မန္တလေး သံဃာ့ညီလာခံမှာ ဘာတွေဖြစ်ခဲ့သလဲ
စည်သူအောင်မြင့်
မြန်မာပို့စ် ဂျာနယ်။ ၂၂-၁-၁၄။ စာ-၁၂။
ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၅ ရက်နေ့က မန္တလေးမှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)ခေါ် ဝံသပါလအဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားနဲ့ ဂိုဏ်းပေါင်းစုံ သြဝါဒခံယူပွဲ၊ သံဃာ့ညီလာခံတော်ကြီး ကျင်းပခဲ့ပါတယ်။ အဲဒီ အစည်းအဝေးရဲ့ အစီအစဉ် တစ်ခုမှာ သီတဂူဆရာတော် အရှင်ဥာဏိသရ က ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးသိန်းစိန်တို့နဲ့ ပါတ်သက်တဲ့ မှတ်ချက်စကား တစ်ချို့ မိန့်ကြားခဲ့တယ်လို့ မန္တလေးမြို့ ထိန်လင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ တိပိဋကဓရ ရမ္မာဝတီဆရာတော် အရှင်ဣန္ဒပါလ က မိန့်ကြားခဲ့ပါတယ်။ ဒီလိုနဲ့ သတင်းစကားတွေ တဆင့်ပြီး တစ်ဆင့် ပြန့်ပွားရင်း သီတဂူဆရာတော်ဘုရားကြီးက ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတ ဖြစ်လာမယ် ဆိုရင် အမျိုးဘာသာ သာသနာ မှေးမှိန်စရာရှိတယ် လို့ဆိုသည်အထိ သတင်းမှားတွေ ပျံ့နှံ့လာပါတယ်။ ဒီ မမှန်သတင်းတွေ အင်တာနက် လူမှုကွန်ယက် facebook စာမျက်နှာတင်မက ပုံနှိပ် မီဒီယာပေါ်အထိ ပျံ့နှံ့လာတဲ့အခါ ဆရာတော်ကြီးက ဖြေရှင်းရပါတော့တယ်။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အသင်းကလည်း ထုတ်ပြန်ကြေငြာချက်တွေ ထုတ်ပြန်ရပါတယ်။ ဒီအတွက် မန္တလေး သံဃာ့ညီလာခံကြီးမှာ ဘာတွေ တကယ်ဖြစ်ခဲ့သလဲ၊ သီတဂူဆရာတော်ကြီးက ဘယ်လို ရှင်းလင်းရသလဲ၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က ထုတ်ပြန်ချက်ကရော ဘယ်လို အဓိပ္ပါယ် ဆောင်ပါသလဲ ဆိုတာ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
သံဃာ့ညီလာခံ
အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၅ ရက်နေ့က မန္တလေး မဟာအတုလဝေယံဘုံသာ ( အတုမရှိ ) ကျောင်းတော်ကြီးမှာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)ခေါ် ဝံသပါလအဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားနဲ့ ဂိုဏ်းပေါင်းစုံ သြဝါဒခံယူပွဲ၊ သံဃာ့ညီလာခံတော်ကြီး ကျင်းပခဲ့ပါတယ်။ သံဃာ့ညီလာခံကြီးကို သီတဂူဆရာတော် အရှင်ဥာဏိသရ၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ) ဗဟို ဥက္ကဌ အင်းစိန် ရွာမပရိယတ္တိစာသင်တိုက် မဟာနာယကချုပ် ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသ အပါအ၀င် သံဃာတော် သောင်းချီ ကြွရောက်ခဲ့ကြပါတယ်။ အစည်းအဝေး အစီအစဉ် တစ်ခုပြီး တစ်ခု ကျင်းပပြီးနောက် အချက် (၁၁) ချက်ပါတဲ့ ကြေငြာချက်လည်း ထုတ်ပြန်နိုင်ခဲ့ပါတယ်။
ထူးခြားချက်တစ်ခုကတော့ ကြေငြာချက် မထုတ်ပြန်မီမှာ မန္တလေးမြို့ ထိန်လင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ တိပိဋကဓရ ရမ္မာဝတီဆရာတော် အရှင်ဣန္ဒပါလ က သီတဂူဆရာတော်ကြီး၊ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် စသဖြင့် နိုင်ငံရေးနဲ့ ပါတ်သက်တဲ့ စကားတစ်ချို့ မြွက်ကြားခဲ့ခြင်းပါပဲ။ အဲဒီ မြွက်ကြားချက်ကနေ တဆင့် သတင်းစကားတွေ အဆင့်ဆင့် ဖြစ်ပေါ်စေခဲ့ပါတယ်။
ရမ္မာဝတီဆရာတော် အရှင်ဣန္ဒပါလ ဘာတွေ မြွက်ကြားခဲ့လဲ။
ရမ္မာဝတီဆရာတော် အရှင်ဣန္ဒပါလ ဟာ မြန်မာပြည်ရဲ့ ၁၁ ပါးမြောက် တိပိဋကဓရ ဆရာတော်တစ်ပါးဖြစ်ပါတယ်။ ဗုဒ္ဓဘာသာနဲ့ ပါတ်သက်ရင် ထူးချွန်တဲ့ ဆရာတော်တစ်ပါး လို့ သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် ဆရာတော်က သံဃာ့ညီလာခံမှာ အောက်ပါ အတိုင်း မြွက်ကြားခဲ့ပါတယ်။ “ တပည့်တော်ဟာ ၁၁ ပါးမြောက် တိပိဋကဓရ ထိန်လင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ရမ္မာဝတီဆရာတော် အရှင်ဣန္ဒပါလဖြစ်ပါတယ် ဘုရား၊ ဒီ သံဃာ့အစည်းအဝေးမှာ သီတဂူဆရာတော်ဘုရားကြီးကိုယ်တိုင် တက်ရောက်၊ သြ၀ါဒ ချီးမြှင့်ခဲ့တဲ့အတွက် ပြီးပြည့်စုံတဲ့ အစည်းအဝေးလို့ ခေါ်ဆိုနိုင်ပါတယ် ဘုရား။ သံဃာတော်တွေလည်း ပြည့်နှက်နေအောင် တက်ရောက်တာ တွေ့ရပါတယ်။
သီတဂူဆရာတော်ဘုရားကြီးကိုယ်တိုင် ကြွရောက်ချီးမြှင့်တဲ့အတွက် ခေတ္တခဏလေး ချဉ်းကပ်ပြီး သိချင်တာ မေးလျောက်ခွင့်ရခဲ့ပါသည် ဘုရား။ မြန်မာနိုင်ငံတော်သူ နိုင်ငံသားများဟာ ဆရာတော်ဆီက စကားတစ်ခွန်း ထွက်ဖို့ မျှော်လင့်နေကြပါတယ် ဘုရား။ အဲဒါကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံ ဘာသာရေးအပေါ်မှာ သဘောထားချက်ကို ဆရာတော် သိမယ်လို့ ယုံကြည်နေကြတယ်။ အဲဒါ ဆရာတော် မိန့်တော်မူပါ ဆိုတော့ ဆရာတော်ကြီးက “ သူ့ကိုပြောထားပါတယ်။ ဘာသာရေးအကြောင်း မဟော မပြောပါနဲ့ ကိုယ့်နိုင်ငံရေးအကြောင်းကိုပဲ ကိုယ်ပြောပါ။” လို့ မိန့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံကို အင်တာနေရှင်နယ် စတိုင်နဲ့ ဖွင့်ဖို့ကြိုးစားနေတယ်။ သူအာဏာရသွားမယ်ဆိုရင် ဗုဒ္ဓဘာသာကြီး အောက် ရောက်သွားမယ်လို့ ဗုဒ္ဓဘာသာ အများစုက ယူဆနေကြပါတယ် ဆရာတော်ဘုရား ဒါကြောင့်
၂၀၁၅ မှာ ဘယ်သူ့ကို မဲပေးရမှာလဲ ဘုရားဆိုပြီးတော၊့ ဆရာတော်ကြီးဆီ ကတိတောင်းပြီးတော့ ပြောရမှာပါ။ ကတိတောင်းထားလိုက်ပါတယ်။ မိန့်ပါ တပည့်တော်ပြောပါ့မယ် ပြောပါ။ ဒီအခါ ဆရာတော်ဘုရားကြီးက “အခုလက်ရှိ သမ္မတ ဦးသိန်းစိန်ကိုပဲ ၂၀၁၅ မှာ မဲပေးပြီးတော့ သူ ဆက်ထိန်းသိမ်းသွားမယ် ဆိုရင် ဘုန်းကြီးတို့ ကောင်းမယ်၊” လို့ မိန့်ပါတယ်။ ဒါကို တပည့်တော်တို့အနေနဲ့ သဘောကျပါသည် ဘုရား၊ နိုင်ငံရေးသမား အများစုကတော့ သူတို့ဝေဖန်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မှ နိုင်ငံတိုးတက်မယ်၊ အခြားပါတီဆို မတိုးတက်ဘူး လို့ သုံးသပ်ကြတယ်။ တပည့်တော်တို့ ရဟန်းသံဃာတော်များက ဘယ်နိုင်ငံရေး။ ဘယ်ပါတီတက်တက် ကိုယ့်ဗုဒ္ဓဘာသာ ဦးစားပေးမယ့် ပါတီကိုပဲ ရွေးချယ်ရမယ်လို့ တပည့်တော်တို့ ခံယူပါသည်ဘုရား၊ ဆိုင်ရာဆိုင်ရာ တရားပွဲများမှာ အတော်များများ ဟောကြတယ်၊ တပည့်တော်လည်း နည်းနည်းပါးပါး ဟောပါတယ်။ ဆိုပါစို့ ဆော်ဒီလို အီရန် တို့လို နိုင်ငံတွေမှာ နိုင်ငံ့ခေါင်းဆောင် လုပ်မယ့်ပုဂ္ဂိုလ်သည် မူဆလင်ဘာသာကို ဦးစားမပေးရင် မရဘူး။ ဒီလိုပါပဲ မြန်မာနိုင်ငံမှာ နိုင်ငံ့ခေါင်းဆောင် လုပ်မယ့် ပုဂ္ဂိုလ်သည် လူအများစု ၈၀ ကျော်ရာခိုင်နှုန်းရှိတဲ့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ဦးစားပေးမှ မဲရပြီး အုပ်ချုပ်ခွင့်ရမယ်လို့ သုံးသပ်လို့ ရပါတယ်။ ဆရာတော်များ ကြွရောက်လာတဲ့ သံဃာတော်များ သိရှိပြီး ကိုယ့်ဆိုင်ရာ ဆိုင်ရာ ဒကာ ဒကာမများကို စည်းရုံးပြီးတော့ ဟောပြောရအောင် တပည့်တော် အနည်းငယ် တင်ပြလျောက်ထားရခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးတော့ ပါသွားတာပေါ့ဘုရား။ စိတ်ဆိုးပြီးတော့ပြောမယ်ဆိုရင် ဒါ အန္တရာယ် ဖြစ်ချင်လည်း ဖြစ်သွားမှာပေါ့ဘုရား၊ မဖြစ်ပါစေနဲ့လို့တော့ ဆုတောင်းပါတယ် ဘုရား၊ တပည့်တော်ကတော့ သာသနာတော် တည်သ၍ ကိုယ့်နိုင်ငံထဲမှာ ကိုယ့်သာသနာ နေလပမာ ထွန်းတောက်စေချင်တဲ့ ဆန္ဒနဲ့ လျောက်ထားရခြင်းဖြစ်ကြောင်း နားလည်စေချင်ပါသည် ဘုရား။” လို့ မိန့်ကြားခဲ့ပါတယ်။
ဆရာတော် အရှင်ဣန္ဒပါလ ရဲ့ မိန့်ကြားချက်ဟာ သီတဂူဆရာတော်ဘုရားကြီးက ၂၀၁၅ ကျရင် သမ္မတ ဦးသိန်းစိန် ကို ပဲ မဲပေးဖို့ ပြောတယ်။ ဒါကြောင့် အစည်းအဝေး တက်လာတဲ့ သံဃာတွေအနေနဲ့လည်း တရားဟောပြောတဲ့အခါ ဒါကို ထည့်ဟောပြောပါလို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီ မိန့်ကြားချက်မှာ နိုင်ငံရေး ပါသွားတယ် ဆိုတာကိုလည်း ဆရာတော်က ထည့်ပြီး ၀န်ခံလိုက်ပါသေးတယ်။
ဘယ်လို သတင်းတွေ ပျံ့နှံ့ခဲ့သလဲ
သံဃာ့ညီလာခံ ဦးစီးကျင်းပတဲ့သူတွေဟာ ဆရာတော် အရှင်ဣန္ဒပါလ ရဲ့ မိန့်ကြားချက်နဲ့ ပါတ်သက်ပြီး တရားဝင်သည် မ၀င်သည် တစ်စုံတစ်ရာ မှတ်ချက်ပေးတာမျိုး မလုပ်ခဲ့ပါဘူး။ ဒီအတွက် နောက်ပိုင်း အင်တာနက် လူမှုကွန်ယက် စာမျက်နှာတွေမှာ သီတဂူဆရာတော်ဘုရားကြီးက ၂၀၁၅ ကျရင် သမ္မတ ဦးသိန်းစိန်ကိုပဲ မဲပေးကြ၊ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးရင် အမျိုးဘာသာ သာသနာအတွက် စိုးရိမ်ရသယောင်ယောင် သတင်းမှားတွေ စ ပြီး ပျံ့လွင့်လာပါတော့တယ်။ နောက်ပိုင်း ဒီ သတင်း ပုံနှိပ်စာမျက်နှာ တစ်ခုဖြစ်တဲ့ မွန်းတည့်နေ ဂျာနယ်မှာ “ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ပါက အမျိုးဘာသာ သာသနာ ညှိုးမှိန်စရာ ရှိသည်ဟုဆို” ဆိုပြီး သီတဂူဆရာတော် ဘုရား ပုံတော်နဲ့ တကွ မျက်နှာဖုံးမှာ ဖော်ပြသည်အထိ “ ကား” လာခဲ့ပါတယ်။ ဒီ အတွက် သီတဂူဆရာတော်ဘုရားကြီးကိုယ်တိုင် ဒါကို ရှင်းဖို့ လင်းဖို့ တောင်းဆိုတာ လုပ်ခဲ့ရပါတော့တယ်။ ပထမ ဦးဆုံး စောင့်ကြည့်သတင်းဂျာနယ် (New Watch Journal) ကတဆင့် ဆရာတော်ကြီး မိန့်ကြားခဲ့တာကတော့ “ ၁၅ ရက်နေ့ကဟောတဲ့တရား Record ရန်ကုန်ကိုယူလာမယ်။
အဲဒီအခွေကိုနာထောင်ကြည့်ရင် အားလုံးရှင်းသွားမယ်။
ဦးဇင်းဝီရသူကိုလည်း ကျုပ်ရှင်းခိုင်းထားတယ်။
ဝီရသူ အဲဒါတော့ရှင်းပေးလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ကို
မဲမထည့်နဲ့လို့ ဟောသလား၊
ဆရာတော်က ပြောသလား၊
မင်းတို့ရှင်းကြကွာလို့ ပြောလိုက်တယ်၊
မင်း ငါ့ကိုအသုံးချတယ်၊
မင်းတို့ ဘယ်လိုလုပ်မလဲလို့ပြောလိုက်ပြီးပြီ။
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဘုန်းဘုန်းဖုန်းဆက်ပြော ပြီးပြီ၊
ဒေါ်အောင်ဆန်းစုကြည်ကတော့ နားလည်မှုရှိပါတယ်။
ဆရာတော် ဟောခဲ့တဲ့တရားကို နာလိုက်ရင်ပြီးတာပဲ။
ကျုပ်ဒီကိစ္စမှာပါလဲမပါဘူး၊
ပြောလဲမပြောဘူး။
ဒေါ်အောင်ဆန်းစုကြည်ရှေ့မှာ ကျုပ်ရှိတယ်။
ကျုပ်ဟာလဲ ပြည်သူလူထု ကျန်းမာရေး၊
ချမ်းသာရေး လုပ်နေတာပဲ။
ဒေါ်အောင်ဆန်းစုကြည်လည်း ပြည်သူလူထုအကျိုး ဆောင်ရွက်နေသူပဲ။
ဘယ်သူ့ကို မဲထည့်ပါ၊
ဘယ်သူ့ကို မထည့်ပါနဲ့ဆိုတာ ကျုပ်ပြောကို မပြောဘူး " လို့ ရှင်းလင်း မိန့်ကြားခဲ့ပါတယ်။ ဒါတင်မက အမေရိကန်နိုင်ငံ ၀ါရှင်တန် အခြေစိုက် လွတ်လပ်တဲ့ အာရှအသံ RFA က ဦးကျော်ကျော်အောင်နဲ့ အင်တာဗျူးမှာလည်း အဲဒီ နေ့က ဘာတွေဖြစ်ခဲ့သလဲ၊ ဘာတွေ ပြောခဲ့သလဲ ဆိုတာ ဆရာတော်က အသေးစိတ် ရှင်းပြခဲ့ပါတယ်။
သီတဂူဆရာတော်ဘုရားကြီးရဲ့ ရှင်းလင်းချက်
ဆရာတော်ကြီးရဲ့ ရှင်းလင်းချက်တွေကတော့ “သံဃာ သုံးသောင်း( ၃၀၀၀၀၀) တက်တဲ့ အစည်းအဝေးကြီးမှာ ရခိုင်ဆရာတော် တစ်ပါးက တက်ပြီး ပြောသွားတာ။ သီတဂူဆရာတော်က သမ္မတကြီး ဦးသိန်းစိန်ကို ဆက်လက်၍ မဲပေးကြပါစို့လို့ ပြောတယ်ဆိုပြီးတော့ ဘုန်းကြီးတစ်ပါးက ပြောတာ။ အဲဒါကနေ ဆက်ပြီး ပျံ့ထွက်သွားတဲ့ အဓိပ္ပာယ်။ အလွတ်သဘောဝိုင်းထိုင်ပြီးတော့ ဟိုပြော ဒီပြော တစ်ယောက်နဲ့ တစ်ယောက် အလွတ်သဘော ပြောကြတဲ့ နေရာမှာတော့ ဟေ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးက အခြေခံဥပဒေကို မပြင်ဘဲ ဒီအတိုင်းပဲ သွားမယ် ဆိုရင်တော့ ဒီသမ္မတကြီးနဲ့ပဲ ဆက်သွားရမှာပဲ၊ အခြေခံဥပဒေ ပြင်လိုက်ရင်တော့ တို့သမ္မတ အသစ်ရမှာပဲ။ မပြင်ဘူးဆိုရင်တော့ သမ္မတကြီး ဦးသိန်းစိန်ကိုပဲ တို့ ဆက်ပြီးအားပေးတာ ကောင်းတယ်။ ပြင်လိုက်ရင်တော့ ပြင်လိုက်တဲ့အတိုင်း တို့ သမ္မတ အသစ်နဲ့ သွားကြရမှာပေါ့။ သမ္မတ အသစ်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ဖို့ အလားအလာတွေ ရှိတယ် စသဖြင့် အလွတ်သဘောတွေ ၀ိုင်းပြောနေကြတာ။ အဲဒီအထဲက စကားလုံးလေး တစ်လုံးကို ကောက်ပြီးတော့ ရခိုင်ဆရာတော်တစ်ပါးက သူ့ခံစားချက် ရှိမှာပေါ့ အဲဒါလေးကို ဘုန်းကြီးကို အသုံးချပြီး ပြောသွားတာ။ အဲဒါက ပြန့်ကျဲသွားတာပါ။ ဘုန်းကြီးအတွက်တော့ ဒါက ဘာမှ အရေးကြီးတဲ့ ကိစ္စ မဟုတ်ပါဘူး။”
“ဘယ်သူက ပိုပြီးတော့ လုပ်နိုင်လိမ့်မယ်ဆိုတဲ့ စကား တို့ကတော့ မပြောချင်ဘူး။ သမ္မတကြီး ဦးသိန်းစိန်က အခြေခံဥပဒေကို မပြင်နိုင်ရင်တော့ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သွားမှာပဲ ။ ဦးဆောင်သွားလို့ ရှိရင် တစ်ကမ္ဘာလုံးက သူ့ကို အလေးအနက် ပေးထားတဲ့ အနေအထား တို့နိုင်ငံက ရနေပြီ။ အဲဒီတော့ အခြေခံဥပဒေကို မပြင်နိုင်ရင် ပြင်လို့ မရဘူးဆိုရင် သမ္မတကြီး ဦးသိန်းစိန်ကတော့ လက်ရှိအနေအထားအရ နိုင်ငံတော်အတွက် အကျိုးအများကြီး ပြုတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ သူတို့က ဒီအတိုင်း ပစ်ထားလိုက်မှာ။ အခြေခံ ဥပဒေကို ပြင်နိုင်လို့ ရှိရင် သမ္မတကြီး ဦးသိန်းစိန်ရဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ၀င်လာဖို့ အလားအလာကတော့ ရာခိုင်နှုန်းအပြည့်လောက် ရှိနေတာပဲ။ ဒေါ်အောင်ဆန်းစုကြည် ၀င်လာရင် နိုင်ငံအတွက် အကျိုးစီးပွားတွေကို သမ္မကြီး ဦးသိန်းစိန်ဆောင်ရွက်တာထက် ပိုပြီးတော့ ဆောင်ရွက်နိုင်လိမ့်မယ်လို့ တို့ကတော့ မြင်ထားတယ်။ နိုင်ငံရဲ့ အလေးထားမှု ၊ နိုင်ငံတကာနဲ့ ဆက်ဆံရေးမှာလည်း ဒေါ်အောင်ဆန်းစုကြည်က အများကြီး ရထားတဲ့ ပုဂ္ဂိုလ် ။ အရည်အချင်း ၊ စွမ်းရည်သတ္တိရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို့ တို့ကတော့ ဒီလိုပဲ ယူဆပါတယ်။ ” ဆိုပြီးပြောခဲ့ပါတယ်။
အမျိုး ဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်
ဒီလို ကွဲလွဲမှုတွေ၊ သတင်းအမှားတွေ ထွက်ပေါ်ခဲ့တာကြောင့်ရော၊ သီတဂူဆရာတော်ကြီးရဲ့ မိန့်ကြားမှုအရပါ မန္တလေးတိုင်း အမျိုး ဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့ဟာ သူ့ရဲ့ ပထမဦးဆုံး ထုတ်ပြန်ကြေငြာချက်ကို ထုတ်ပြန်ခဲ့ရပါတယ်။ ထုတ်ပြန်ကြေငြာချက်ထဲမှာ ဆရာတော် အရှင်ဣန္ဒပါလ ဟာ သံဃာ့ညီလာခံမှာ သီတဂူဆရာတော်၊ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ပါတ်သက်ပြီး ပုဂ္ဂိုလ်ရေး စကားတွေ ပြောခဲ့တဲ့အကြောင်း၊ ဒီ ပြောဆိုချက်တွေဟာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ရဲ့ မူဝါဒ လမ်းစဉ်နဲ့ ဆန့်ကျင်နေတဲ့အကြောင်း၊ သီတဂူဆရာတော်ကြီးရဲ့ သြ၀ါဒ ကထာ မိန့်ခွန်းမှာ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ပါတ်သက်တာတွေ မပါတဲ့အပြင် အလွတ်သဘော ပြောဆိုမှုတွေမှာလည်း ဘယ်သူ့ကို ထောက်ခံတယ်၊ ဘယ်သူ့ကို ကန့်ကွက်တယ် ဆိုတာမျိုး အရိပ်အမြွက်မှတောင် မပါတဲ့အကြောင်း၊ ဒါကြောင့် ဆရာတော် အရှင်ဣန္ဒပါလ ရဲ့ ပြောဆိုချက်တွေဟာ သီတဂူဆရာတော်ဘုရားကြီး၏ မူဝါဒ၊ လမ်းစဉ် မဟုတ်သကဲ့သို့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ မူဝါဒ၊ လမ်းစဉ်လည်း မဟုတ်ပါကြောင်း အတိအလင်း ထုတ်ပြန်ပါသည် ဆိုပြီး ဖော်ပြခဲ့ပါတယ်။
ဘာတွေ သင်ခန်းစာ ယူနိုင်မလဲ
သံဃာ့အစည်းအဝေးထဲမှာ ဆရာတော် အရှင်ဣန္ဒပါလ လို တိပိဋက အောင် အထင်ကရ ဆရာတော် တစ်ပါးက နိုင်ငံရေးကိစ္စ ထဲထဲဝင်ဝင် ပြော၊ ပြောရုံမက တက်ရောက်လာတဲ့ ဆရာတော် သံဃာတော်တွေကိုလည်း ဘယ်လို ဟောပြောကြဖို့ တိုက်တွန်း မိန့်တော်မူတာမျိုး လုပ်သင့် မလုပ်သင့် ဆရာတော် သံဃာတော်ကြီးများ စဉ်းစားသုံးသပ်ကြဖို့ အချိန်တန်ပါပြီ။ ဒီလိုသာ နိုင်ငံရေးထဲ ထဲထဲဝင်ဝင် ပါဝင် ဟောပြောကြမယ် ဆိုရင်ဖြင့် ဦးသိန်းစိန် ထောက်ခံတဲ့ ဆရာတော်၊ ဦးရွှေမန်းထောက်ခံတဲ့ ဆရာတော်၊ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံတဲ့ သံဃာတော် စသဖြင့် သံဃာတွေ သင်းကွဲရုံမက ကိုးကွယ်တဲ့ ဒကာ၊ ဒကာမတွေအကြားထဲမှာလည်း စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်ပေါ်မယ့် အန္တရယ် ကျရောက်နိုင်ပါတယ်။ ဒုတိယ တစ်ချက်က ဆရာတော် အရှင်ဣန္ဒပါလ ရဲ့ မိန့်ကြားချက်ထဲမှာ မြန်မာနိုင်ငံကို ဆော်ဒီလို အီရန်လို နိုင်ငံမျိုးဖြစ်အောင် အတုယူရမယ် ဆိုတဲ့ သဘောမျိုးသက်ရောက်နေတဲ့ မိန့်ကြားချက်ဟာဖြင့် အတော် အံ့သြဖို့ ကောင်းပါတယ်။ မြန်မာနိုင်ငံဟာ ဗမာနဲ့ ဗုဒ္ဓဘာသာဝင်တွေ အများစု နေထိုင်ကြတယ် ဆိုပေမယ့် တိုင်းရင်းသားပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတကွ နေထိုင်၊ အတူတကွ ပိုင်ဆိုင်ကြတယ် ဆိုတဲ့ အနေအထား၊ လက်ရှိ အစိုးရနဲ့ တိုင်းရင်းသားတွေ ငြိမ်းချမ်းရေး ရဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းနေရတဲ့ ကာလမျိုးမှာ ဆရာတော် အရှင်ဣန္ဒပါလ ရဲ့ ပြောကြားချက်ဟာ ဗုဒ္ဓဘာသာ အတွက်ရော တိုင်းပြည်အတွက်ပါ အကျိုးဖြစ်ထွန်းစေမယ်တော့ မဟုတ်ပါဘူး။
ဒီပြသနာနဲ့ ပါတ်သက်ပြီး မန္တလေး သံဃာ့ညီလာခံ ဦးဆောင် စီစဉ်သူတွေက ပွဲအတွင်းမှာပဲ ပြေလည်အောင် မဖြေရှင်းခဲ့တဲ့အတွက် ပွဲအပြီး မန္တလေး မ.ဘ.သ အသင်းကြီးရဲ့ ပထမဦးဆုံးသော ထုတ်ပြန်ကြေငြာချက်ဟာ ထိပ်တန်းဆရာတော် တစ်ပါး ကို အပြင်းအထန် ဝေဖန်ရတဲ့ ကြေငြာချက်အဖြစ် ၀မ်းနည်းစရာ စိတ်မကောင်းစရာ မှတ်တမ်းဝင်သွားရပါတယ်။ အသင်းကြီးအတွက် ဆင်ခြင်စရာပါ။
နောက်ထပ် သင်ခန်းစာယူဖို့ကတော့ သတင်းမီဒီယာတွေရဲ့ ကဏ္ဍပါ။ အဖြစ်မှန်ကို တိတိကျကျ မသိပါပဲ၊ အထောက်အထား တိတိကျကျ မရပါပဲ စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီ ရေးသားဖော်ပြတာမျိုး မလုပ်ခဲ့တဲ့အတွက် အမှားတွေဖြစ်ပေါ် အထင်အမြင် လွဲမှားမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါပေမယ့် ဒီ တစ်ကြိမ် သတင်းမှားယွင်းဖော်ပြခဲ့တဲ့ အထဲက မွန်းတည့်နေဂျာနယ်ကတော့ “တိကျခိုင်လုံမှု မရှိတဲ့ သတင်းကို စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီပဲ ဖော်ပြခဲ့မိတယ်” ဆိုပြီး မြန်မြန်ဆန်ဆန် ၀န်ချတောင်းပန်လိုက်နိုင်တဲ့အတွက် အဆိုးထဲက အကောင်းတစ်ခုတော့ ရလိုက်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်
Inga kommentarer:
Skicka en kommentar