ကလေးကစားခွက် ထဲက စင်ကာပူ အကြွေစေ့ တွေ့လို့ ထောင်ချခံရတဲ့ ဒေါက်တာတင်မင်းထွဋ်
Moe Zay Nyein
NLD ဆိုတာ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ အနှစ်(၂၀)ကျော်အတွင်း နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်ခံခဲ့ရတဲ့ ပါတီဖြစ်တယ်။ ဦးဆောင်မှု အဆက်ပြတ်အောင် ခေါင်းဆောင်တွေကို ပုဒ်မ ပုဒ်ထီး အမျိုးမျိုး သုံးပြီး ထောင်နဲ့ အကျယ်ချုပ် တလှည့်စီထား ချုပ်နှောင်ခဲ့သလို အောက်ခြေပါတီဝင်တွေကို နည်းအမျိုးမျိုးနဲ့ ပါတီထဲ မနေနိုင်အောင်လုပ်ခြင်း၊ ဖဲ့ထုတ်စည်းရုံးခြင်းတွေနဲ့ စနစ်တကျ လုပ်ကြံခဲ့တယ်။
NLD ဆိုတာ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ အနှစ်(၂၀)ကျော်အတွင်း နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်ခံခဲ့ရတဲ့ ပါတီဖြစ်တယ်။ ဦးဆောင်မှု အဆက်ပြတ်အောင် ခေါင်းဆောင်တွေကို ပုဒ်မပုဒ်ထီးအမျိုးမျိုးသုံးပြီး ထောင်နဲ့ အကျယ်ချုပ် တလှည့်စီထား ချုပ်နှောင်ခဲ့သလို အောက်ခြေပါတီဝင်တွေကို နည်းအမျိုးမျိုးနဲ့ ပါတီထဲ မနေနိုင်အောင်လုပ်ခြင်း၊ ဖဲ့ထုတ်စည်းရုံးခြင်းတွေနဲ့ စနစ်တကျ လုပ်ကြံခဲ့တယ်။ NLD ပါတီဝင်တစ်ယောက်နဲ့ အခြားသူတစ်ယောက် စက်ဘီးချင်းတိုက်မိ၊ ပြောပလောက်စရာ ဒဏ်ရာမရကြလို့ အချင်းချင်းနားလည်မှုနဲ့ ပြေလည်တာတောင်မှ ထောက်လှမ်းရေးက NLD ပါတီဝင်ကို အမှုလုပ်၊ ထောင်ချခဲ့တာမျိုးတွေ အများအပြား ရှိတယ်။ NLD ရုံးကို ၀င်ထွက်တဲ့သူတွေ၊ NLD ပါတီဝင်တွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံတဲ့ ပါတီဝင်မဟုတ် သူတွေကိုလည်း မှတ်တမ်းတင်၊ ဖိအားပေးတာမျိုးတွေ ရှိတယ်။ ကျွန်တော်နဲ့ ရင်းနှီးတဲ့ NLD မိတ်ဆွေအချို့ကို ကျွေးမွေးပြုစုချင်လို့ စားသောက်ဆိုင်ကို လှမ်းခေါ်ပြီးတောင် သူတို့နောက်မှာပါလာမဲ့ စောင့်ကြည့်သမား ရှဲဒိုးတွေကို ကြောက်လို့ သူတို့နဲ့ တစ်ဝိုင်းထဲမထိုင်ရဲဘူး။ တစ်ဝိုင်းဆီထိုင်၊ အတန်ကြာမှ အပေါ့သွားသလိုလိုနဲ့ အိမ်သာမှာ သွားစောင့်၊ ကျသင့်ငွေပေး လုပ်ခဲ့ရဖူးတယ်။
ပန်းတနော် NLD ၉၀ အမတ် ဒေါက်တာတင်မင်းထွဋ်အိမ်မှာ ကလေးကစားခွက် ထဲက စင်ကာပူနိုင်ငံသုံး အကြွေစေ့(၂)စေ့ကို တွေ့လို့ နိုင်ငံခြားငွေကြေးနဲ့ပုဒ်မတပ် ထောင်ချခံရတယ်။ တောင်ငူ NLD က ဦးအောင်စိုးမြင့်လည်း ၂၀၀၃ ခုနှစ်၊ မတ်လမှာ သူ့ဆိုင်ကယ်နဲ့ ကျောင်းသူတစ်ယောက် စီးလာတဲ့ စက်ဘီးပွတ်မိတယ်။ ကာယကံရှင်ကျောင်းသူ မဆွေဆွေက သူ့အမှားပါ၊ လူလည်း ဘာမှမဖြစ်လို့ အမှုမဖွင့်ပါဘူးလို့ တရားရုံးမှာထွက်ဆိုတယ်။ ဒါပေမဲ့ စစ်ထောက်လှမ်းရေးက ထောင် (၇) နှစ်ချလိုက်တယ်။ ကန့်ဘလူ ၉၀ အမတ် ဒေါက်တာမြင့်နိုင်ကျတော့ ၂၀၀၄ ဒီဇင်ဘာမှာ ရွှေဘိုကနေ ကန့်ဘလူကို ပြန်အလာ မြို့အ၀င်မှာ ရပ်ထားတဲ့ သူ့ဆိုင်ကယ်ကို မိန်းကလေးတစ်ယောက်ရဲ့ဆိုင်ကယ်က ၀င်တိုက်တယ်။ တိုက်မိတဲ့ ကာယကံရှင် ကိုယ်တိုင်က ဒေါက်တာမြင့်နိုင်မှာ အပြစ်မရှိပါဘူးလို့ ကျေအေးလွှာ တင်တာတောင် ထောင်(၃) လချခံလိုက်ရတယ်။ ပဲခူးမြို့နယ်အမတ် ဦးစိုးဝင်းကို ဒီပဲယင်းအကြမ်းဖက်မှုအပြီး မေ(၃၀) မှာ ထောက်လှမ်းရေးတွေ ဖမ်းတယ်။ ဇွန်(၂၉) ရက်နေ့မှာ ဒဏ်ရာဗလပွနဲ့ အိမ်ကိုပြန်ပို့ပေးတယ်။ ထောက်လှမ်းရေးတွေ လက်ချက်နဲ့ ညာဘက်မျက်စိ ကွယ်သွားတယ်။ မဆလ ခေတ်က နိုင်ငံတော် ကောင်စီဝင် ဗိုလ်မှူးကြီးဇော်ဝင်းရဲ့ညီ ဦးတင်မောင်ဝင်း(ခရမ်း) ဟာလည်း ရေကြည်အိုင်မှာ အဖမ်းခံရတဲ့ တစ်လတာ ကာလအတွင်း ထောက်လှမ်းရေးတွေ နှိပ်စက်တဲ့ဒဏ်ကြောင့် ထောင်ထဲမှာ သေပါတယ်။
ကျွန်တော့်မိတ်ဆွေ NLD ပါတီဝင်တစ်ယောက် - (၉-၁၀) တန်း ကလေးတွေကို ဂိုက်ကျူရှင်ပြတယ်။ သူ့ဆီမှာ စာသင်တဲ့ ကလေးတွေရဲ့ မိဘတွေကို မယက၊ ရယကတွေက မကြာခဏ ခေါ်ပြီး ဖိအားပေး တယ်။ ကလေးမိဘတွေလည်း နောက်ဆုံးတော့ ကျွန်တော့်မိတ်ဆွေကို တောင်းပန်ပြီး သူတို့ကလေးတွေကို တခြားဆရာနဲ့ပြောင်းသင်ရတယ်။ မိတ်ဆွေ ကျူရှင်ဆရာလည်း ထမင်းမငတ်အောင် လမ်းထိပ်မှာ ကွမ်းယာဆိုင်ဖွင့်ရောင်းပါတယ်။ ဖွင့်ပြီးလို့ တစ်ရက်နှစ်ရက်နေတော့ စည်ပင်တွေ၊ ရယကတွေ ရောက်လာပြီး စည်ပင်ဥပဒေနဲ့မညီညွတ်လို့ ဘာတို့ အကြောင်းပြပြီး ပိတ်ခိုင်းပါတယ်။ သူ့ဆိုင်နားက တခြားဆိုင်တွေ ကိုတော့ ဘာမှမပြောပဲ သူ့ဆိုင်တစ်ဆိုင်ထဲကိုပဲ ကွက်ပြီး ရမယ်ရှာတာပါ။ ဆိုင်ပိတ်ပေးလိုက်ရ ပါတယ်။ နောက်တော့ “စီးပွားရေးလုပ်ချင်ရင် NLD ကထွက်၊ NLD မှာ ရှိနေသ၍ ဘာလုပ်လုပ် ပြဿနာရှာခံရမယ်” လို့ နယ်မြေခံသတင်းရဲနဲ့ ရယက ကသူ့ကို ခေါ်ပြောပါတယ်။ ဒါပေမဲ့ မိတ်ဆွေကတော့ အငတ်ငတ်အပြတ်ပြတ် ဘ၀နဲ့ပဲ NLD ပါတီဝင်အဖြစ် ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ ရွှေဂုံတိုင်ရုံးမှာ အလှည့်ကျ ရုံးတာဝန်သွားယူရင်း လမ်းစရိတ်မရှိလို့ ရွှေဂုံတိုင်ကနေ သာကေတတို့၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံတို့ကို လမ်းလျှောက်ပြန်ရတဲ့သူတွေလည်း ရှိပါတယ်။ သူတို့လို ရုံးတာဝန်ကျ သူတွေကို ပါတီဝင်အိမ်တွေက အလှည့်ကျ နေ့လည်စာ ကျွေးပါတယ်။ တခါတလေ အလှည့်ကျတဲ့ အိမ်က အဆင်မပြေလို့ ထမင်းမပို့နိုင်တဲ့ အခါ နေ့လည်စာငတ်ကြပါတယ်။
ပြောချင်တာကတော့ စစ်အစိုးရဟာ NLD ကို နည်းလမ်းအမျိုးမျိုးနဲ့ နာလန်မထူ နိုင်အောင် အကြီးအကျယ် ချေမှုန်းဖိနှိပ်ခဲ့တယ်။ အာဏာရှင်တွေရဲ့ ငွေကြေး၊ ရုပ်ဝတ္တုပစ္စည်း၊ အခွင့်အရေးတွေ ပံ့ပိုးမှုနဲ့ အရှင်မွေးလို့ နေ့ချင်းကြီး လာရတဲ့ ကြံဖွတ်ပါတီနဲ့တော့ ဖြောင့်ဖြောင့်ကြီး ကွာတာပေါ့။ NLD အနေနဲ့ ပါတီတွင်း၊ ပါတီပ အသိပညာပေးရေး၊ လေ့ကျင့်ရေး၊ စည်းရုံးရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်ခဲ့အချိန်ကာလ နှစ်တွေက လက်ချိုးရေလို့ ရပါတယ်။ လက်တစ်ဖက်စာ မပြည့်သေးပါဘူး။ NLD ဟာ အာဏာရှင်တွေရဲ့ နှစ်ရှည်လများ ရက်ရက်စက်စက် နှိပ်ကွပ်မှု အောက်မှာ အလဲလဲအကွဲကွဲဖြစ်တာတောင် လဲကျမသွားတဲ့၊ အနှစ်(၂၀) စာလောက် ပါတီလုပ်ငန်းတွေကို ခုမှ အသည်းအသန် လုပ်နေရတဲ့၊ ခေါင်းဆောင်တွေကို ထောင်ထဲထည့်ပြီး အချိန်ဖြုန်း၊ အသက်အရွယ် ထောက်၊ ရောဂါတွေတက်မှ ပြန်လွှတ်ပေးခံခဲ့ရတဲ့ ပါတီဖြစ်ပါတယ်။ အာဏာရှင် တွေရဲ့ အနိုင်ကျင့်လုပ်ရပ်တွေကြောင့် ကုန်ဆုံးခဲ့ရတဲ့ အချိန်တွေ၊ လူ့စွမ်းအားတွေ ကိုတော့ ထည့်မပြော၊ ထည့်မတွက်ပဲ NLD မှာ ကပယ်စတီ မရှိတာတွေ၊ မျိုးဆက်သစ်မရှိတာတွေပဲ လေကန် ဝေဖန်နေတဲ့ ဦးနှောက်ပိုင်ရှင်တွေကတော့ ချီးဘရိန်းတွေထင်ပါရဲ့။

Inga kommentarer:
Skicka en kommentar