မန္တလေး၊ ရန်ကုန်တို့တွင် ပုဒ်မ ၄၃၆ ဖျက်သိမ်းရန် ထောက်ခံလက်မှတ်ကို ရွေ့လျားစနစ်ဖြင့် စတင်ကောက်ခံ

mizzima/D Wave
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပုဒ်မ ၄၃၆ ဖျက်သိမ်းရန် ထောက်ခံလက်မှတ်များ ကောက်ခံရာတွင် ရွေ့လျားလက်မှတ်ထိုးကောက်ခံခြင်းကို ဇွန်လ ၁ရက်က မန္တလေးနှင့် ရန်ကုန်တို့တွင် စတင်လိုက်ပြီဖြစ်သည်။
“ကျွန်တော်တို့ အဓိကရည်ရွယ်တာကတော့ သက်ကြီးရွယ်အိုတွေနဲ့ နာမကျန်း ဖြစ်နေသူတွေ ထောက်ခံ လက်မှတ်ထိုးနိုင်အောင်လို့ပါ။ သူတို့မှာသွားဖို့လာဖို့ခက်တယ်။ ထိုးဖို့ ဆန္ဒရှိတယ်။ မသွားနိုင်ဘူး ဖြစ်နေတယ်။ သူတို့ဆန္ဒပြည့်အောင် လုပ်ပေးတာပါ။ ဒီလက်မှတ်တွေက ကျွန်တော်တို့ နိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် အရမ်းအရေးပါနေတယ်။ ဒါကြောင့် ၉၀ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပါဝင်လုပ်ဆောင်တာပါ”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၉၉၀ခုနှစ် အောင်မြေသာစံ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်အောင်က မဇ္ဈိမကို ပြောသည်။
မန္တလေးမြို့တွင် ရွေ့လျားလက်မှတ် ကောက်ခံခြင်းကို ဦးတင်အောင်အောင်က ဦးဆောင်၍ ငါးမြို့နယ်တွင် ကောက်ခံ သွားမည်ဖြစ်ပြီး ထိုသို့ကောက်ခံရာတွင် စက်ရုံအလုပ်ရုံများ၊ ဆောက်လုပ်ရေးများတွင် လုပ်ကိုင် နေသော ပန်းရံများနှင့်နယ် မှလာ၍ အလုပ်ကြမ်းလုပ်ကိုင်နေကြ သူများအများစုရှိရာ နေရာများတွင် စားပွဲ များ ချ၍ကောက်ယူခြင်းဖြစ်သည်။ အဆိုပါ နေရာများမှ စုပေါင်းထောက်ခံလက်မှတ် များထိုးလိုပါက ဆက် သွယ်နိုင်ပြီး ဆက်သွယ်လာပါက ရွေ့လျားအဖွဲ့သည်လာရောက် ကောက်ခံပေးမည်ဖြစ်သည်။
ရန်ကုန်တွင်လည်း ၄၃၆နှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ပူးပေါင်းလုပ်ဆောင်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြော ပွဲနှင့် ရပ်ကွက်ထောက်ခံမဲ လက်မှတ်ကောက်ခံပွဲကို မိုဘိုင်းစနစ်ဖြင့် ရန်ကုန်မြို့တွင်းရှိ ကျေးရွာများနှင့် လူစည်ကားသောနေရာများတွင် တကသအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်နေသည် ဟု ၈၈ငြိမ်း/ပွင့်အဖွဲ့မှ တာဝန်ရှိသူ ဦး အောင်လတ်က မဇ္ဈိမကို ပြောသည်။
“၄၃၆ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အဓိကနယ်တွေမှာ ဟောပြောပွဲတွေ လုပ်မယ်။လက်မှတ်ကောက်ခံပွဲ တွေ လုပ်မယ်။ အခုမိုဘိုင်းအနေနဲ့ ရွေ့နေတာကတော့ ရန်ကုန်ပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ရန်ကုန်မှာရှိနေလို့ပါ” ဟု ဦး အောင်လတ်က ဆိုသည်။
အဆိုပါ ဟောပြောပွဲနှင့် ထောက်ခံ လက်မှတ်ကောက်ယူပွဲများကောက်ခံရာတွင် မိုဘိုင်းစနစ်ဖြင့်ဆို သော် လည်း ကားများဖြင့် လိုက်လံကောက်ခံခြင်းမဟုတ်ဘဲ လူဦးရေ ၁၆ယောက်ပါဝင်သော ၈၈ ငြိမ်း /ပွင့်အ ဖွဲ့နှင့် တကသ ကျောင်းသားများမှ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ဒေသခံအမျိုးသားဒီမိုကရေစီရုံး များ၏ ဖိတ်ကြား ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။
“တချို့စက်ရုံတွေ တချို့ဆောက်လုပ် ရေးတွေမှာရှိတဲ့ အလုပ်သမားတွေက အပြင်ထွက်ဖို့အဆင်မပြေဘူး။ အဲဒီလိုဆိုရင် ကျွန်တော်တို့ဆီကို ဖုန်းဆက်ပြီးပြောပါ။ချက်ချင်းလာပြီး ကောက်ခံပေးသွားမယ်။ သူတို့ အားတဲ့အချိန်လာထိုးလို့ရတယ်။ အများစုက နယ်တွေကနေလာလုပ်ကြတယ်။ အလုပ်သမား ထောင်ချီရှိ တယ်။ သူတို့လည်း ထိုးချင်တယ်။ ဒါပေမဲ့ အချိန်နဲ့ အလုပ်လုပ်နေရတော့သွားဖို့ခက်နေတယ်လို့ တချို့ ဆောက်လုပ်ရေးလုပ်သားတွေက ပြောတယ်။ ဒါကြောင့် အခုလို ရွေ့လျား စံနစ်ကို လုပ်ဆောင် ရတာ ပါ။” ဟု အောင်မြေသာစံလွှတ်တော် ကိုယ်စားလှယ် ဦး တင်အောင်အောင်က မဇ္ဈိမကို ပြောသည်။
ရွေ့လျားလက်မှတ်ထိုးကောက်ခံခြင်းများကို လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီးရပ်၊ ကျေးရုံးများမရှိသည့် နေရာများ နှင့် ကျေးလက်များတွင် ကောက်ခံပေးသွား မည်ဖြစ်သော်လည်း ကျေးလက်နေပြည်သူများ တောင်းဆိုဆက်သွယ်မှသာသွားရောက်မည်ဖြစ်သည်။ ဆက်သွယ်မှုမရှိသော ဒေသများသို့ လက်မှတ်ထိုး ကောက်ခံခြင်းများ မပြုလုပ်ကြောင်းနှင့် ထောက်ခံလက်မှတ် အမှန်တကယ် ထိုးချင်သူများက ဆက်သွယ်ခေါ်ယူမှသာသွားရောက်မည်။
မိုဘိုင်းစနစ်ထောက်ခံမဲများကောက်ခံခြင်းကို မတ်လ၂၉ရက်မှ စတင်ခဲ့ပြီး လှုပ်ရှားမှုကာလ ဇူလိုင် ၁၉ အထိ လူစည်းကားသောနေရာများ၊ ဈေးကြီးများ၊ လမ်းဆုံလမ်းခွများ၊ ကျေးရွာများနှင့် လက်လှမ်းမီသော နေရာများကို ရွေးချယ်ကာ လုပ်ဆောင်သွားမည်ဖြစ်သည်။
ကျန်နေရာများကို အမျိုးသားဒီမိုကရေစီအဖွဲ့ရုံးများမှ တစ်ဆင့်ထပ်မံကောက်ခံသွားမည်ဖြစ်ပြီး ကောက်ခံရရှိသည့် လူဦးရေအတိအကျကိုမူ ဇူလိုင်၁၉ ရက်နောက်ပိုင်းတွင် တရားဝင် ထုတ်ပြန်ကြေညာသွားမည်ဟု ၎င်းက ဆိုသည်။
Inga kommentarer:
Skicka en kommentar