အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

tisdag 1 april 2014

" ရန်ကင်းမြို့က လူသတ်မှုနဲ့ ဆန္ဒပြပွဲ " နှလုံးရောဂါရှိသူများမကြည့်ရ

" ရန်ကင်းမြို့က လူသတ်မှုနဲ့ ဆန္ဒပြပွဲ "



လူသတ်မှုတစ်ခုကိုအကြောင်းပြုပြီး ဆန္ဒပြပွဲတစ်ခု ရန်ကင်းမြို့မှာ
ဒီနေ့ညနေက ပြုလုပ်ခဲ့ကြပါတယ်။ လူအင်အားကလည်းလက်တစ်ဆုပ်စာ
မဟုတ်။ ပုံစံတူတီရှပ်တွေ ဝေငှတာမရှိ၊ နိုင်ငံရေးကြွေးကြော်သံတွေမပါ။
လူလုံးပြတရားဟောတာတွေ မတွေ့ရ။ ရေသန့်ဗူးတောင် ပေးဝေသူမရှိ။
ဒါပေမဲ့ တကယ့်လူထုအသံ၊ ပြည်သူတွေရဲ့ စစ်မှန်တဲ့ ခံစားမှုက ထွက်ပေါ်
လာတဲ့အသံကို ကျနော်ကြားခဲ့ရတယ်။ နိုင်ငံရေး ကြွေးကြော်သံတွေ
မပါပေမယ့် အဲ့ဒါမှ နိုင်ငံရေးအစစ်လို့ ကျနော်ခံစားလိုက်ရတယ်။
အနိဋ္ဌာရုံဓာတ်ပုံတွေကို ကျနော်တင်ပြရမှာ ၀န်လေးပါတယ်။
ဖြစ်နိုင်ရင် လုံးဝကို မတင်ချင်ပါဘူး။ ဒါပေမဲ့ ရန်ကင်းက ဒီလူသတ်မှု
ကိုတော့ ဘယ်လောက်အထိ ရက်ရက်စက်စက် လူမဆန်စွာ သတ်ဖြတ်မှု
ဆိုတာကို ထင်သာမြင်သာ ဖြစ်စေချင်လို့ မနှစ်မြို့စွာနဲ့ပဲတင်လိုက်
ရပါတယ်။ စိတ်အနှောင့်ယှက်ဖြစ်ရသူ မိတ်ဆွေသင်္ဂဟတွေကိုတော့
ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၁၅)ရက်နေ့ည (၉း၃၀)အချိန်လောက်က
ရန်ကင်းမြို့နယ်၊(၁၂)ရပ်ကွက်(ကန်ဘဲ့)၊ မေတ္တာရိပ်သာလမ်းမှာ
လူသတ်မှုဖြစ်ပွားခဲ့တာပါ။ အသတ်ခံရသူ ကိုမင်းမင်းဦး(ခေါ်)
အကြီးကောင်ရဲ့မိသားစု ပြောပြပုံအရတော့ ကိုမင်းမင်းဦးဟာ
လူသတ်တရားခံအဖြစ် အဖမ်းဆီးခံထားရသူ နာမည်ကျော် ရပ်ကွက်
လူမိုက် ကိုချစ်ပိုနဲ့ လမ်းသွားရင်း မတော်တဆပခုံးချင်းတိုက်မိ
ကြပါတယ်။ ကိုမင်းမင်းဦးဟာ နာမည်ကျော်ရပ်ကွက်လူမိုက်နဲ့
ယှဉ်ပြီး မိုက်ရဲဖို့ နေနေသာသာ အလွန်ကို အနေအေးသူ၊ ကြောက်
တတ်သူ၊ ဘယ်သူနဲ့မှ ပြဿနာဖြစ်လေ့ မရှိသူပါ။

ဒီတော့ မတော်တဆတိုက်မိကြတဲ့အခါ ကိုမင်းမင်းဦးရဲ့ သဘာဝအတိုင်း
တောင်းပန်ပါတယ်။ တစ်ဖက်က နာမည်ကျော်ရပ်ကွက်လူမိုက်ဖြစ်နေတော့
ကြောက်ဒူးတွေတုန်ရင်း ပုဆစ်တုပ်ထိုင်လို့ ရှိခိုးပြီးတော့ကိုတောင်းပန်ရှာ
ပါတယ်။ အကြိမ်ကြိမ် လူသတ်ဖူးပြီး ဘယ်တော့မှ နှစ်ရှည်ထောင်ကျလေ့
မရှိတဲ့ နာမည်ကျော်လူမိုက်ကြီးကတော့ ကိုယ့်ကိုထိုင်ရှိခိုးနေတဲ့
လူပျော့လေး ကိုမင်းမင်းဦးကို ပါးတွေနားတွေ အားပါးတရ ရိုက်ပါတယ်။

သာမန်လူ့အသိစိတ်လောက်ရှိသူ လူမိုက်ဆိုရင်ပဲ ဒီမျှနဲ့ ကျေနပ်နိုင်ကြ
မှာပါ။ ဒါပေမဲ့ ရန်ကင်းမြို့က နာမည်ကျော်လူမိုက်ကြီးကတော့ မကျေနပ်
နိုင်သေးပါဘူး။ အသင့်ပါလာတဲ့ အရက်ပုလင်းနဲ့ ကိုမင်းမင်းဦးရဲ့ခေါင်းကို
ရိုက်ခွဲပါတယ်။ အရက်ပုလင်းက ခါးလည်ကနေကွဲသွားတော့ထက်ပိုင်းပြတ်
အရက်ပုလင်းနဲ့ ကိုမင်းမင်းဦးရဲ့ဝမ်းဗိုက်နဲ့ရင်အုံကို ထိုးစိုက်ပြီး ဖိမွှေပါ
တယ်။ တကယ်ဆိုရင် အဲဒီ့အနေအထားမှာတင် ကိုမင်းမင်းဦးအတွက်က
အခြေအနေ မကောင်းတော့ပါဘူး။ ဒါပေမဲ့ လူမိုက်ကျော်ကြီးက အားမရ
နိုင်သေးပါဘူး။ သူနဲ့အတူပါလာတဲ့ အဖော်နှစ်ယောက်ကို ဓားပြန်ယူခိုင်ပြီး
ခွေခွေလေး လဲနေတဲ့ ကိုမင်းမင်းဦးကို စိတ်ကြိုက် ခုတ်ထစ်ပါတယ်။ ဒီလို
ဖြစ်နေတာဟာ ရပ်ကွက်လူကြီးတစ်ယောက်ရဲ့ အိမ်အနားတင်ပါ။မြင်နေ၊
ကြားနေရသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ မဆိုင်ဘဲ ၀င်ပါရင် တစ်ဆွေလုံး
တစ်မျိုးလုံးသတ်ပစ်မယ်ဆိုပြီး ကြိမ်းဝါးနေတာကြောင့် ဘယ်သူမှဝင်
မတားရဲပါ။ ကိုမင်းမင်းဦးတို့ မိသားစုကိုယ်တိုင်တောင် လူမိုက်ကျော်ကြီး
ခုတ်ထစ်လို့အားရပြီး ပြန်သွားပြီဆိုမှ အလောင်းကို လာကြည့်ရဲကြတာပါ။

အခုလောလောဆယ်တော့ တရားခံလို့အစွပ်စွဲခံထားရတဲ့ နာမည်
ကျော်လူမိုက်ကြီးကို ဖမ်းထားပါပြီ။ အင်းစိန်ထောင်မှာ ချုပ်ထားတယ်လို့
သိရပါတယ်။ ဒါဆိုရင်ဘာ့ကြောင့်များ ရပ်ကွက်လူထု၊ မြို့လူထုက ဆန္ဒပြ
ကြတာလဲ။ ဘာများလိုအပ်လို့လဲ။

အဓိကပြဿနာကတော့ ဒီနာမည်ကျော်လူမိုက်ကြီးဟာ လူပေါင်း
များစွာသတ်ဖူး(လူသတ်မှုနဲ့ အကြိမ်ကြိမ် အစွပ်စွဲခံရဖူး)ပေမယ့် ဘယ်
တုန်းကမှ ထောင်မကျခဲ့ဘူးလို့ တစ်ရပ်ကွက်လုံးက သိထားတယ်။
သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတွေနဲ့လည်း အတော်ကို ပလဲနံပ
သင့်တယ်လို့ သိထားကြတယ်။ ဒါ့အပြင် အဆိုပါလူမိုက်ကြီးရဲ့မိသားစု
အဖမ်းမခံရဘဲ ကျန်နေရစ်တဲ့ အဖော်နှစ်ယောက်နဲ့ အပေါင်းပါတွေက
ရပ်ကွက်ထဲမှာ ဆက်လက်ကြိမ်းဝါးနေတာမို့ တရားရုံးမှာ သက်သေ
ထွက်ရဲတဲ့သူတောင် မရှိဘူးဖြစ်နေရတယ်။ အခုလို ဆန္ဒပြကြမယ်ဆိုတဲ့
အသံကြားတော့တောင် တစ်ရပ်ကွက်လုံးကို မီးကွင်းပစ်မယ်လို့ ကြိမ်းဝါး
နေကြောင်းလည်းသိရပါတယ်။

ဒီတော့ဗျာ … တာဝန်ရှိသူတွေအနေနဲ့ တရားဥပဒေစိုးမိုးရေးဆို
တာကို နိုင်ငံရေးကြွေးကြော်သံလိုလို၊ ဟောလို့ ပြောလို့ အာတွေ့တဲ့
ဝေါဟာရလိုလို ရေရွတ်နေတာတွေကို ရပ်တန်းကရပ်ပြီး အခြေခံအကျ
ဆုံးဖြစ်တဲ့ ရပ်ကွက်နဲ့ မြို့နယ်အဆင့်က တာဝန်ရှိသူတွေကို ပြတ်ပြတ်
သားသား အရေးယူဖို့လိုပါတယ်။ ဒီလူတွေဟာ ငါ့အာဏာ တည်မြဲရေး
အတွက် မရှိမဖြစ် ဒေါက်တိုင်တွေဆိုပြီး ဆက်လက်ခွင့်ပြုထား၊ ပစား
ပေးထားဥိးမယ်ဆိုရင်တော့ …
ဟိုတစ်ချိန်က နိုင်ငံခေါင်းဆောင်ဆိုသူ လူမိုက်ကြီးတစ်ယောက်ရဲ့
စစ်တပ်ဟာ မိုးပေါ်ထောင်မပစ်ဘူး ဆိုတဲ့စကားကို အသွင်ယူပြီး
ကြုံးဝါးသတိပေးလိုက်ပါရစေ …
ပြည်သူတွေကလည်း ကိုယ်ရွံရှာတဲ့ ရဲအသားကိုတောင် မီးကင်စားဖို့
ဝန်မလေးခဲ့ကြပါဘူး လို့ … ။

Ko Marky


ရက်ရက်စက်စက် လူမဆန်စွာ အသတ်ခံခဲ့ရတဲ့ ကိုမင်းမင်းဦး

လူသတ်မှုတစ်ခုကိုအကြောင်းပြုပြီး ဆန္ဒပြခဲ့ကြတဲ့ ရန်ကင်းမြို့

အသတ်ခံရသူ ကိုမင်းမင်းဦး၏ ကျန်ရစ်သူဇနီး ... ။

Inga kommentarer:

Skicka en kommentar