ဇကားသ်အကြောင်း သိကောင်းစရာ
- အာရဗီအဘိဓာန်တွင် သန့်ရှင်းခြင်း၊ ပွားများခြင်းကို ဇကားသ်ဟုခေါ်သည်။ ကျမ်းတော်မြတ်ကုရ်အာန်နှင့် ဟဒီးဆ်တော်တွင်လည်း ဇကားသ်ပေးလှူခြင်းဖြင့် ကျန်ပစ္စည်းများသန့်ရှင်း၍ ပွားများလာသည်ဟု လာရှိပေသည်။ ထို့အပြင် ပြည့်ဝစွာဇကားသ် ပေးလှူသောသူ၏ နှလုံးသား သည်ပင် စေးနဲမှုမှ သန့်စင်သွားလေသည်။
- ဇကားသ်မပေးလှူခဲ့သော ပစ္စည်းများသည် ပျက်စီးမှုများမှ လုံခြုံမှုရရှိ၍ တစ်နေ့တစ်ခြား ပွားများလာပြီး ဇကားသ်ပေးလှူခြင်း မရှိသော ပစ္စည်းများတွင် တစ်နေ့တစ်ခြား လျှော့နည်းမှုနှင့် ပျက်စီးမှုများ ဖြစ်ပေါ်နိုင်သည်။
- ဇကားသ်နှင့် အခြားအလှူဒါနများတွင် စေးနည်းမှုပြုခြင်းသည် မိုးကောင်းကင်၏ ဗရကသ်မင်္ဂလာ ကျရောက်မည့်တံခါးကို ပိတ်စေသည်။
- ဟဒီးဆ်တော်တွင်လာရှိသည်မှာ ဇကားသ်(မပေးဘဲ) ပိတ်ပင်တားဆီးသော အမျိုးအနွယ်အပေါ် အလ္လာဟ်အသျှင်မြတ်သည် စားနပ်ရိက္ခာရှားပါးမှုနှင့် မိုးခေါင်ရေရှားမှုကို ကြုံတွေ့ စေတော်မူသည်။
- အစ္စလာမ်တရားတော်တွင် မိမိပိုင်ပစ္စည်းများမှ အစ္စလာမ်တရားတော်အရ
သတ်မှတ်ထားသည့်စံနှုန်းကို စည်းကမ်းချက်များနှင့်အညီ ကိုယ်ကျိုးမပါဘဲ အလ္လာဟ်အသျှင်မြတ်၏ ကျေနပ်မှုရရှိရန်အ တွက် အီမာန်ရှင်သူဆင်းရဲတစ်ဦးဦးအား အပြီးအပိုင် ပိုင်ဆိုင်ခွင့်ပေးခြင်းကို ဇကားသ် ဟုခေါ်သည်။
ဇကားသ်၏ အမိန့်
(၁) ဇကားသ်ဖှရဿွ် (မလုပ်မနေရတာဝန်) ဖြစ်ကြောင်း ကျမ်းတော်မြတ်ကုရ်အာန် စောင်(၁) ကဏ္ဍ(၂) အာယသ်တော်(၄၃) တွင်လာရှိသည်။ (အသင်တို့သည် ဆွလသ်ဝတ်ပြုကြကုန် တရားဝင်ဒါနကြေးဖြစ်သော ဇကားသ်ကိုလည်းပေးဆောင်ကြကုန်။)
(၂) ကျမ်းတော်မြတ်ကုရ်အာန်တွင် ဇကားသ်၏ အမိန့်တော်လာ အာယသ်တော် အများအပြားရှိသည့်အပြင် နမားဇ်၏ အမိန့်တော်နှင့်အတူတူ (၃၂) နေရာတွင်လည်း မိန့်ရှိထားတော်မူသည် ဟိဂ်ျရီ(၂)နှစ်ခုတွင်ကျရောက်ခဲ့သည်။
(၃) ဇကားသ်သည် ဖရာဿွ် (မလုပ်မနေရတာဝန်) ဖြစ်ကြောင်း ဟဒီးဆ်တော်များ၌လည်း လာရှိပေသည်။
ဟဒီးစ်တော်တွင် တမန်တော်မြတ် صَلَّي اللهُ عَلَيْهِ وَسَلَّمْ သခင်က အစ္စလာမ်သာသနာ၏ အခြေအမြစ်တရား ငါးပါးရှိသည်ဟု မိန့်တော်မူထားရာ ၎င်းအခြေအမြစ်တရား ငါးပါးတွင် ဇကားသ်လည်းပါဝင်သည်။
ထို့ကြောင့် တာဝန်ရှိသူအပေါ် ဇကားသ်ပေးလှူခြင်းသည် (ဖှရဿွ်အိုင်းန်) မပေးမနေရ တာဝန်တစ်ရပ်ဖြစ်ကြောင်း ပညာရှင်အားလုံးတို့သည် တစ်စုတစ်စည်းတည်းရှိကြသည်။(ဘဒါအိအ်ကျမ်း)
ဇကားသ်တာဝန်ရှိသူ
ဇကားသ်တာရှိသူမှာ(၁) အီမာန်ရှင် (၂)အသိဥာဏ်ကောင်းသူ (၃)အရွယ်ရောက်သူ (၄)အာဇဒ်(ဝါ)လွတ်လပ်သူ (၅)နိဆွာဗ်ရှင် ဖြစ်ရမည်။
ရွှေ၏ နိဆွာဗ် (သက်မှတ်ချက်)
ရွှေ၏ နိဆွာဗ် (သက်မှတ်ချက်) သည် အာရဗ်အလေးချိန်အရ ရွှေဒင်္ဂါး(၂၀)၊အန္ဒိယအလေးချိန်အရ (၇) တိုလာခွဲ၊ မြန်မာအလေးချိန်အရ (၅) ကျပ် (၃)ပဲ (၄)ရွေးဖြစ်သည်။
အမျိုးသမီးများ၏ လက်ဝတ်လက်စားများအပေါ်ဇကားသ်
(၁) အမျိုးသမီးများ၏ လက်ဝတ်လက်စားများသည် နိဆွာဗ်(ဝါ)စံနှုန်းပြည့်သွားပါက ၎င်းအပေါ်မှဇကားသ်ပေးဆောင်ရမည်။
(၂) “မဟရ်” လက်မထပ်ခင် တင်တောင်းထားသည့် ရွှေသည် ဇနီးသည်၏ ပိုင်ဆိုင်မှုတွင် ရှိသည့်အတွက် နိဆွာဗ် (သက်မှတ်ချက်) ပြည့်မှီသွားပါက ဇနီးသည်အပေါ် ဇကားသ်တာဝန်ရှိမည်။
(၃) မိဘ ဖက်မှ သားသမီးများကို အပြီးအပိုင်ပေးထားသော ရွှေ၏ ဇကားသ်သည် သားသမီးများ အပေါ်၌သာ တာဝန်ရှိသည်။ သို့သော် ဖခင်မှ သားသမီးများအား အသိပေး၍ ၎င်းရွှေများမှ ဇကားသ်ပေးဆောင်ခဲ့ပါက သားသမီး၏ တာဝန်ကျေသွားမည်ဖြစ်သည်။
(၄) ဇနီးသည်နှင့် သားမီးများအား အပြီးအပိုင်မပေးဘဲ အလှဆင်ပေးထားသည့် ရွှေများ၏ ဇကားသ်သည် အလှဆင်ပေးထားသူအပေါ်၌ တာဝန်ရှိသည်။
(၅) နိဆွာဗ် (သက်မှတ်ချက်) မပြည့်သော ရွှေအနည်းငယ် (သို့) ငွေသားအနည်းငယ် (သို့) ကျပ်ငွေအနည်းငယ် (သို့) အရောင်းအဝယ်ပစ္စည်း အနည်းငယ်စီရှိပြီး ၎င်းပစ္စည်းများအားလုံး စုပေါင်းလိုက်၍ ငွေသား(၅၂)တိုလာခွဲ၏ တန်ဖိုး ပြည့်မှီသွားပါက ၎င်းပစ္စည်းများ အပေါ်မှလည်း ဇကားသ်ပေးဆောင်ရမည်။
(၆) မိမိပိုင်ဆိုင်သော ရွှေများထဲမှ ဇကားသ်ပေးလိုပါက ၎င်းရွှေများထဲမှ(၄၀)ပုံ(၁)ပုံ ဇကားသ်ပေးဆောင်ရမည်။ ဥပမာ ရွှေ(၄၀) ကျပ်သားရှိလျှင် ရွှေတစ်ကျပ်သား ဇကားသ်ပေးဆောင်ရမည်။ အကယ်၍ ရွှေတစ်ကျပ်သား မပေးလိုပါက ၎င်းရွှေတစ်ကျပ် သား၏ ကာလတန်ဖိုးကို ကျပ်ငွေနှင့် တွက်၍ ပေးဆောင်ရမည်။
ငွေသား၏ နိဆွာဗ်(သက်မှတ်ချက်)
ငွေသား၏ နိဆွာဗ်သည် အရဗ်အလေးချိန်အရ ငွေဒင်္ဂါ(၂၀၀) ၊ အန္ဒိယအလေးချိန်အရ (၅၇) တိုလာခွဲ၊ မြန်မာအလေးချိန်အရ (၃၆.၅)ကျပ်သား ဖြစ်သည်။
ကျပ်ငွေ၏ နိဆွာဗ်(သက်မှတ်ချက်)
ကျပ် ငွေ၏ နိဆွာဗ်(သက်မှတ်ချက်)သည် ငွေသား(၅၂)တိုလာခွဲ၏ ကာလတန်ဖိုးနှင့် အညီဖြစ်သည်။ ယခု ငွေသားတစ်တိုလာ၏ ကာလတန်ဖိုးသည် (၉၀၀၀) ကျပ်ဖြစ်ပြီး ငွေသား(၅၂) တိုလာခွဲ၏ တန်ဖိုးသည် (၄၇၂၅၀၀) ကျပ် ဖြစ်သည်။ ဤ နိဆွာဗ်(သက်မှတ်ချက်)သည် ယခုနှစ် မွန်ပြည်နယ်အိုလအစ္စလာမ့်သာသနာ့ပညာရှင်များအဖွဲ ဓမ္မသတ်ဌာနမှ သတ်မှတ်သော နိဆွာဗ်(သက်မှတ်ချက်) ဖြစ်သည်။
အထက်ဖေါ်ပြပါ သတ်မှတ်ချက်အရ ကျပ်ငွေ (၄၇၂၅၀၀) ရှိသူသည် အစ္စလာမ်တရားတော်အရ ချမ်းသားသူဖြစ်၍ ၎င်းသည် မိမိပိုင်ကျပ်ငွေ (၄၇၂၅၀၀) မှ (၄၀) ပုံ (၁)ပုံ ဇကားသ်ပေးဆောင်ရမည်။ ( ဥပမာ - ကျပ်ငွေသိန်း (၄၀) တွင် (၁) သိန်း )
အရောင်းအဝယ်ပစ္စည်းများ၏ နိဆွာဗ်(သက်မှတ်ချက်)
(၁) အရောင်းအဝယ်ပစ္စည်း၏ နိဆွာဗ်သည်လည်း ငွေသား(၂၅)တိုလာခွဲ၏ ကာလတန်ဖိုးနှင့်အညီ ဖြစ်သည်။ ဥပမာ-အရောင်းအဝယ် ပစ္စည်းများ၏ တန်ဖိုးသည် ငွေသား(၂၅)တိုလာခွဲ၏ ကာလတန်ဖိုး (၄၇၂၅၀၀) နှင့် ညီသွားပါက ၎င်းပစ္စည်းများ အပေါ် ဇကားသ်ပေးဆောင်ရမည် ဖြစ်သည်။
(၂) အရောင်းအဝယ်ပစ္စည်း ကျပ်(၁၀) သိန်းဖိုးရှိပါက ၎င်းအနက်မှ(၄၀)ပုံ (၁)ပုံ ကျပ်(၂၅၀၀၀) ဇကားသ်ပေးလှူရမည်။
(၃) အရောင်းအဝယ်ပစ္စည်း၏ ဇကားသ်သည် ကျပ်ငွေနှင့် တွက်၍ပေးနိုင်သလို ပစ္စည်းနှင့်လည်း ပေးနိုင်သည်။ ပစ္စည်းဖြင့် ပေးလိုပါက ပစ္စည်းတန်ဖိုးတူ အခု(၄၀) တွင်တစ်ခုပေးဆောင်ရမည်။
(၄) အိမ်၊ ခြံ၊ မြေ၊ လယ်၊ ဆိုင်၊ ကားနှင့် ဆိုက္ကယ်စသည့် ပစ္စည်းများကို အရောင်းအဝယ်နိယသ်ဖြင့် ဝယ်ယူထားပါက ၎င်းပစ္စည်းများအပေါ်လည်း ဇကားသ်ပေးဆောင်ရမည်။
(၅) ငှါးစားရန် နိယသ်ဖြင့် ဝယ်ယူထားသော အိမ်၊ ခြံ၊ မြေ၊ လယ်၊ ဆိုင်၊ ကားနှင့် ဆိုက္ကယ်စသည့် ပစ္စည်းများအပေါ် ဇကားသ် တာဝန်မရှိပေ။
(၆) ကိုယ်ပိုင်ဆွဲသော တက္ကဆီကားနှင့် ဆိုက္ကယ်များအပေါ်၌လည်း ဇကားသ်တာဝန် မရှိပေ။
(၇) ရွှေငွေနှင့် အရောင်းအဝယ်ပစ္စည်းများအပေါ် ကျပ်ငွေဖြင့် ဇကားသ်ပေးလှူလိုပါက ဈေးကွက်၏ ကာလပေါက်ဈေးဖြင့်သာ တွက်ချက်၍ ပေးဆောင်ရမည်။
(၈) အကြွေးပေး၍ သော်၎င်း၊ ချေးငှါး၍သော်၎င်း ပေးထားသော ရွှေ၊ ငွေ၏ ဇကားသ်သည် ပိုင်ရှင်အပေါ်၌သာ တာဝန်ရှိသည်။ ၎င်းပစ္စည်း ပြန်မရမည် အလျှင်ဇကားသ် ပေးဆောင်ပါကလည်း ပိုင်သည်။ (ရှာမီကျမ်း)
သို့သော် အကြွေး၊ ချေးငွေနှင့် ပစ္စည်းများသည် နှစ်ပတ်လည်ပြီး ပြန်ရမည်ဟု မျှော်လင့်ချက် အပြည့်အဝရှိပါက ၎င်းငွေနှင့် ပစ္စည်းများမရှိမည်အလျှင် ဇကားသ်ပေးဆောင်သင့်သည်။
(၉) ကုပဏီအစုရှယ်ရာတွင် ထည့်ထားသော ငွေများအပေါ်၌လည်း ဇကားသ်ပေးဆောင်ရမည်။
(၁၀) စက်ရုံထောင်ထားပါက ၎င်းစက်ရုံအပေါ် ဇကားသ်ပေးဆောင်ရပေး။ သို့သော် စက်ရုံမှထွက်လာသော ရောင်းအဝယ်များ နှစ်ပတ်လည်းသွားပါက ၎င်းပစ္စည်းများအပေါ်မှ ဇကားသ်ပေးဆောင်ရမည်။
(၁၁) အတိုးငွေများအပေါ် ဇကားသ်တာဝန်မရှိပေ။ အကြောင်းမှာ ၎င်းငွေများအား ကုသိုလ်၏ နိယသ် (ရည်စူးချက်) မပါဘဲ ဆွဒ်ကဟ် (သီးသန့်အလှူဒါန) ပြုရန် ဝါဂျိဗ် (ဒုတိယအကြီးလေးဆုံးတာဝန်) ဖြစ်သည်။ (ကိဖှယသုလ်မုဖ်တီကျမ်း)
နိဆွာဗ် (သက်မှတ်ချက်) နှစ်ပတ်လည်ခြင်း
(၁) အထက်ဖေါ်ပြပါ နိဆွာဗ်(သက်မှတ်ချက်)များသည် တစ်နှစ်ပတ်လည်စေရမည်။ တစ်နှစ်ပတ်လည်ရန် တစ်ရက်သာလိုပါက ၎င်းပစ္စည်းအပေါ် ဇကားသ်ပေးလှူရန် တာဝန်မရှိပေ။ တစ်နှစ်ပတ်လည်သည်နှင့် တပြိုင်တည်း ၎င်းပစ္စည်းအပေါ် ဇကားသ်ပေးလှူရမည်။
(၂) နှစ်ပတ်လည်ရမည်ဆိုသည့်အချက်တွင် ဟိဂ်ျရီသက္ကရာဇ်သာ အကျုံးဝင်မည်။ ခရစ်သက္ကရဇ် အကျုံးမဝင်ပေ။
(၃) နှစ်ပတ်လည်ရမည်ဆိုသည့် အချက်တွင် လ အကျုံးမဝင်ပေ။ ရက်သာလျှင် အကျုံးဝင်သည်။ ဇကားသ်ကြိုပေးသည်ဖြစ်စေ နောက်ကျ၍ ပေးသည်ဖြစ်စေ ထိုရက်သာလျှင် ဇကားသ်ဖှရဿွ် ဖြစ်သောရက် ဖြစ်မည်။ လာမည့်နှစ်အတွက်လည်း ထိုရက်ကိုသာ ဇကားသ်ဖှရဿွ် ဖြစ်သောရက်အစဟု မှတ်ယူရမည်။
(၄) နိဆွာဗ် တစ်နှစ်ပတ်လည်ခြင်းမရှိသေးဘဲ ကြိုတင်ဇကားသ်ပေးလှူပါက ပိုင်သလို နောက်ကျ၍ ဇကားသ်ပေးလှူပါကလည်း ပိုင်သည်။ သို့သော် ကြိုတင်ပေးလှူရသောရက်နှင့် နောက်ကျပေးလှူသောရက်ကို မှတ်ထားစရာမလိုဘဲ ဇကားသ်ဖရဿွ်ဖြစ်ခဲ့သော နေ့ရက်ကိုသာ အတိအကျမှတ်ထားရန် အလွန်ပင်အရေးကြီးလေသည်။
(၅) နိဆွာဗ်(သက်မှတ်ချက်)သည် နစ်အလယ်၌ လျှော့သွားပါစေ၊ နှစ်အစနှင့် နှစ်အဆုံး၌ နိဆွာဗ်အပြည့်ရှိနေပါက ဇကားသ်တာဝန်ရှိမည်။ အကယ်၍ နှစ်အစ (သို့) နှစ်အဆုံး၌ နိဆွာဗ်(သက်မှတ်ချက်)လျှော့သွားပါက ဇကားသ်တာဝန်မရှိပေ။ နှစ်အစ၌ နိဆွာဗ်(သက်မှတ်ချက်)လျှော့သွားပြီး နှစ်အလယ်၌ ပြန်ပြည့်လာပါက နှစ်အလယ်မှ၍ ဇကားသ်၏ အစချိန်ဖြစ်မည်။
(၆) လူတစ်ဦး၏ နိဆွာဗ်သည် မုဟရ်ရမ်လတွင် ပြည့်သွားပြီး ၎င်းသူသည် လတော်မြတ်ရမဿွာန်၌ ဖှရဿွ်တစ်ခုကျေပွန်လျှင် ဖှရဿ်ပေါင်း(၇၀)၏ ကုသိုလ်ရမည်ဟုလာရှိသည့်အပေါ် လာမည့် လတော်မြတ်ရမဿွန် အထိစောင့်၍ ဇကားသ်ပေးလှူလေသည်။ထိုသို့ ဇကားသ်ပေးလှူရာတွင် နိဆွာဗ်၏ တွက်ချက်မှုကို မုဟရ်ရမ်လမှစ၍ တွက်ချက်ရမည်။ အကယ်၍ ၎င်းသူသည် နောက်လာမည့်နှစ်ကို မုဟရ်ရမ်လမှစမတွက်ဘဲ လတော်မြတ်ရမဿွာန်မှ စတွက်ပါက ၎င်းအပေါ် လပေါင်းများစွာ၏ ဇကားသ်တာဝန်ကျန်နေမည်။
(၇) လူတစ်ဦး၏ နိဆွာဗ်သည် လာမည့်ဆွဖရ်လမှပြည့်မည့်။ သို့သော် ၎င်းသူသည် လတော်မြတ်ရမဿွန်၏ ထူးမြတ်မှုကို ကြည့်၍ လတော်မြတ်ရမဿွာန်၌ပင် တွက်ချက်ကာ မိမိဇကားသ်များကို အပြီးပေးဆောင်လေသည်။ ထိုသို့ တွက်ချက်၍ အပြီးပေးဆောင်လိုက်ပါက လတော်မြတ် ရမဿွန်နှင့် ဆွဖရ်လကြား ထပ်မံတိုးပွားလာသော ပစ္စည်းများ၏ ဇကားသ်တာဝန် ၎င်းအပေါ်ကျန်နေမည်ဖြစ်သည်။ ဥပမာ- လတော်မြတ်ရဿွန်တွင် ကျပ်သိန်း(၄၀) အပေါ် ဇကားသ်(၁) သိန်းပေးဆောင်ပြီးနောက် ဆွဖရ်လတွင် ၎င်းသူ၌` ကျပ်ငွေသိန်း(၈၀) ဖြစ်လာပါက ၎င်းသူအပေါ် ကျပ်ငွေ(၁)သိန်း ဇကားသ်ပေးရန် တာဝန်ကျန်နေမည်ဖြစ်သည်။
(၈) ဟာဂ်ျသွားရန် စုထားသောငွေများ နှစ်ပတ်လည်သွားပါက ၎င်းအပေါ် ဇကားသ်ပေးဆောင်ရမည်။ (နိဆွာဗ်နှစ်ပတ်မလည်မှီအလျှင်) ဟာဂ်ျသွားရန် ကုမ္မဏီအားပေးထားသောငွေများအပေါ် ဇကားသ်တာဝန်မရှိပေ။
(၉) နိဆွာဗ် နှစ်ပတ်မလည်မှီအလျှင် ငှါးရမ်းခပေးထားသောငွေများ (ဥပမာ- (၆)လစာ၊ (၁)နှစ်စာ ငွေများ အပေါ် ဇကားသ်ပေးရန်တာဝန်မရှိပေ။ သို့သော် နိဆွားဗ်နှစ်ပတ်လည်ပြီးနောက် ဇကားသ်ပေးဆောင်းခြင်းမရှိသေးဘဲ ငှားရမ်းခပေးခဲ့ပါက ၎င်း ငှားရမ်းခပေးထားသော ငွေများအပေါ်မှလည်း ဇကားသ်ပေးဆောင်ရမည်။
ဇကားသ်ပေးပိုင်/ မပိုင်သူများအကြောင်း
(၁) အီမာန်ရှင်ကိုသာ ဇကားသ်ပေးပိုင်သည်။ ကာဖှိရ်နှင့် မုရ်သဒ်တို့အား ဇကားသ်ပေးမပိုင်းအကြောင်းမှာ ဟဒီးဆ်တော်၌ လာရှိသည်မှာ ဇကားသ်ကို ချမ်းသာသောအီမာန်ရှင်မှယူ၍ ဆင်းရဲသောအီမာန်ရှင်ကိုပေးရမည်။(ဒုရ်ရိမုခ်တာရ်ကျမ်း)
(၂) “ကုဖှ်ရ်” အဆင့်ထိရောက်သွားတက်သည့် ကျင့်စဉ်ပြုသော “ဗစ်ဒ်အသီ” များကိုလည်း ဇကားသ်ပေးမပိုင်။ အကယ်၍ ပေးခဲ့ပါက ၎င်းသူ၏ ဇကားသ်အထမြောက်မည် မဟုတ်ပေ။ (ဒုရ်ရိမုခ်တာရ်ကျမ်း)
(၃) “ရှီအဟ်” နှင့် “ကာဒိယာနီ” တို့အားလည်း ဇကားသ်ပေးမပိုင်။ ၎င်းတို့အား ဇကားသ်ပေးခြင်းဖြင့် ကြီးမားသော ဂုနဟ်တက်ရောက်စေသည့်အပြင် ဇကားသ်လည်း အထမြောက်မည်မဟုတ်ပေ။(အဟ်စနုလ်ဖှသာဝါ)
(၄) နိဆွားဗ်ရှင် မဟုတ်သူများကိုသာ ဇကားသ်ပေးပိုင်သည်။ နိဆွားဗ်ရှင်အား ဇကားသ်ပေးလှူခဲ့ပါက ဇကားသ်အထမြောက်မည် မဟုတ်ပေ။ ဖခင်နိဆွာဗ်ရှင်မဟုတ်ပါက ၎င်း၏သားသမီးများအား အရွယ်ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ ဇကားသ်ပေးပိုင်သည်။ သို့သော်
ဖခင် နိဆွားဗ်ရှင် ဖြစ်ပါက အရွယ်မရောက်သေးသော သားသမီးများအား ဇကားသ်ပေး၍မပိုင်ပေ။ အရွယ်ရောက်သော သားသမီးများနိဆွားဗ်(သက်မှတ်ချက်)ပိုင်ရှင်မဟုတ်ပါက ၎င်းတို့အား ဇကားသ်ပေးပိုင်သည်။ အကြောင်းမှာ ဖခင်ချမ်းသာသူဖြစ်သည့်အတွက် အရွယ်ရောက်သော သားသမီးများသည် ချမ်းသာသူမဖြစ်နိုင်ပေ။ ထိုနည်းတူစွာ သားသမီးနိဆွားဗ်(သက်မှတ်ချက်)ရှိသူ ဖြစ်သည့်အတွက် ဖခင်က၎င်း၊ ခင်ပွန်းနိဆွားဗ်(သက်မှတ်ချက်)ရှိသူ ဖြစ်သည့်အတွက် ဇနီးက၎င်း၊ ဇနီးနိဆွားဗ်(သက်မှတ်ချက်)ရှိသူဖြစ်သည့်အတွက် ခင်ပွန်က ၎င်း၊မိခင်နိဆွားဗ်ရှင်ဖြစ်သည့်အတွက် သားသမီးများက၎င်း၊ သားသမီးများ နိဆွားဗ်(သက်မှတ်ချက်)ရှိသူ ဖြစ်သည့်အတွက် မိခင်က၎င်း နိဆွားဗ်(သက်မှတ်ချက်)ရှိသူ (ချမ်းသာသူ)များ မဖြစ်နိုင်ကြပေ။ ထို့ကြောင့် ၎င်းသူးတို့အား တစ်ခြားသူများမှ ဇကားသ်ပေးပိုင်သည်။(ဒရ်ရိမုခ်တာရ်ကျမ်း)
(၅) ဖခင်နိဆွာဗ်(သက်မှတ်ချက်)ရှိသူ မဟုတ်ဘဲ အရွယ်မရောက်သေးသော သားသမီးများ အလွန်ပင်ငယ်ရွယ်ပြီး အသ်ဥာဏ်မပြည့်သေးသည့်အတွက် ကြေးငွေ၊ ပစ္စည်ဥစ္စာများကို စနစ်တကျသုံးစွဲနိုင်ခြင်းမရှိသေးပါက ၎င်းကလေးများအား တိုက်ရိုက် ဇကားသ်ပေးမပိုင်ပေ။ သို့သော် ၎င်းကလေးများ၏ အုတ်ထိန်းသူမှတဆင့် ဇကားသ်ပေးပါက ပိုင်သည်။ (ရှာမီကျမ်း)
(၆) မိမိဆွေမျိုးထဲမှ ဇကားသ်ပေးပိုင်သူများအား အတိုချုပ်၍ တင်ပြရမည်ဆိုပါက- (၁)ညီအကိုမောင်နှမ (၂) ဦးလေး၊ အဒေါ် (၃)မာမူ၊ မာမီ (၄) ဖူဖီ၊ ဖူဖာ (၅) ခါလာ၊ ခါလူ (စသည်တို့သည် အရင်းဖြစ်စေ၊ အဖေအမေကွဲဖြစ်စေ၊ အမေတူ အဖေကွဲဖြစ်စေ) (၆) ဘထွေး (၇) မိထွေး (၈) ယောက္ခမ (၉) ခင်ပွန်း၏ ညီအကိုမောင်နှမများနှင့်ဆွေမျိုးများ (၁၀) ဇနီး၏မောင်နှမများနှင့် ဆွေမျိုးများ စသည်တို့ ဖြစ်သည်။
(၇) မိမိဆွေမျိုးထဲမှ ဇကားသ်ပေး မပိုင်သူများအား အတိုချုပ်၍ တင်ပြရမည်ဆိုပါက (၁)ဖခင်၊ မိခင် (၂)ဒါဒါ၊ ဒါဒီ (၃)နာနာ၊ နာနီနှင့် အထက်အဆက်ဆက် အရင်းအချားများ (၄)သားသမီး၊ မြေး ၊ မြစ်နှင့် (သားဘက်မှဖြစ်စေ၊ သမီးဘက်မှဖြစ်စေ) အောက်အဆက်ဆက်အရင်းအချာများ (၅) ဇနီးမှ ခင်ပွန်း၊ ခင်ပွန်းမှ ဇနီး စသည်တို့ဖြစ်သည်။
(၈) တမန်တော်မြတ် ( صَلَّي اللهُ عَلَيْهِ وَسَلَّمْ ) သခင်၏(အမျိုးအနွယ်ဟာရှိမီဆိုသည့်) “ဆိုင်ယိဒ်`” အမျိုးအနွယ်အား ဇကားသ်ပေးမပိုင်ပေ။
မှတ်ချက် ။ ။ ဖခင် “ဆိုင်ယိဒ်” မဟုတ်ဘဲ မိခင်” ဆိုင်ယိဒ် ” ဖြစ်ပါက ၎င်း၏သားသမီးများ “ဆိုင်ယိဒ်” မဖြစ်ပေ။ ထို့ကြောင့် ၎င်းသူတို့အား ဇကားသ်ပေးပိုင်သည်။
(၉) နိဆွာဗ်ရှင်တစ်ဦးသည် မိမိနိဆွာဗ်တစ်နှစ်မပြည့်သောကြောင့် ၎င်းအပေါ် ဇကားသ်ပေးလှူရန် တာဝန်မရှိသော်လည်း ၎င်းသူသည် ဇကားသ်စားမပိုင်ပေ။
(၁၀) ဇကားသ်၏ နိယသ်မပါဘဲ လှူဒါန်းခဲ့သော ကျပ်ငွေနှင့် ပစ္စည်းများသည် ဇကားသ်၏ စာရင်းတွင် အကျုံးမဝင်ပေ။(ရှာမီကျမ်း)
ဇကားသ်ကို အချိန်ဆွဲ၍ မပေးသင့်
ကောင်းမြတ်သော အလုပ်ဟူသရွေ့ ၌ နောက်ကျခြင်း၊ အချိန်ဆွဲခြင်းသည် မကောင်းလှပေ။ ဇကားသ်သည် ကောင်းမြတ်သောအလုပ်ဖြစ်၍ မိမိအပေါ်ကျရောက်သော ဖှရဿွ်(မလုပ်မနေရတာဝန်) တစ်ရပ်ဖြစ်သည်။ ဇကားသ်ပေးရာတွင် အချိန်ဆွဲနေပါက ရုတ်တရက် သေခြင်းတရား ဆိုက်ရောက်လာမည်ဆိုလျှင် ၎င်းဇကားသ်တာဝန်သည် မိမိအပေါ်ကျန်ရှိနေမည်ဖြစ်၍ အရေးယူခြင်းခံရမည်ဖြစ်သည်။
အကယ်၍ နှစ်ကျော်လွန်ပြီး ဇကားသ်မပေးဘဲနေလျှက် ဒုတိယနှစ်လည်း ကျော်လွန်သွားပါက ၎င်းသူအပေါ်အပြစ်ထိုက်၍ “သောင်ဗဟ်” ပြုရမည်ဖြစ်သည်။ ပြီးနောက်(၂) နှစ်စလုံး၏ ဇကားသ်ကို ပေးဆောင်ရမည်ဖြစ်သည်။
မိမိသက်တမ်း၌ ဇကားသ်တာဝန်ရှိလျှက် ဇကားသ်မပေးဘဲနေခဲ့သည့် နှစ်တိုင်း၏ ဇကားသ်ကို မုချပေးဆောင်ရမည်ဖြစ်သည်။ (ဒုရ်ရိမုခ်တာရ်ကျမ်း)
အထက်ပါ ဇကားသ်နှင့် ပတ်သက်သည့် ဖသ၀ါ (ဓမ္မသက်) များအား စီစဉ်တင်ပြခဲ့သည့် မော်လမြိုင်မြို့မှ မုဖ်သီ မဟ်မူးဒ်ဟုစိုင်န် (မဟ်မူဒီ၊ ဟုစိုင်နီ၊ မဇွာဟေရီ) ဟုစိုင်နီယဟ် မဇွာဟိရ်အုလူမ် အစ္စလာမ့်တက္ကသိုလ်ကြီး၏ ဟဒီးဆ် နှင့် ဖိကဟ် ဘာသာရပ်များအား သင်ကြားပို့ချနေသော ဆရာတော်မှ ပြုစုရေးသားထားသည်များကို အလင်းမျက်ဝန်း မီဒီယာမှ တင်ပြခဲ့ခြင်းဖြစ်ပါသည်။
စိုဒိုက်စ် | အလင်းမျက်ဝန်း
မြူ နှင်း(အေးရိပ်ငြိမ်)



Inga kommentarer:
Skicka en kommentar