အထူးသတင်းတပ်ဖွဲ့က ဂျာနယ်အချို့ ခေါ်ယူမေးမြန်း
RFA - 2014-06-22ပြည်တွင်းထုတ် သတင်းဂျာနယ်တချို့ရဲ့ ငွေကြေးလည်ပတ်မှုတွေနဲ့ပတ်သက်ပြီး ဂျာနယ်တိုက် တာဝန်ရှိသူတချို့ကို အထူးသတင်းတပ်ဖွဲ့က ခေါ်ယူမေးမြန်းနေတယ်လို့ သိရပါတယ်။
မြန်မာပို့စ်ဂျာနယ်ရဲ့ ငွေကြေးလည်ပတ်မှုနဲ့ပတ်သက်ပြီး အစစ်ဆေးခံဖို့ အကြောင်းကြားခံထားရတဲ့အကြောင်း မြန်မာပို့စ်ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုဇော်မင်းနိုင်က အခုလိုပြောပါတယ်။
"ငွေကြေးလည်ပတ်ပုံကို ခေါ်ယူပြီး မေးတယ်ဆိုတာ ဒါကျနော်တို့ တစ်ခါမှလည်း မကြားဖူးဘူးပေါ့နော်။ ဘာကြောင့်မေးတာလဲ ကျနော်တို့ ပြန်မေးလိုက်တယ်။ သူက အထက်အမိန့်အရလို့ သူက ပြောပါတယ်။ အထက်အမိန့်အရဆိုတော့ ဘယ်လိုအထက်အမိန့် အရလဲ ဆိုတာ ထပ်မေးတော့ သူတို့ ပြောပိုင်ခွင့်မရှိပါဘူး ဆိုပြီးတော့ အဲ့အတိုင်း ပြောသွားတယ်၊ သူတို့ လက်ရှိ Black Money အဲ့ဒီဟာမျိုးကိုပဲ သိချင်တာလား ဒါမှမဟုတ်လို့ရှိရင် ဆုံးဖြတ်သင့်ကိစ္စတွေလည်း ရှိနေတာအတွက်ကြောင့်မို့လို့ ဒါအများကြီးပဲ တွေးစရာတွေပါ"
မြန်မာပို့စ်ဂျာနယ်အပြင် မြန်မာသံတော်ဆင့်ဂျာနယ်က တာဝန်ရှိသူတွေကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။ အစစ်ဆေးခံမယ့် အချိန်ကို အတိအကျ မသတ်မှတ်ထားဘဲ ဂျာနယ်တိုက် တာဝန်ရှိသူတွေ အဆင်ပြေမယ့်အချိန်ကို ပြန်လည်ဆက်သွယ်ပေးရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ခေါ်ယူမေးမြန်းခံရတဲ့ ပေါ်ပြူလာဂျာနယ်က ကိုမျိုး(မြန်မာစာ) ကလည်း အခုလို ပြောပြပါတယ်။ "သူများဂျာနယ်အကြောင်းအရ ကျနော်တို့ဆီက အစ်အောက်ထုတ်တဲ့မျိုးဆန်တယ်လေ။ အဲ့လိုမျိုးတော့ ကျနော် သတိထားမိပြီးတော့ သူတို့ကိုပြောတယ်။ ကျနော်တို့ကို ဘာကြောင့်မေးတာလဲလို့ ကျနော် မေးခဲ့တယ်။ ကျနော်တို့ကို မေးတဲ့ဥစ္စာက အခုလတ်တလောဖြစ်နေတဲ့ သံတော်ဆင့်တို့ ဘာတို့နဲ့ပတ်သက်လား၊ မဟုတ်ပါဘူး ကျုပ်က သိချင်ရုံသက်သက်ပါတဲ့ နောက်ဆုံးအဆုံးသက်တော့ မိတ်ဆွေတယောက်အနေနဲ့ မေးတယ်ဆိုတဲ့ ပုံစံမျိုးပါပဲ။ ညကျတော့မှ ဆရာဦးဖေမြင့်က အဲ့ညနေပေါ့နော် ဆရာဦးဖေမြင့်က ပြောတော့မှ ဂျာနယ်တိုက်တွေ ညကို ခေါ်တယ်ဆိုတာ ကျနော် သိရတာပေါ့"
ဒီလို ခေါ်ယူမေးမြန်းတာမှာ ဂျာနယ်တစောင်ထုတ်ဝေရင် လူအင်အား ငွေအင်အား ဘယ်လောက်သုံးရမယ် ဆိုတာမျိုးကို အလွတ်သဘောမျိုး မေးမြန်းတာဖြစ်ပြီး ဂျာနယ်တိုက်တချို့ရဲ့ ငွေထုတ်ပေးနေသူ အစိုးရအဖွဲ့ဝင်များနဲ့ ပတ်သက်သူ စသည်တို့ကို မေးမြန်းတာမျိုးလည်း ရှိတယ်လို့ သိရပါတယ်။ လက်ရှိ မေးမြန်းခံရပြီးတဲ့ ဂျာနယ်တိုက်များမှာ ပေါ်ပြူလာနဲ့ The Voice ဂျာနယ်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar