အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 30 juli 2014

969 အဖွဲ့မှ အကြမ်းဖက်ရန် လှုံ့ဆော်နေသော်လည်း အစ္စလာမ်ဘာသာဝင်များမှ ငြိမ်းချမ်းရေးကို ထိန်းသိမ်းလျှက်ရှိ

969 အဖွဲ့မှ အကြမ်းဖက်ရန် လှုံ့ဆော်နေသော်လည်း အစ္စလာမ်ဘာသာဝင်များမှ ငြိမ်းချမ်းရေးကို ထိန်းသိမ်းလျှက်ရှိ

အစ္စလာမ်ဘာသာဝင် သက်ကြီးရွယ်အိုတစ်ဦးမှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ဦးအား ကူညီပေးနေစဉ် (ဓာတ်ပုံ fb)
စစ်ယူနီဖောင်းချွတ်ပြီး သမ္မတဖြစ်လာသော ဦးသိန်းစိန်အစိုးရလက်ထပ်တွင် မြန်မာ့သမိုင်း၌ အဆိုးရွားဆုံးသော ဘာသာရေးအကြမ်းဖက်မှုများ ပေါ်ပေါက်လာခဲ့ပါတယ်။

ယင်းဖြစ်စဉ်များကြောင့် အစ္စလာမ်ဘာသာရဲ့ အခြေခံအဆောက်အအုံများစွာ ဖြိုချ ဖျက်ဆီးခံရခြင်း၊ ပိတ်ပင်ခံရခြင်းများ ရှိခဲ့ပြီး ရခိုင်ပြည်နယ်တွင် အစ္စလာမ်ဘာသာဝင် ထောင်သောင်းချီ၍ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပါတယ်။


“လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်သည်”ဟု စကားပုံအရ ဆိုနိုင်မည်ဖြစ်သော်လည်း ဦးသိန်းစိန်အစိုးရလက်ထက် အကြမ်းဖက်ခံရမှုများတွင် အစ္စလာမ်ဘာသာဝင်များသည် တစ်ဖက်သက် အကြမ်းဖက်ခံရခြင်းများသာ ဖြစ်တယ်လို့ လေ့လာသူများက ဆိုပါတယ်။


ပေါ်ပေါက်ခဲ့သော ဘာသာရေး ဖိနှိပ်မှုများတွင် အာဏာပိုင်များမှ ပူးပေါင်းပါဝင်ခဲ့တယ်လို့ မွတ်စလင်မ်အများစုမှ သံသယ ဖြစ်လျှက်ရှိပါတယ်။


ယင်းသို့ သံသယများ ပေါ်ပေါက်ရသည့်အကြောင်းအရင်းများစွာရှိသည့်အနက် အချို့ကတော့...


(၁) ပြန်ကြားရေးဝန်ကြီးဌာနမှ စစ်တွေမြို့တွင် အစွန်းရောက် ဗုဒ္ဓဘာသာ အကြမ်းဖက်သမား စစ်သွေးကြွများမှ အကြမ်းဖက်မှုများအား ကျူးလွန်၍ ရဲစခန်းအတွင်းထိ ၀င်ရောက်ကာ လက်နက်တိုက်အား ဖောက်ထွင်း၍ လက်နက်များ လုယူမည့်ဆဲဆဲတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ပစ်ခတ်နှိမ်နင်းရသည့် သတင်းများအား မည်သူ မည်ဝါ ကျူးလွန်သည်ကို ရှင်းလင်းစွာ ဖော်ပြခြင်းမရှိသည့်အချိန်တွင် တောင်ကုတ်၌ အပြစ်မဲ့စွာ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရသည့် မြန်မာမွတ်စလင်မ်များအား သတင်းစာများတွင် “မူစလင်ကုလားလူမျိုးများ”ဟု စော်ကားပုတ်ခတ်သည့် စကားလုံး အသုံးအနှုံးများဖြင့် ဖော်ပြခဲ့ခြင်း၊


(၂) သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေး (အင်တာနက်အမည် မှူးဇော်) ဆိုသူမှ အင်တာနက်တွင် အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက်သမားများအသွင်ဖြစ်အောင် သတင်းမှားများ ဖြန့်ချိခဲ့သည့်အပြင် အခင်းဖြစ်နေရာ၌ တစ်ဖက်မြင်ပုံရိပ်ဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံများအား ပြည်တွင်းမီဒီယာတချို့နှင့်ပူးပေါင်း၍ နိုင်ငံအ၀ှမ်း ပျံ့နှံ့အောင် ဖြန့်ဖြူခဲ့ခြင်း


(၃) ပြည်တွင်းမီဒီယာများနှင့် ပါတီတချို့မှ ယခုအချိန်အထိ အစ္စလာမ်ဘာသာအား စော်ကားသည့် ရေးသားမှုများအား အင်တာနက်တွင်သာမက စာစောင်များတွင်ပါ ထည့်သွင်း ပြုလုပ်နေဆဲဖြစ်သော်လည်း မျက်ကွယ်ပြု၍ လွှတ်ထားခြင်းကြောင့် အစွန်းရောက်သူများ ပိုမို၍ သွေးကြွလာစေခြင်း၊


(၄) ဗုဒ္ဓဘာသာ အစွန်းရောက် အကြမ်းဖက်သမား ဘုန်းကြီးများမှ တရားဝင် တရားပွဲများ ပြုလုပ်၍ ကမ္ဘာ့ ဒုတိယ ကိုယ်းကွယ်မှုအများဆုံး ဘာသာကြီးဖြစ်သော အစ္စလာမ်ဘာသာအား တရားဝင် စော်ကားမှုများ ပြုလုပ်နေခြင်းအား အားပေး အားမြှောက် ပြုလုပ်ပေးထားခြင်း၊


(၅) အကြမ်းဖက် လုပ်ရပ်များ ပေါ်ပေါက်လာသည့်အခါတိုင်း အစိုးရတာဝန်ရှိသူများနှင့် သက်ဆိုင်သူများ ပြောင်ကျကျ ပါဝင်ကျူးလွန်နေခြင်း၊ ရခိုင်ပြည်နယ်တွင် လက်နက်ဖြင့် အစ္စလာမ်ဘာသာဝင်များအား ပစ်ခတ် သတ်ဖြတ်နေခြင်း၊ ရခိုင်ပြည်နယ်တွင် တားမြစ်ဆေးများ၊ လက်နက်များ ကုန်ကူးနေသူများအား လက်ဆုပ်လက်ကိုင် ဖမ်းဆီးမိနေသော်လည်း ထိုသူများသည် ဗုဒ္ဓဘာသာဝင်များဖြစ်ခြင်းနှင့် ဘုန်းတော်ကြီး သင်္ဃန်းဝတ်များ ဖြစ်နေခြင်းကြောင့် အများမသိရအောင် ဖုံးကွယ်ထားခြင်း၊


(၆) ယခုအခါ 969 အမည်ဖြင့် အကြမ်းဖက်ဂိုဏ်းထူထောင်၍ နယ်လှည့် စည်းရုံးရေး၊ ဂိုဏ်းသား တိုးပွားရေးအတွက် အင်တာနက်မှတဆင့် ၀ါဒဖြန့်သူများမှာ ပြည်ပရောက် အစိုးရတာဝန်ထမ်းဆောင်နေသူများဟု သံသယဖြစ်နေသူများနှင့် ၎င်းတို့အတွက် နောက်ကွယ်မှ ထောက်ပံ့ပေးထားခြင်း၊


(၇) 969 အမည်ခံ သံဃာအကြမ်းဖက်ဂိုဏ်းများအား လွတ်လပ်စွာဖြင့် လှုပ်ရှားမှု ပြုနိုင်ရန် အကာအကွယ်ပေးထားခြင်း၊


(၈) 969 အကြမ်းဖက်ဂိုဏ်းမှ အစ္စလာမ်ဘာသာဝင်များကို အကြမ်းဖက် သုတ်သင်ရင် ပြင်ဆင်သည့် လှုံ့ဆော်ရေး စာတန်းများနှင့် လှုပ်ရှားမှုများကို သိသိကြီးနှင့် လွှတ်ထားပေးခြင်း၊


(၉) 969 အကြမ်းဖက်ဂိုဏ်းမှ အစ္စလာမ်ဘာသာဝင်တို့နှင့် ဆက်သွယ်သူများကို ဥပဒေမဲ့ အပြစ်ပေး အရေးယူသည့်အခြေအနေများကို ထိန်းသိမ်းမှု မပြုခြင်းကြောင့် ယခုအခါ 969 ဂိုဏ်းသားများနှင့် ဗုဒ္ဓဘာသာဝင်များအကြား ပဋိပက္ခမီးများ စတင်တောက်လောင်လာခြင်း၊


(၁၀) 969 အကြမ်းဖက်ဂိုဏ်း၏ ထိပ်သီးပုဂ္ဂိုလ်များအဖြစ် လူသိများသော မန္တလေးမှ ၀ီရသူ၊ ရန်ကုန် သာကေတမှ ဒယ်အိုးနဲ့ မှော်ဘီမှ ရွှေည၀ါတို့အား သိရှိထားသော်လည်း အရေးယူမှု မရှိခြင်း


အစရှိတာတွေပဲ ဖြစ်ပါတယ်။


ယင်းအချက်များအပြင် အစိုးရတာဝန်ရှိသူများဟာ အစ္စလာမ်ဘာသာဝင်များအား အခြေအနေအရပ်ရပ်တွင် ခက်ခဲမှုဖြစ်စေရန် မှတ်ပုံတင်များ ထုတ်ပေးခြင်းအား ကန့်သတ်ခြင်း၊ အိမ်ထောင်စုဇယားများအား ကန့်သတ်ထားခြင်း၊ လုပ်ငန်းများအား ပြန်လည်ပိတ်သိမ်းခြင်း၊ ရှေးဟောင်း သမိုင်းဝင် ဗလီများအား ပြင်ဆင်ခွင့် မပေးခြင်း၊ သမိုင်းဝင် သုသာန်များအား အစဖျောက်နေခြင်း၊ ဘာသာရေးအခြေခံ စာသင်ကျောင်းများအား ပိတ်သိမ်းခြင်း၊ ပွဲတော်များ ကျင်းပခွင့် ပိတ်ပင်ထားခြင်း၊ ကလေးသူငယ်များ ပညာသင်ကြားရေးတွင် ခွဲခြားမှုများ ပြုလုပ်ထားခြင်းများရှိနေသော်လည်း တစ်ဖက်တွင်မူ ဗုဒ္ဓဘာသာဝင်များအား အစွန်းရောက်စေမည့် တရားပွဲအမည်ခံ အကြမ်းဖက်စည်းရုံးရေး လှုံ့ဆော်ပွဲများအား လွတ်လပ်စွာ ကျင်းပခွင့် ပေးထားပြီး အစ္စလာမ်ဘာသာရဲ့ ဘုရားသခင် အလ္လာဟ်အရှင်မြတ်နဲ့ တမန်တော်မိုဟမ္မဒ်တို့အား စော်ကားနေခြင်းအား အတားအဆီးမဲ့ ပြုလုပ်စေခိုင်းနေခြင်းကြောင့် အစ္စလာမ်ဘာသာဝင်များရဲ့ ခေါင်းဆောင် တမန်တော်မိုဟမ္မဒ်အား အထင်အမြင် လွဲမှားမှုများ ပေါ်ပေါက်၍ မုန်းတီးလာစေခြင်းအား အစ္စလာမ်ဘာသာဝင်များဘက်မှ ပြန်လည်ချေပ ရှင်းလင်းတင်ပြနိုင်ရန်အတွက် အခွင့်အရေးများ ဆုံးရှုံးနေခြင်းအပေါ် အခွင့်ကောင်းယူ၍ ဗုဒ္ဓဘာသာ အစွန်းရောက် 969 အကြမ်းဖက်ဂိုဏ်းဟာ အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာသာဝင်များကို သွေးခွဲပြီး အစ္စလာမ်ဘာသာအား မြန်မာပြည်မှ စိတ်ကူးယဉ်ဆန်ဆန် အမြစ်ပြတ် သုတ်သင် ချေမှုန်းရန်အတွက် ဖွဲ့စည်းပြီး မြို့ရွာအနှံ့တွင် လှုပ်ရှားမှုများ အရှိန်မြှင့် လုပ်ဆောင်လာနေကြပါတယ်။


သို့သော် အစ္စလာမ်ဘာသာဝင်များကမူ မြို့ရွာတိုင်းတွင် ဗုဒ္ဓဘာသာဝင်များနှင့် ပူးတွဲ၍ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံရေးနဲ့ ဘာသာရေးတွေကို အရှိန်မပြတ် လုပ်ဆောင်ရင်း ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော တမန်တော် မိုဟမ္မဒ်ရဲ့ နောက်လိုက်များအဖြစ် ငြိမ်းချမ်းရေးကို ထိန်းသိမ်းလျှက် ရှိနေပါကြောင်း “အလင်းမျက်ဝန်း”မီဒီယာရဲ့ အယ်ဒီတာ့ အာဘော်အဖြစ် တင်ပြလိုက်ရပါတယ်။



                               မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar