေကြားမှာ လူရယ်စရာကြီးကို ဖြစ်လို့။ ကိုယ်က မဟုတ်တာ လုပ်ထားရင် ငြိမ်ငြိမ် နေရတယ်။ အဲဒီလို မဟုတ်ဘဲ အသံကောင်း ဟစ်ချင်ရင် နောက်ကွယ်မှာ ဟားတိုက်ပြီး ရယ်စရာ ဖြစ်နေလိမ့်မယ်။ ပုဂ္ဂလိက ပိုင်လုပ်တဲ့ အချိန်က အစိုးရ ၀န်ကြီးဌာနပိုင် မြေတွေ၊ အဆောက်အဦိးတွေကို နှစ်ရှည်ငှားတဲ့ အချိန်က ခရိုနီတွေ အများကြီး ပွခဲ့တယ်။ ပုဂ္ဂလိကပိုင် လုပ်တုန်းကဆိုရင် အခွန်ရှောင်နိုင်အောင် ဦးဘယ်သူ အပေါင်း၂တို့၊ အပေါင်း၃တို့လုပ်ပြီး လက်လွှဲရောင်းတဲ့ အချိန်အထိ အခွန်မဆောင်ရအောင် ကြံခဲ့ကြတယ်။ အဲဒီထက်ဆိုးတာက ပုဂ္ဂလိကပိုင် လုပ်တုန်းက ၀ယ်ယူခွင့်ရတဲ့ မြေတွေ၊ အဆောက်အဦတွေကို ငွေနည်းနည်းလေးပဲ သွင်းပြီး မြေဈေးတက်တဲ့ အချိန်အထိ စောင့်ခွင့် ရခဲ့တာပဲ။ တချို့ဆိုရင် အခုထိ ငွေအကျေ မသွင်းသေးဘူး။ အစိုးရကလည်း ခရိုနီ ဘာလုပ်လုပ် မသိချင်ယောင်ဆောင် ပေးနေတယ်။ ဒီတော့ ဒီခရိုနီမှ မချမ်းသာရင် ဘယ်သူ ချမ်းသာမလဲ။ အခုပဲကြည့် အခွန်ဥပဒေ အသစ်အရ လူလတ်တန်းစားတွေက အခွန် ပိုဆောင်ရမယ့် အချိန်မှာ ခရိုနီတွေက အခွန် သက်သာခွင့်တွေ ရသွားတယ်။ ဒီတော့ ဒီဥပဒေကလည်း ခရိုနီတွေ စိတ်ကြိုက် ဆွဲထားတဲ့ ဥပဒေလို့ ပြောနိုင်တာပေါ့။ အခွန်အဖွဲ့မှာလည်း အကြီးဆုံးလူက စစ်တပ်ထွက် မုတ်ဆိတ်ပဲလေဗျာ။ ဒီတော့ မုတ်ဆိတ်တွေ အခွန်မဆောင်ပဲနေတာ ဆန်းသလား။ အခွန်ကလည်း တစ်နှစ်တစ်ခါ ပြောင်းနေလေတော့ ခရိုနီတွေ အကြိုက်ပေါ့ဗျာ။
ခရိုနီတွေ မဟုတ်တာ လုပ်ရင်လည်း အစိုးရက အရေးမယူရဲဘူး။ လောလောဆယ် ခရိုနီ တစ်ယောက်ရဲ့ အရက်တွေကို စီးပွားကူးသန်းက ၀င်ဖမ်းလိုက် ပြီးတဲ့နောက် အဲဒီဖမ်းတဲ့ မိုဘိုင်း အဖွဲ့ကြီးက ပျက်သလို ဖြစ်သွားတယ်။ ဘာလှုပ်ရှားမှုမှ မရှိတော့ဘူး။ ဒီအချက်က ၀န်ကြီး၊ ၀န်ကလေးတွေဟာ ခရိုနီတွေ ပေးစာကမ်းစာ စားနေတော့ ခရိုနီတွေကို မလှန်ရဲဘူး ဆိုတာကို သက်သေပြလိုက်တာပဲ။ တစ်လောက အရက်ချက် လုပ်ငန်းတွေကို အခွန်က လူတွေ ၀င်စစ်တော့လည်း ဘာမှမထူးဘဲ ပြီးသွားတယ်။ ကျွန်တော့်ကို အဲဒီအရက်ခွန် ကောက်ခံရေးမှာ ခန့်ကြည့်ပါလား၊ အရက် တစ်မျိုးတည်းကနေ အခွန်ကို ဘီလျံတစ်ထောင်လောက် ရှာပေးနိုင်တယ်။ ပြောရရင် တကယ် ကောက်မယ်ဆိုရင် အရက် တစ်မျိုးတည်းကနေ တစ်နိုင်ငံလုံး ကောက်နေတဲ့ အခွန်ရဲ့ သုံးပုံနှစ်ပုံ ကောက်လို့ ရတယ်ဗျ။ အခုဖြစ်နေတာက တစ်ပိုင်တစ်နိုင် သယ်လာတဲ့သူ ဆိုရင်တော့ ဖမ်းမယ်၊ အချုပ်ထဲထည့်မယ်။ သိန်းထောင်ချီပြီး မဟုတ်တာလုပ်ရင် ဒဏ်ငွေ ငါးသောင်းနဲ့ ပြီးမယ်။ တရားရုံးကိုလည်း အဲဒီခရိုနီက ဘယ်လောက် ခွံ့လိုက်ရသလဲမှ မသိတာ။ ဥပဒေကလည်း သားရေကွင်းလို ဆွဲဆန့်နိုင်တဲ့ ဥပဒေဖြစ်နေတော့ ခရိုနီတွေက ကြိုက်တာပေါ့။ အရက်တွေ ဖမ်းမိပြီး တရားရုံးတွေ ဘာတွေ ရောက်တော့ အပေါ်က လူကြီးတစ်ယောက်က ဘာပြောတယ် မှတ်သလဲ၊ လူသတ်တာမှ မဟုတ်တာ၊ လျှော့လျှော့ပေါ့ပေါ့ပဲ အပြစ်ပေးပါတဲ့။ လောလောဆယ်ကို မူးယစ်ဆေးဝါး ရှူရောင်း အမှုနဲ့ ထောင်က ထွက်လာတဲ့ ခရိုနီ တစ်ယောက်က သမ္မတရဲ့ ပွဲတွေ ပြန်တက်နေတယ်။ ရှူရောင်းဆိုတာ မူးယစ်အဖွဲ့က သုံးတဲ့စကား။ ကိုယ်တိုင်လည်း မူးယစ်ဆေး ရှူတယ်၊ သူများကိုလည်း ရောင်းတယ်။ အဲဒီရှူရောင်း အတွက် လုပ်ငန်းတွေ ပြန်ချပေးဖို့ သမ္မတကို ပြောပေးတဲ့ ခရိုနီက ပြောပေးနဲ့။ စည်ပင်လုပ်ငန်းတွေမှာလည်း အဲဒီမူးယစ် ခရိုနီက နောက်ကနေ ငွေကြေး ထည့်ဝင်ပြီး တင်ဒါပြိုင် လာတာတွေ လုပ်လိုလုပ်နဲ့။ ဒါကြောင့် မြန်မာ အစိုးရ တာဝန်ရှိသူတွေဟာ မူးယစ် ရာဇာတွေနဲ့ အဆက်အသွယ် ရှိတယ်လို့ နိုင်ငံတစ်ကာက လက်ညှိုးထိုးနေကြတာ ဖြစ်တယ်။ တကယ်လည်း အစိုးရ တာဝန်ရှိသူတွေဟာ ဒီလူတွေနဲ့ ပေါင်းပြီး စားနေတာလည်း အမှန် ဖြစ်နေတယ်။ တကယ်မြို့ပြ ဖွံ့ဖြိုးရေး လုပ်ချင်ရင် အဲဒီလို မြေကွက် ရတာနဲ့ ဈေးရောင်းပွဲတော် လုပ်စားမယ့် သူတွေကို ပေးမဲ့အစား နိုင်ငံတကာက တကယ် လာရောက် ရင်းနှီးမြှုပ်နှံသူတွေကိုပဲ BOT စနစ်နဲ့ မပေးသင့်ဘူးလား။ အခုတော့ ရတဲ့ခရိုနီက ကွန်ဒိုဆောက်မယ်ပြောပြီး ရောင်းစား၊၀ယ်တဲ့ သူတွေကလည်း တစ်သက်လုံး ပိုင်မယ်ထင်ပြီး ၀ယ်၊ စာချုပ်ပြည့်တဲ့ အချိန်ကျရင် ပြဿနာတွေ အများကြီး လာဦးမယ်။
မျက်မှေး ခရိုနီတစ်ယောက် ဆိုရင် အာဏာရှင် အစိုးရ လက်ထက်တုန်းက အာဏာရှင် တစ်ယောက်ရဲ့ ဇနီးတရား အလုပ်လုပ်ဖို့ဆိုပြီး ရွှေပုတီးကြီး တစ်ကုန်း လက်ဆောင်ပေးတယ်။ ပုတီးလုံး ၁၀၈လုံးစလုံး ရွှေနဲ့ လုပ်ထားတာနော်။ အဲဒီလူကြီး မိန်းမကလည်း လူထူထူရှိတိုင်း အဲဒီ ရွှေပုတီးကြီး တကာကားနဲ့ စိပ်ပြလိုက်ရတာ အမော။ ဘာကုသိုလ်တွေ ရသလဲတော့ မသိဘူး။ အဲဒီမျက်မှေးကတော့ လုပ်ပိုင်ခွင့်တွေ အများကြီး ရသွားလေရဲ့။ အဲဒီမျက်မှေးက စီးပွားရေး လောကမှာ ကျင့်ဝတ်သိက္ခာ မရှိဆုံး။ လူတစ်ယောက်ကို ကြည့်တဲ့ အကြည့်က ဒီလူကြီးဆီက ငါဘယ်လောက် ပြန်ရမလဲဆိုတဲ့ အကြည့်နဲ့ ကြည့်တာ။ အဲဒီခေတ်က လူကြီးတွေ အိမ်သွားလည်လို့ ဟိုက အနားလာလေလို့ ခေါ်ရင် ဧည့်ခန်းအ၀က စပြီး ကြမ်းပေါ်မှာ ဒူးထောက်၊ ဗိုက်ကြီး ရှေ့ပစ်လို့ ဒူးနှစ်ဖက်နဲ့ လူကြီးနား ရောက်အောင် ဒူးထောက်သွားတာ။ အဲဒီလိုမျိုး သွားနိုင်အောင်လည်း သေသေချာချာ လေ့ကျင့်ထားတယ်တဲ့။ ဒါတွေဟာ ရယ်စရာ ပြောတာ မဟုတ်ဘူးနော်။ တကယ့် အဖြစ်မှန်တွေ။ အဲဒါကိုပဲ အဲဒီလူကြီးက သဘောတွေကျပြီး တဟဲဟဲနဲ့ဆိုပဲ။ဘယ်လူကြီးလဲလို့ နာမည်တော့ မမေးနဲ့ဗျာ။ ညနေခင်း နေညိုညိုမှာ လေပြိုပြို အမိန့်တွေထုတ်တဲ့ ယမကာ လုလင်ကြီးလို့သာ မှတ်ပေတော့။
လက်စောင်းထက်
Inga kommentarer:
Skicka en kommentar