အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 30 juli 2014

မုန်းတရားလှုံ့ဆော်မှုများကို လုံးဝသည်းခံတော့မည်မဟုတ်ဟု ပြောကြားထားသော နိုင်ငံတော်သမ္မတ၏ စကားသည် အမှန်တကယ်ပဲလား

မုန်းတရားလှုံ့ဆော်မှုများကို လုံးဝသည်းခံတော့မည်မဟုတ်ဟု ပြောကြားထားသော နိုင်ငံတော်သမ္မတ၏ စကားသည် အမှန်တကယ်ပဲလား


ဝီရသူဆိုသော သင်္ကန်းဝတ်ဘုန်းကြီးတု၏ အောက်တန်းစားလှုံ့ဆော်ရေးတရားများနှင့် အင်တာနက်လူမှုကွန်ယက်မှ အမုန်းပွားစေမည့်စာများ ရေးသားခြင်းတွေကို လွတ်လပ်ခွင့်ပေးထားခြင်းသည် - အမုန်းတရားလှုံ့ဆော်မှုများကို လုံးဝသည်းခံတော့မည်မဟုတ်ဟု ပြောကြားထားသော နိုင်ငံတော်သမ္မတ၏ စကားသည် အမှန်တကယ်ပဲလား?

လူတစ်ဦး သို့ တစ်စု သို့ အဖွဲ့တစ်ခု၏ အပြစ် လုပ်ရပ် အပြုအမူများသည် ထိုသူတို့နှင့်သာ သက်ဆိုင်သည် ထိုသူများသည် မည့်သည့်ဘာသာကိုယ်းကွယ်သည် မည်သည့်လူမျိုးဖြစ်သည် မည့်သည့်နိုင်ငံသားဖြစ်သည် ဖြစ်ခြင်းသည် ထိုသူများကိုယ်းကွယ်သော ဘာသာ ထိုသူများ၏ အမျိုးအနွယ် နိုင်ငံများနှင့် သက်ဆိုင်ခြင်းမရှိသလို ထိုသူများကိုအကြောင်းပြု၍ ထိုသူများနှင့်ပါတ်သတ်ရာ မပါတ်သတ်ရာများကို ရောထွေး၍ ပုတ်ခတ်အပစ်တင်စော်ကားခြင်းသည် အသိဥာဏ်မဲ့သော လုပ်ရပ်ဖြစ်သည်။


အဖျက်အမှောင့်လုပ်ရပ်ကို ရွံ့မုန်းလျှင် အဖျက်အမှောင့်လုပ်ရပ်ကို လုပ်နေကြသူများကိုသာ ပစ်တင်ရမည် ဝေဖန်ရမည် ထိုအဖျက်လုပ်ရပ်များကို လုပ်နေကြသူများ၏ ဘာသာနှင့် လူမျိုးများကို သိမ်းကြုံး၍ မဝေဖန်သင့် မစော်ကားသင့်ပေ။


မူဝါဒကို မကြိုက်လျှင် မူဝါကို ဝေဖန်နိုင်သည် ထိုမူဝါဒကို ပြုလုပ်နေသူများသည် ထိုဘာသာတရား၏ မူဝါဒသာ ဖြစ်သည်ဟု တရားသေ သတ်မှတ်ခြင်းသည် အသိဥာဏ်မဲ့သောလုပ်ရပ်ဖြစ်သည်။

စနစ်ကိုမကြိုက်လျှင် စနစ်ကိုဝေဖန်နိုင်သည် ထိုစနစ်ကိုအကြောင်းပြု၍ မဆိုင်သူများကို ပုတ်ခတ်စော်ကားခြင်းသည် အသိဥာဏ်မဲ့ခြင်းသာဖြစ်သည်။


အင်္ဂလိပ်နယ်ချဲ့တို့သည် မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည် မြန်မာ့မြေမှ မြန်မာ့သယံဇာတများကို ဂုတ်သွေးစုပ်အမြတ်ထုတ်ခဲ့သည်။ အင်္ဂလန်သည် ခရစ်ယာန်အများစုနေထိုင်သော နိုင်ငံဖြစ်သည်။


ယခုအချိန်၌ အင်္ဂလိပ်များနှင့် ခရစ်ယာန်များအား မည်သူကမျှ ပစ်တင်ဝေဖန်မပုတ်ခတ်ကြပါ ပစ်တင်ဝေဖန်ပုတ်ခတ်လျှင်လည်း ထိုသူသည်သာ အသိဥာဏ်မဲ့သူဖြစ်သည်။


နယ်ချဲ့စနစ်ကိုသာ ဆန့်ကျင့်ကြရမည် နယ်ချဲ့သူများ၏ ကိုယ်ကွယ်းရာဘာသာတရားကို ဆန့်ကျင်၍မရပါ။ ထို့အတူ ဖက်ဆစ်စနစ်ကိုသာ ရွံ့မုန်းကြရမည် ဖက်ဆစ်စနစ်ဖြင့် အနိုင်ကျင့်စော်ကားသူများကိုသာ ဝေဖန်ပစ်တင်ကြရမည်။ ဂျပန်လူမျိုးများအားလုံးကို ယခုအချိန်၌မည်သူကမျှ ဝေဖန်စော်ကားနေကြခြင်းမရှိကြ ဝေဖန်စော်ကားလျှင်လည်း ထိုသူသည်သာ အသိဥာဏ်မဲ့သူဖြစ်သည်။


နာဇီဝါဒကို ရွံ့မုန်းလျှင် နာဇီဝါဒီများကိုသာ ပစ်တင်ဝေဖန်ရမည် ဂျာမာန်လူမျိုးများအားလုံးကို သိမ်းကြုံးမစော်ကားသင့် သိမ်းကြုံးဝေဖန်စော်ကားလျှင်လည်း ထိုသူသည်သာ အသိဥာဏ်မဲ့သူဖြစ်သည်။


KIA,KNU,DKBA တို့၏ လုပ်ရပ်ကို မကြိုက်လျှင် ထို KIA,KNU,DKBA တို့ကိုသာ ဝေဖန်သင့်သည် ထိုအဖွဲ့များနှင့် လူမျိုးတူများဖြစ်သော ကချင် ကရင်များအားလုံးကို သိမ်းကြုံး၍ ဝေဖန်စော်ကား၍မရပါ။ ထိုအဖွဲ့များ၏ ကိုယ်းကွယ်ရာ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာများကို ရောထွေး၍ မည်သူကမျှ မပုတ်ခတ် မစော်ကား မဝေဖန်ကြ။ ပုတ်ခတ်စော်ကားဝေဖန်လျှင်လည်း ထိုသူသည်သာ အသိဥာဏ်မဲ့သူဖြစ်သည်။


ဤသို့ဖြစ်လျှင် အစ္စလာမ်ဘာသာဝင်တစ်ဦးပြုလုပ်သော အပြစ်တစ်ခုအား အခြားသော တစ်ကမ္ဘာလုံးရှိအစ္စလာမ်ဘာသာဝင်များအား အဘယ့်အတွက် သိမ်းကြုံးစော်ကားနေကြရပါသနည်း။


အပြစ်ရာဇဝတ်မှုသည် အပြစ်ရာဇဝတ်သာ ဖြစ်သည် ထိုသူသည် အစ္စလာမ်ဘာသာဝင်ဖြစ်ယုံမျှ ထိုအပြစ်ရာဇဝတ်မှုသည် အစ္စလာမ်၏ ဝါဒဟု သတ်မှတ်လျှင် ထိုသူသည် အလွန်သိမ်ဖျဉ်းသောသူသာဖြစ်သည်။


မွတ်စလင်မ်တချို့ သားသမီးများသည်ကို ကြည့်ပြီး အစ္စလာမ်ဘာသာအား သားဖောက်သာသနာဟု နာမည်တပ်သည် မသိလျှင် အခြားဘာသာဝင်များ ကလေးပင် မရှိကြသလို မိန်းမပင်မယူကြသလို ဂျေဟဒ်သည် အာရဗီစာပေဝေါဟာရသာဖြစ်သည် ထိုဂျေဟဒ်ဟူသော စကားသည် အဖိနှိပ် အစော်ကား အနိုင်ကျင့်ခံနေရသူအားလုံးနှင့်သက်ဆိုင်သည်။


သို့သော် ထိုအာရဗီစကားကို တလွဲသိနေကြသည် ဂျေဟဒ်ဟု အသံထွက်ယုံမျှ မွတ်စလင်မ်များ၏ ပြည်သိမ်း ဝါဒဟု ထင်နေကြပြီးလေပြီး ပြောသူများကလည်း လျှာအရိုးမရှိတိုင်း လက်လွတ်စလွယ် ပြောခဲ့ကြသည်။ ပြောသူများမှာ ဗုဒ္ဓဘာသာဝင်များ ဘုရားနှင့် တစ်ဂိုဏ်းတည်းထားသည့် သံဃာများဖြစ်နေသည်။ ဤသည် အလွန်စိုးရိမ်စရာကောင်းသော အခြေအနေဖြစ်သည်။


အကြောင်းအရာတစ်ခုကို အစ္စလာမ်၏ ဝါဒဟု သတ်မှတ်လိုလျှင် ရှေးဦးစွာ အစ္စလာမ်ဘာသာဝင်များကို မေးမြန်းသင့်သည် အစ္စလာမ်ဘာသာဝင်များအကြောင်းကို အစ္စလာမ်ဘာသာဝင်များသာ ကောင်းကောင်းသိနိုင်သည်။


ဗုဒ္ဓဘာသာအကြောင်းကို ဗုဒ္ဓဘာသာဝင်သာ ကောင်းကောင်းသိနိုင်သလို အခြားဘာသာဝင်တစ်ဦးဦးက ဗုဒ္ဓဘာသာဝင်တစ်ဦး၏ လုပ်ရပ်ကို ကြည့်၍ ဗုဒ္ဓဘာသာဟူသည် ဤသို့ဖြစ်သည်ဟု သတ်မှတ်၍မရပါ။


အစ္စလာမ်ဘာသာဝင်များ၌ ခွဲထွက်ရေးစီမံကိန်းများမရှိ၊ မသင်ဖူး၊ မကြားဖူးပါ၊ အကြမ်းဖက်လုပ်ရပ်ကို လက်မခံပါ ခွဲထွက်လာလျှင်လည်း မည်သည့်မွတ်စလင်မ်ကမျှ အသာတကြည်သဘောတူရန်မရှိပါ။ အခြားဘာသာဝင်များက အစ္စလာမ်တွင်မရှိသည့် အချက်များကို ပြောနေခြင်းသည် ရှက်ဖွယ်ဖြစ်သည်။


အကြမ်းဖက်ဝါဒကို ရွံ့မုန်းလျှင် အကြမ်းဖက်နေသူများကိုသာ ဝေဖန်သင့်သည် ထိုအကြမ်းဖက်နေသူများသည် အစ္စလာမ်ဘာသာဝင်ဖြစ်ယုံမျှဖြင့် အစ္စလာမ်ဘာသာအား အကြမ်းဖက်ဘာသာဟုသတ်မှတ်ခြင်းသည် အလွန်တရာ အတွေးခေါင်ခြင်းသာဖြစ်သည် ဗုဒ္ဓဘာသာဝင်တစ်ယောက် အပစ်ကျူးလွန်လျှင် ထိုသူနှင့်သာသက်ဆိုင်သည် ထိုသူကိုအကြောင်းပြု၍ မည်သူကမှ ဗုဒ္ဓဘာသာသည် အကြမ်းဖက်ဘာသာဟုမဝေဖန်ကြ လူတစ်ဦး၏ အပြုအမူလုပ်ရပ်သည် ထိုသူနှင့်သာသက်ဆိုင်သည် ထိုသူသည် မည်သည့်ဘာသာဝင်ကို ကိုယ်းကွယ်သည်ဆိုယုံမျှဖြင့် အမိုက်မှောင် လမ်းမှားနေသူများကို အလင်းရောင် လမ်းမှန်သို့ ဆွဲဆောင်ရန်ပေါ်ထွက်လာသော ဘာသာများအား သိမ်းကြုံးစော်ကားလျှင် ထိုသူသည် အတွေးအခေါ်သိမ်ဖျဉ်းသူဖြစ်သည်။


အစ္စလာမ်ဘာသာရေးဆရာများသည် အစ္စလာမ်ဘာသာရေးတရားအကြောင်းကိုသာဟောပြောရသည် ဗုဒ္ဓဘာသာဘုန်းကြီးသည်လည်း ဗုဒ္ဓဘာသာတရားအကြောင်းကိုသာ ဟောပြောသင့်သည် မိမိနှင့်မနီးစပ် မအပ်စပ် မကျွမ်းကျင်သော အခြားဘာသာများ၏ အကြောင်းအရာများကို ဟုတ်သယောင်ယောင် ဖြင့် လုံးဝတိကျသေချာကြောင်း ကတိများ ခံဝန်ချက်များ အာမခံချက်များထုတ်၍ ဟောပြောခြင်းသည် ရှက်ဖွယ်ကောင်းသည် သေသေချာချာမစူးစမ်း မလေ့လာပဲ တင်းပြည့်ကျပ်ပြည့်ယုံကြည်သူများသည် အသိဥာဏ်သိမ်ဖျဉ်း နုံနည်းသူများသာဖြစ်သည်။


အစ္စလာမ်ဘာသာဝင်များသည် ပြည်သိမ်းစီမံချက်များဖြင့် ဂျေဟဒ်ဆင်နွှဲ၍ မြန်မာနိုင်ငံကို အလွယ်တကူ သိမ်းယူလိုက်မည်ဟု အသိဥာဏ်မဲ့စွာ ယုံကြည်နေကြသူများအနေဖြင့် သေသေချာချာစဉ်းစားဖို့လိုပါသည်။


ပြည်တွင်းတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အများအပြားရှိသည် သိန်းပေါင်းများစွာသော စစ်သားများရှိသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ ခွဲထွက်ရေးအတွက် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်နေကြသော်လည်း မြန်မာနိုင်ငံရှိမည်သည့် နယ်မြေမှ ထိုလက်နက်ကိုင်တပ်ဖွဲ့များလက်သို့ ခွဲထွက်လျှက် မကွဲထွက်သွားသည်ကို သိကြလျှင် အစ္စလာမ်ဘာသာဝင်များက လည်လှီးဂျေဟဒ်လုပ်နေသည်ကို စစ်တပ်နှင့်လက်နက်ကိုင်တပ်ဖွဲ့များက လက်ပိုက်ကြည့်နေကြလျှက် မြန်မာနိုင်ငံကြီး အစ္စလာမ်နိုင်ငံဖြစ်သွားမည်ဟူသော လုပ်ကြံလှုံ့ဆော်ရေးတရားများအား စဉ်းစားချင့်ချိန်နိုင်စွမ်းမဲ့စွာ အယုံလွယ်နေကြသူများသည် မိဘကောင်းတစ်ဦး၏ ကောင်းမွန်သော ဆိုဆုံးမမှုကို မခံခဲ့ရသော သားသမီးများ။ ဆရာကောင်းများ၏ ကောင်းမွန်သော ပဲ့ပင်ဆုံးမမှုများဖြင့် မကြုံစုံခဲ့ရဖူးသူများ ကောင်းမွန်သော ပတ်ဝန်းကျင်တွင် ကောင်းမွန်စွာမကြီးပြင်းခဲ့ရသူများဟုမှတပါး အခြားသတ်မှတ်စရာမရှိပါ။

 
MSK

                                  မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar