အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

måndag 23 juni 2014

တောင်းပန်သူ ဗိုလ်အောင်မင်းသည် အင်္ဂုလိမာလဂိုဏ်းသားလော ဒေဝဒတ်ဂိုဏ်းသားလော ...

တောင်းပန်သူ ဗိုလ်အောင်မင်းသည် အင်္ဂုလိမာလဂိုဏ်းသားလော ဒေဝဒတ်ဂိုဏ်းသားလော ...

တူမောင်ညို

ချစ်စနိုးနဲ့ (ချို) ဂျို ကိုင်ကြည့်တာပါလို့ဆိုဆို၊ ပမာမခန့်နဲ့ အမြှီးတက်နင်းတာပဲဖြစ်ဖြစ် စစ်အုပ်စုက အကဲဆတ်တယ်၊ ကျွဲမြှီးတိုတယ် ဆိုတာကို ဗိုလ်အောင်မင်း တောင်းပန်စာက ထင်ဟပ်ဖော်ပြနေပါတယ်။ စစ်အုပ်စုတခြံထဲပေါက် အချင်းချင်းပင်ဖြစ်ပါစေ သည်းမခံဘူးလို့ ပြောချင်ပြချင်ပုံရပါတယ်။ ဒါ့အပြင် မင်းတို့ပြောနေ၊ ဆိုနေတာတွေကို ငါတို့ မပြတ်စောင့်ကြည့်နေတယ်လို့ သတိပေးချင်ပုံလည်း ရပါတယ်။ ဗိုလ်အောင်မင်းခမျာ “သစ္စာဖောက်ခဲ့ခြင်းမရှိ၊ နောင်လည်း သစ္စာဖောက်မည် မဟုတ်ပါ” လို့ စစ်အုပ်စုထံ (အငြိမ်းစားပါ မကျန်) ရှိခိုးဦးတင် တောင်းပန်ရပါတယ်။ တကယ်တော့ အငြိမ်းစားနေတာဆိုလို့ ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးပဲ ရှိတာပါ။

ဗိုလ်အောင်မင်းက လေးကောင်ဂျင်သမား၊ ဖဲသုံးချပ်သမားလို စကားတွေ ပြောတတ်သူပါ။ အခုဟာကလည်း ဗိုလ်အောင်မင်း ထုံးစံအတိုင်း အာချောင်ပြီး “သူရ/သီဟတွေ” ရဲ့ အမြီးနင်းမိသွားတာပါ။

ဗိုလ်အောင်မင်းတို့အပါအဝင် စစ်အုပ်စုဟောင်း/သစ်တွေဟာ ပြည်သူလူထုအပေါ် မောက်မာ၊ ရမ်းကား၊ ရိုင်းစိုင်းပြီး အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်ခဲ့ကြသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ အဲဒီလို ရာဇဝတ်မှုလုပ်ရပ်တွေနဲ့ပတ်သက်လို့ ပြည်သူလူထုအပေါ် ဘယ်တုန်းကမှ ဝန်ချတောင်းပန်တာမျိုး လုံးဝမရှိခဲ့ပါဘူး။ ဝေးဝေးက အကြောင်းတွေကို မပြတော့ပါဘူး၊ လတ်တလောကာလမှာပဲ ကြည့်လိုက်ပါ။

လျှပ်စစ်ဝန်ကြီး ဗိုလ်ဇော်မင်း၊ လယ်ဆည်ဝန်ကြီး ဗိုလ်မြင့်လှိုင်၊ မွေး/ရေလုပ်ငန်းဝန်ကြီး ဗိုလ်အုန်းမြင့်၊ စက်မှုဝန်ကြီး ဗိုလ်အေးမြင့်၊ ဘူးလက်ဗိုလ်လှဆွေတို့ ပြည်သူလူထုအပေါ် ရိုင်းရိုင်း စိုင်းစိုင်းပြုမူပြောဆို ခဲ့တာတွေကို ဘယ်သူကများ၊ ဘယ်လိုအနူးအညွတ် ဝန်ချတောင်းပန်ခဲ့ကြဖူးသလဲ။ မတောင်းပန်တဲ့အပြင် ပြန်ကြားရေးဝန်ကြီး ဗိုလ်အောင်ကြည်တို့၊ သမ္မတပြောခွင့်ရ ဗိုလ်ရဲထွဋ်တို့က ဝိုင်းဝန်း၊ ဖာထေး၊ အကာကွယ်ပေးနေကြတာကို မျက်မြင်နားကြားပဲမဟုတ်ပါလား။

''တကယ်တော့ “သီဟတွေ၊သူရတွေ” ဆိုတာ စစ်အုပ်စုထိပ်သီးက သူ သိမ်းပိုက်ထားတဲ့အာဏာကို မိုက်မိုက်ကန်းကန်း ကာကွယ်ပေးတဲ့သူ၊ မျက်ကန်းတစ္ဆေမကြောက်လုပ်ဝံ့သူတွေကို စစ်အုပ်စုထိပ်သီးက ပေးသနားတဲ့ “ဆု” ဖြစ်ပါတယ်။ ပြည်ပကျူးကျော်မှု ရန်စွယ်ကို တိုက်ဖျက်နိုင်လို့၊ တိုင်းပြည်နဲ့ပြည်သူကို စွန့်စွန့်စားစား ကာကွယ်ခဲ့လို့ ပေးတာမှမဟုတ်ဘဲ။''

ဗိုလ်သန်းရွှေဓာတ်ပုံနဲ့ အတူယှဉ်တွဲချိတ်ဆွဲထားတဲ့ စစ်အုပ်စုရဲ့ ဂေါ့ဖားသားဖြစ်တဲ့ ဗိုလ်နေဝင်းကို ကြည့်ပါ။ “၇ ရက်ဇူလိုင် အရေးအခင်း”နဲ့ (တကသ) အဆောက်အအုံဖြိုချတာကို တောင်းပန်ခဲ့ဖူးသလား။ “ဓား – ဓားချင်း၊ လှံ – လှံချင်း” ဆိုပြီး လူမိုက်လို စိန်ခေါ်ပါတယ်။ “၈၈ အရေးတော်ပုံကြီး” ကြောင့် မတတ်သာပဲ အာဏာပလ္လင်ပေါ်က ဆင်းသွားရတော့လည်း “စစ်တပ်ဆိုတာ မိုးပေါ်ထောင်ဖောက်တာ မပါဘူး – ပစ်ရင် တည့်တည့်ပစ်တယ်”လို့ ကြုံးဝါးသွားခဲ့ပါတယ်။ ဒီတော့ ဘမျိုးဘိုးတူဆိုတာလို ဗိုလ်နေဝင်း – ဗိုလ်သန်းရွှေတို့ရဲ့ အမွေစားအမွေခံ ယနေ့စစ်အုပ်စုဟာ ပြည်သူလူထုအပေါ် မတောင်းပန်တာ သိပ်တော့မဆန်းလှပါဘူး။

သူတို့လောဂျစ်က လူထုဆိုတာ စော်ကားဖို့၊ အကြမ်းဖိနှိပ်၊ သတ်ဖြတ်ဖို့ပဲ ဖြစ်ပါတယ်။ သူတို့ဟာ ပြည်သူလူထုအပေါ် နေနဲ့မီးလို ကျင့်ကြံပြုမူကြပြီး၊ ထိပ်သီးစစ်အာဏာရှင်များအပေါ်မှာတော့ ခြေသုတ်ပုဆိုးမြွေစွယ်ကျိုး ဆိုတာလို သစ္စာမြဲကြပါတယ်။

တကယ်တော့ “သီဟတွေ၊သူရတွေ” ဆိုတာ စစ်အုပ်စုထိပ်သီးက သူ သိမ်းပိုက်ထားတဲ့အာဏာကို မိုက်မိုက်ကန်းကန်း ကာကွယ်ပေးတဲ့သူ၊ မျက်ကန်းတစ္ဆေမကြောက်လုပ်ဝံ့သူတွေကို စစ်အုပ်စုထိပ်သီးက ပေးသနားတဲ့ “ဆု” ဖြစ်ပါတယ်။ ပြည်ပကျူးကျော်မှု ရန်စွယ်ကို တိုက်ဖျက်နိုင်လို့၊ တိုင်းပြည်နဲ့ပြည်သူကို စွန့်စွန့်စားစား ကာကွယ်ခဲ့လို့ ပေးတာမှမဟုတ်ဘဲ။

ဦးတင်ဦး(ဒီချုပ်ပါတီနာယကကြီး)ကတော့ ချွင်းချက်ပေါ့။ သူက ကူမင်တန် တရုတ်ဖြူကျူးကျော်စစ်ပွဲမှာ ရခဲ့တာလို့ ထင်ပါတယ်။ ဗိုလ်ရွှေမန်းရှေ့က “သူရ” ဆိုတာကတော့ (KNU) နဲ့ တိုက်လို့ရတာ ဖြစ်ပါလိမ့်မယ်။

ဒါ့အပြင် ဗိုလ်အောင်မင်း ပြောတဲ့ စကားတိုင်းဟာ အတည်ယူလို့ ရတာတွေ မဟုတ်ပါဘူး။ “အလွတ်သဘော” ပြောတာဆိုတော့ ပါးစပ်ထဲရှိတာ ပြောတာပါ။ သူ့ကို ဒီလိုပြောခွင့်ပေးထားတာပါ။

ဗိုလ်အောင်မင်းနဲ့တွေ့ကြရတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေထဲက အချို့နဲ့ ဒီမိုကရေစီအင်အားစုတွေထဲက အချို့ဟာ ဗိုလ်အောင်မင်းအပြောမှာ “မျော” သွားကြတယ်။ ဗိုလ်အောင်မင်း ဒိုင်ကြောင်တွေကို “ခိုက်”သွားကြပါတယ်။ ဗိုလ်အောင်မင်းလေမှာ အအေးမိနှာစေးကုန်ကြပါတယ်။ တချို့များဆိုရင် နှစ် ၂၀ လောက် ကွဲနေတဲ့ “အမေ့မောင်” ကို ဗြုံစားကြီး ပြန်တွေ့ရသလို ရင်ထဲ တလှပ်လှပ် ဖြစ်ကြရတဲ့ ပုံစံမျိုးတွေ ပြောတာ ကြားရပါတယ်။ ဒါကြောင့် ဗိုလ်အောင်မင်းနဲ့ စကားပြောနေကြသူတွေ သတိရှိစေချင်ပါတယ်။

နောက်တစ်ခုက “သင်လို့ လွယ်တဲ့သူနဲ့ သင်လို့ ခက်တဲ့လူ” သို့မဟုတ် “အင်္ဂုလိမာလဂိုဏ်း” နဲ့ “ဒေဝဒတ်ဂိုဏ်း” ဆိုပြီး ခွဲပြောနေတဲ့ကိစ္စဖြစ်ပါတယ်။ တကယ်တော့ (နဝတ-နအဖ) စစ်အုပ်စုနဲ့ သူတို့အမွေစားအမွေခံတွေဟာ ဘယ်လိုပဲ ဂိုဏ်းကွဲနေပါစေ သူတို့အားလုံးဟာ အမိအဖ ဆိုတဲ့ ပြည်သူလူထုအပေါ် လက်ညှိုးလည်းဖြတ်မယ်၊ ခြေဖဝါးကို ဓားနဲ့ခွဲပြီး ဆားသိပ်မယ်ဆိုတဲ့ သူတွေချည်း ဖြစ်ပါတယ်။

ဒါကြောင့် အဓိက သတိပြုစေချင်တဲ့ အချက်ကတော့ သူတို့ဟာ ဒေဝဒတ်ထက် အပြန်တစ်ရာမက မိုက်မဲသူတွေဖြစ်တယ် ဆိုတာပါပဲ။ “သင်နိုင်ကောင်းရဲ့/ ကျွတ်နိုင်ကောင်းရဲ့” လို့ မျှော်လင့်နေခြင်းဟာ စိတ်ကူးယဉ်တာသာဖြစ်ပါလိမ့်မယ်။

စစ်အုပ်စုကို ထိထိရောက်ရောက် သင်ကြားပြောင်းလဲပေးနိုင်မယ့်၊ ချွတ်နိုင်/ကျွတ်နိုင်စေမယ့် သူကတော့ ပြည်သူ့တော်လှန်ရေး ဆိုတဲ့ ဆရာသမားကောင်းသာလျှင် ဖြစ်ပါတယ်။


                                                 မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar