အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 29 januari 2014

သ ခင် အောင် ဆန်း နဲ့ မ ရင် အေး တို့ ဇာတ် လမ်း

သ ခင် အောင် ဆန်း နဲ့ မ ရင် အေး တို့ ဇာတ် လမ်း




 Kyaw Naing


သခင်အောင်ဆန်း အတွက်ကတော့ မြစ်ဝကျွန်းပေါ် ရွာကြီး တစ်ရွာက မြေပိုင်ရှင် စက်သူဌေး သမီးကလေး `` မရင်အေး ´´ ကို ကျွန်တော်ရွေးပါတယ်။ မရင်အေးကို ရွေးရတဲ့အကြောင်းရင်းကတော့ မရင်အေးဟာ ရုပ်ရည်ချောသလောက် သဘောလည်း ကောင်းတယ်။ စိတ်လည်း ရှည်တယ်။ ပြီးတော့ သူ့မှာ အုပ်ထိန်းသူဆိုလို့ အမေတစ်ယောက်တည်းဘဲ ရှိတယ်။ အမွေဆိုင်ကလည်း မောင်လေးတစ်ယောက်ပဲရှိတယ်။ အဲဒီ မောင်ကလေးကလည်း ကျွန်တော်တို့ ဒို့ဗမာ အစည်းအရုံးဝင် သခင်တစ်ယောက် ဖြစ်တယ်။ သခင်အောင်ဆန်းနဲ့လည်း ရင်းနှီးတယ်။ သခင်အောင်ဆန်းကိုလည်း ကျောင်းသား ဘဝကတည်းက ကြည်ညိုလေးစားခဲ့သူ ဖြစ်တယ်ဆိုပြီး ရွေးချယ်လိုက်တာပါပဲ။ သခင်အောင်ဆန်း နဲ့ မရင်အေးတို့ ဇာတ်လမ်းကလေးဟာ တော်တော်ကလေး ရင်နင့်စရာ ကောင်းတဲ့ အဖြစ်အပျက်ကလေးလို့ ဆိုလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းကလေးဟာ ကာယကံရှင်တွေ မဆိုထားနဲ့ ၊ စပ်ကြားက ဇာတ်ဆရာလုပ်မိတဲ့ ကျွန်တော်တောင်မှ ရင်နာခဲ့ရပါတယ်။ ဒီနေရာမှာ ဇာတ်လမ်းအစကို ပြန်ကောက်ရပါလိမ့်မယ်။ သခင်အောင်ဆန်းဟာ အခုလို ဘဝကြင်ဖေါ် ဖူးစာဘက်ကို ရှာဖို့တို့ ၊ ဘာတို့ကို လုံးဝ စိတ်ဝင်စားခဲ့တဲ့လူ မဟုတ်ပါဘူး။ သူ့စိတ်ဟာ ဟိုတစ်ချိန်တုန်းက ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေ နဲ့ ဗမာပြည်သူတစ်ရပ်လုံး ရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲမှာဘဲ အာရုံ စူးစိုက်နေရတဲ့လူ ဖြစ်ပါတယ်။ ဘေးကရဲဘော်တွေက ဒီလို ဒီလိုလုပ်ရမယ် ဆိုလို့သာ သူကသဘောတူလိုက်ရတယ်။ သူ့သဘောကတော့ ဒီကိစ္စကို ရေးကြီးခွင်ကျယ် မထားဘူး။ ဒီကိစ္စဟာ လုပ်ဖြစ်ချင်မှ လုပ်ဖြစ်ချင်မှ လုပ်ဖြစ်မှာဘဲလို့လဲ သဘောထားဟန် တူပါတယ်။ ဘာကြောင့်လည်းဆိုတော့ မော်လမြိုင် ညီလာခံပြီးတဲ့ နောက်တစ်လကျော်လောက်အကြာမှာ ကျွန်တော် ရန်ကုန်ကိုရောက်လာပါတယ်။ သခင်အောင်ဆန်းအတွက် မှန်းထားတဲ့ ` သတို့သမီး မရင်အေး ´ ရဲ့ ဓာတ်ပုံကိုလည်း မရင်အေးတို့မြို့ကို သွားပြီး ယူခဲ့ပါတယ်။ မရင်အေး နဲ့ တွေ့တော့လည်း ကျွန်တော့်အပေါ်မှာ အစ်ကိုအရင်းလို ခင်မင်နေတဲ့ မိန်းခလေး ဖြစ်တဲ့အတွက် ကျွန်တော်က .... `` ဟေ့ ... မရင်အေး ၊ ညည်းရဲ့ နောင်ရေးအတွက် အကိုကြီး အစီအစဉ်တစ်ခု လုပ်နေတယ်။ ညည်းဘာမှ ဂျီးမများရဘူးနော်။ အကိုကြီးသဘောအတိုင်း စီစဉ်လိုက်မယ်။ ညည်းဓာတ်ပုံ တစ်ပုံသာ ပေးလိုက်ပေတော့ ´´ မရင်အေးက ရှက်ကိုး ရှက်ကန်းနဲ့ .... `` ဟာ ... အကိုကြီးကလည်း ရှက်စရာကြီး။ ညီမအတွက် ဒီလို အလုပ်မျိုးကို လုပ်နေရသလား ´´ လို့ ပြောပြီး သူ့ဓာတ်ပုံကို ထုတ်ပေးလိုက်ပါတယ်။ ဒို့ဗမာ အစည်းအရုံးဌာနချုပ်မှာ သခင်အောင်ဆန်း နဲ့ တွေ့ကြတော့ ကျွန်တော်က ... `` ကဲ ... ဆရာကြီး ၊ ခင်ဗျားနဲ့ မှန်းထားတဲ့ သတို့သမီးလောင်းကလေးရဲ့ ဓာတ်ပုံကို ယူလာခဲ့တယ်။ ခင်ဗျားကတော့ ကြိုက်သလား ၊ မကြိုက်ဘူးလား မသိဘူး။ ကျွန်တော့်မှာတော့ တကူးတကန့် သွားယူခဲ့ရတယ်။ ထမင်းကြွေးမယ်သာ ကြံပေတော့ ´´ လို့ ပြောလိုက်တော့ သခင်အောင်ဆန်းက .... `` ဟေး ... ခင်ဗျားတို့ ဒီကိစ္စကို တစ်ကယ်လုပ်နေကြတာလား။ ကျုပ်က ဒီကိစ္စဟာ အလကား ပြောနေကြတာလို့ ထင်နေတာဗျ။ မော်လမြိုင်မှာ ပြောပြီးကတည်းက ကျုပ်ဖြင့် တစ်ခါမှ မစဉ်းစားမိပါဘူးဗျာ ´´ သခင်အောင်ဆန်းဟာ အိမ်ထောင်ရေးထက် ဗမာ့ လွတ်လပ်ရေးကိုသာ အလေးအနက်ထားတယ် ဆိုတာဟာ ထင်ရှားပါတယ်။ နောက်ပြီး သခင်အောင်ဆန်းက ပြောသေးတယ်။ `` အဟုတ်ပြောတာပါဗျာ။ ကျုပ်တော့ မိန်းမယူဖို့ စိတ်မကူးသေးဘူး။ ခင်ဗျားတို့ ပြောတာတွေကိုလည်း မယုံမိဘူး။ အခု ခင်ဗျားက ဓာတ်ပုံတွေ ဘာတွေ ယူလာတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက် ဆိုသလိုများ ဖြစ်နေတာလားဗျာ ´´ လို့ ပြောပြီး ဓာတ်ပုံကို သေသေချာချာ စိုက်ကြည့်နေပါတယ်။ ပြီးတော့ သက်ပြင်းရှည်ကြီး ချလိုက်ပြီး .... `` ခက်တာပဲဗျာ။ သူကလေးကို မြင်ရတာ ကျွန်တော်လိုကောင်နဲ့ မတန်ပါဘူးဗျာ။ သနားစရာ ကောင်းပါတယ်။ ကျုပ်တို့က ရှေ့လျှောက်ပြီး ဘာတွေလုပ်လို့ ၊ ဘာတွေ ဖြစ်မယ်မှန်း မသိနိုင်တဲ့လူစားတွေဗျ။ သူတို့လို နုနုနယ်နယ်ကလေးတွေနဲ့ ကျုပ်တို့ရဲ့ ခရီးကြမ်းနဲ့ မဖြစ်သေးပါဘူးဗျာ။ ပြီးတော့လည်း ကျုပ်တို့က တစ်ကယ့် မေတ္တာနဲ့ ချစ်လို့ ကြံစည် ကြတာလဲ မဟုတ်။ သူ့ကိုယူပြီး သူ့ပိုက်ဆံ နဲ့ နိုင်ငံရေးလုပ်ဖို့ ကြံကြတာ။ ဒါဟာ မတရားဘူးဗျ။ မှန်လည်း မမှန်ဘူး ´´ လို့ ဇွတ်ငြင်းနေပါတော့တယ်။ အဲဒီလိုနဲ့ နောက်မကြာခင်မှာပဲ မရင်အေးတို့ ခရိုင်မှာ ဒို့ဗမာအစည်းအရုံး ညီလာခံ ကျင်းပတယ်။ အဲဒီ ညီလာခံကို သခင်အောင်ဆန်းနဲ့ ကျွန်တော်တို့နှစ်ယောက် ဌာနချုပ်ကိုယ်စားလှယ်အဖြစ် တက်ရောက်ကြပါတယ်။ ကျွန်တော်ကတော့ ညီလာခံကို သွားကတည်းက စိတ်ထဲမှာ ` တစ်ချက်ခုတ် ၊ နှစ်ချက်ပြတ် ´ သဘောနဲ့ တက်ခဲ့တာ ဖြစ်ပါတယ်။ ညီလာခံအပြီးမှာ မရင်အေးတို့အိမ်ကို ကျွန်တော်တို့ သွားကြပါတယ်။ ညီလာခံ ကျင်းပတဲ့ မြို့နဲ့က သိပ် မဝေးလှဘူး။ မရင်အေးတို့အိမ် ရောက်လို့ မရင်အေး ကိုလည်းတွေ့လိုက်ရော ၊ သခင်အောင်ဆန်းဟာ ` မျက်စိပျက် ၊ မျက်နှာပျက် ´ နဲ့ .... `` ဟေ့လူ .. ဘယ်လို လုပ်လိုက်တာလဲ။ ခင်ဗျား ကျွန်တော့်ကို တကယ် ဂျောက်ကျအောင် လုပ်နေပြီ ထင်တယ် ´´ လို့ ပြောပါတယ်။ မရင်အေး ခမြာမှာတော့ ဘာအကြောင်းမှ မသိရှာသေးဘူး။ သူ့ ဓာတ်ပုံကို ကျွန်တော်ယူလာတုန်းက ဘယ်သူ ဘယ်ဝါကို ပြဖို့ ဆိုတာ မပြောခဲ့တော့ အခြေအနေမပျက် ကျွန်တော်တို့ စားဖို့၊ သောက်ဖို့တွေကိုသာ လုပ်ကိုင်နေရှာပါတယ်။ မရင်အေးတို့ အမေကြီးကတော့ ကျွန်တော်တို့လူငယ်တွေ လွတ်လွတ်လပ်လပ် နေကြနိုင်အောင် ဘုန်းကြီးကျောင်းကို ထွက်သွားပါတယ်။ အကြောင်းမသိသေးတဲ့ မရင်အေးက အိနြေ္ဒ မပျက်ပေမယ့် သခင်အောင်ဆန်းကတော့ မနေတတ် ၊ မထိုင်တတ်နဲ့ အိမ်အပြင်ဘက်ကိုသာ စိုက်ကြည့်နေပြီး ငိုင်နေရှာပါတယ်။ ထမင်းစားသောက်ပြီးတော့ ကျွန်တော်တို့နှစ်ယောက်က အိမ်ခေါင်းရင်းခန်းမှာ ပက်လက်ကုလားထိုင်နှစ်လုံးနဲ့ ထိုင်နေကြတယ်။ မရင်အေးက လဖက်ရည်ကြမ်းနဲ့ အချို အချဉ်ပွဲ လာချတော့မှ ကျွန်တော်က မရင်အေးကို စကားပြောကြရအောင် ဆိုပြီး အနားမှာ ထိုင်ခိုင်းလိုက်ပါတယ်။ မရင်အေးကလည်း ရိုရိုသေသေ အကိုကြီး အရင်းတွေကို ပြုစုကျွေးမွေးနေရသလို ပြုံးပြုံးရွှင်ရွှင်နဲ့ဘဲ အနားမှာ ထိုင်ရှာပါတယ်။ ကျွန်တော်က မရင်အေး နဲ့ သခင်အောင်ဆန်းကို မိတ်ဖွဲ့ပေးလိုက်ပါတယ်။ မရင်အေးကလည်း သခင်အောင်ဆန်းမှန်း သိပါတယ်။ သတင်းစာထဲမှာ ဓာတ်ပုံကို မြင်ဘူးပါတယ်လို့ ပြန်ပြောလိုက်ပါတယ်။ အဲဒီအချိန်မှာ သခင်အောင်ဆန်းက ဆိုင်းမဆင့် ၊ ဗုံမဆင့် နဲ့ .... `` ဒီမယ် ... မရင်အေး ၊ ခင်ဗျား အကိုကြီး သခင်တင်မောင်ဟာ ကောင်းတဲ့လူ မဟုတ်ဘူးဗျ။ ခင်ဗျား ဓာတ်ပုံကိုယူလာပြီး ကျွန်တော့်ကို ပြတယ်ဗျ။ ကျွန်တော်က ဘာမှ သိရတာလည်း မဟုတ်ဘူး။ သူတို့တစ်တွေက အကြံကြီး ကြံနေကြတယ်။ ခင်ဗျားရဲ့ ပိုက်ဆံနဲ့ ကျွန်တော် နိုင်ငံရေးလုပ်အောင် ဆိုပြီး စီစဉ်နေကြတယ်ဗျ ´´ လို့ ပြောချလိုက်ရော။ ကျွန်တော်လည်း အံ့အားသင့်နေပြီး ဘာမှ မပြောတတ်အောင် ဖြစ်နေတုန်းမှာ မရင်အေးဟာလည်း တခါထဲ မီးဖိုခန်းထဲကို ဝင်ပြေးပါလေရော။ မရင်အေးနောက်ကို ကျွန်တော် ဝင်လိုက်သွားပြီး အစအဆုံး ကျွန်တော်တို့ရဲ့ စီမံကိန်းကို ဖွင့်ဟ ဝန်ခံလိုက်ပါတယ်။ မရင်အေးကိုလည်း စိတ်မဆိုးဖို့ တောင်းပန်ရပြန်ပါတယ်။ မရင်အေးဟာ တော်တော်ကြာကြာကြီး တွေနေပါတယ်။ နောက်တော့ သူ့ဟာသူ အိမ်ရှေ့ခန်းကို ထွက်သွားပြီး သခင်အောင်ဆန်း အနားမှာဘဲ သွားထိုင်ပါတယ်။ ကျွန်တော်ကတော့ လိုက်သွားရ ကောင်းမလား ၊ မလိုက်ဘဲ နေရ ကောင်းမလား ဆိုပြီး ဝေခွဲလို့ မရခင်မှာဘဲ မရင်အေးက ကျွန်တော့်ကို လှမ်းခေါ်လိုက်ပါတယ်။ ကျွန်တော်လည်း ထိုင်မိရော၊ မရင်အေးက တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပုံကတော့ ....့  `` ဒီမယ် ... အကိုကြီး ၊ အကိုကြီးတို့ နှစ်ယောက်စလုံးကို အကိုအရင်းလိုဘဲ ကျွန်မ သဘောထားပါတယ်။ မောင်လေးကလည်း အကိုကြီးတို့ကို သိပ်ချစ်တယ်။ သိပ် ကြည်ညိုတယ်။ မေမေ ဆိုတာကလည်း အကိုကြီးတို့တစ်တွေကို အင်မတန် လေးစားပါတယ်။ ဒီတော့ အခုလို အကိုကြီး စီစဉ်တာဟာ ဘာမှ အပြစ်ပြောစရာ မရှိပါဘူး။ ဒီကိစ္စမှာ ကျွန်မသဘောကတော့ အကိုအောင်ဆန်း နဲ့ ကျွန်မနဲ့ဟာ မတန်ပါဘူး။ ကျွန်မတို့ဟာ တောသူတွေပါ။ တောမှာနေပြီး တောသူပီပီဘဲ နေတတ်´ စားတတ်ပါတယ်။ အကိုအောင်ဆန်းတို့ကတော့ နောက်ဆိုရင် တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီးတွေ၊ တိုင်းပြည် အုပ်ချုပ်တဲ့ ဝန်ကြီးတွေ၊ ဘာတွေ ဖြစ်ကြဦးမှာပါ။ ဒီတော့ ကျွန်မတို့လို တောသူတွေနဲ့ဆိုရင် မဖြစ်ပါဘူး။ ဒီလိုပြောတာဟာ အကို အောင်ဆန်းကို ကျွန်မ မချစ်လို့၊ မခင်လို့ ပြောတာ မဟုတ်ပါဘူး။ အကိုအောင်ဆန်း တို့ ပါရမီကို ညီမလေးတစ်ယောက် အနေနဲ့လည်း ဖြည့်လို့ ရပါတယ်။ ပိုက်ဆံလိုချင်ရင်လည်း တောင်းကြပါ။ မေမေ သိအောင်တစ်မျိုး၊ မသိအောင်တစ်မျိုး ပေးရင်လည်း ပေးလို့ ရပါတယ်။ ကျွန်မရော၊ မောင်လေးကရော အကိုကြီးတို့ နိုင်ငံရေး လုပ်တာကို လေးစားနေကြတာပဲ။ နောက်ဆုံး ... အကိုကြီးတို့လိုတဲ့ ငွေက သိပ်များ နေရင် မေမေ မသိအောင် ညီမပေးမှာပေါ့ ´´ လို့ ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါတယ်။ ကျွန်တော်က ဘယ်လို ပြန်ပြောရမလဲလို့ စဉ်းစားနေတုန်း သခင်အောင်ဆန်းက .... `` ဟုတ်တယ်။ ခင်ဗျားပြောတာ မှန်တယ်။ မှန်တယ် ဆိုတာက နိုင်ငံရေးပါရမီကို ဘယ်အနေနဲ့ဘဲ ဖြစ်ဖြစ်၊ ဖြည့်ဆည်းလို့ ရတယ်ဆိုတာကို ပြောတာ။ ခင်ဗျား ပြောသလို ညီမတစ်ယောက် အနေနဲ့ပဲ ဖြည့်ပါမယ် ဆိုတာကို ကြိုက်ပါတယ်။ ဒါပေမယ့် ကျုပ်တို့က ဝန်ကြီးတွေ၊ ဘာတွေ ဖြစ်မှာမို့ ခင်ဗျားတို့လို တောသူတွေနဲ့ မတန်ပါဘူး ဆိုတဲ့ဟာကတော့ မဟုတ်သေးဘူး။ ဝန်ကြီး ဆိုတဲ့ကောင်ကရော ဘာကောင်မို့လဲ။ မိုးကျ ရွှေကိုယ်လည်း မဟုတ်ပါဘူး။ တောသား ပါပဲဗျ။ တောရွာ ဇနပုဒ်က တောမှာ မွေးခဲ့တဲ့ အကောင်ပါဗျ။ ခင်ဗျားပြောတဲ့ တောသူမို့လို့ မတန်ပါဘူး ဆိုတဲ့စကားကို ပြန် ရုပ်သိမ်းလိုက်ပါဗျာ ´´ ဆိုပြီး ဟဲ ဟဲ ... ဟဲဟဲ နဲ့ သဘောကျနေပါတော့တယ်။ ကျွန်တော့် ဝမ်းထဲမှာတော့ ကိုယ့်လူက ဒီလိုတော့လည်း အပြေလည်သားပါကလား။ ချစ်ရေးဆိုပုံကလေးကလည်း မခေပါကလားလို့ ပီတိ ဖြစ်လိုက်မိပါတယ်။ ကျွန်တော်တို့ ပြန်ခါနီးမှာ မရင်အေးက သူ့မေမေဆီမှာ ကျွန်တော်တို့အတွက် အထွေထွေသုံးဖို့ငွေ ၁၀၀ ကျပ် ပေးလိုက်မယ်လို့ ပြောပြီး ကျွန်တော်တို့ကို စာအိတ်နဲ့ ထည့်ထားတဲ့ ပိုက်ဆံကို ပေးလိုက်ပါတယ်။ သင်္ဘောပေါ်ရောက်လို့ ဖွင့်ကြည့်လိုက်တော့မှ ရာတန် ( ၃ ) ရွက် ဖြစ်နေတာကို တွေ့ရပါတယ်။ ဟိုခေတ်က ငွေ ၃ဝဝ ကျပ်ဆိုတာ နည်းနည်းနောနော တန်ဖိုး မဟုတ်ပါ။ သခင်အောင်ဆန်း နဲ့ မရင်အေး တို့ ဇာတ်လမ်းကတော့ အခုအတိုင်းဘဲ အဆင်ပြေပြေနဲ့ စခဲ့ကြတာပါပဲ။ ဒါပေမယ့် မကြာပါဘူး။ အဲဒီညီလာခံမှာ ဟောခဲ့တဲ့တရားကြောင့် သခင်အောင်ဆန်းဟာ ဆုငွေ ( ၅ ) ကျပ် အထုတ်ခံရတဲ့ ဘဝကို ရောက်ခဲ့ရပါတယ်။ အဲဒီ ဝရမ်းကို ရှောင်ရင်းတိန်းရင်းကနေပြီး ဗမာပြည်အပြင်ဘက်ကို ရောက်သွားရတယ်။ နောက် ရဲဘော်သုံးကျိပ်ကို ဦးဆောင်လာခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗမာ့ လွတ်လပ်ရေး တပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း အဖြစ်နဲ့ ဗမာပြည်ကို ပြန်ရောက်တဲ့ အချိန်မှာ မရင်အေးကတော့ မျှော်သလင့်လင့်နဲ့ ရှိနေရှာပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ကတော့ အထက်ဗမာပြည် သိမ်းပိုက်နိုင်ဖို့အတွက် ဆက်လက် စစ်ချီနေရှာပါတယ်။

သ ခင် တင် မောင် ( ကျုံ မ ငေး )
 အိုးဝေ ဂျာနယ် ၊ အမှတ် - ၂၅ ။ ( ၁၅. ၈. ၁၉၆၉ ) နေ့ထုတ်မှ
credit... တို့ဗမာအစည်းအရုံး Dobama Asiayone


မောင်အောင်ဆန်း ၏ ပွဲဦးထွက်သတ္တိ...
===================

ယခု တင်ပြမည့် ဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိများတွင်၎င်း၊ အခြားသူများ ဟောပြော တင်ပြကြသော ဗိုလ်ချုပ်၏ အတ္ထုပ္ပတ္တိများတွင်၎င်း၊ မပါဝင်သေးသော အကြောင်းအချင်းအရာများကို ဖတ်ရှုရမည် ဟု ထင်မြင်မိပါသည်... လွန်ခဲ့သည့် အနှစ်လေးဆယ်ကျော်က အိုးဝေဂျာနယ်တွင် စည်သူကျော်ထင် ရေးသားခဲ့သော " မောင်အောင်ဆန်း ၏ ပွဲဦးထွက်သတ္တိ..." ဆောင်းပါးအား ပြန်လည် ကောက်နှုတ် ဝေမျှလိုက်ပါသည်.
ဗိုလ်ချုပ် အောင်ဆန်းငယ်ရွယ်စဉ် နတ်မောက်မြို့ ဦးသောဘိတ ကျောင်းသားဘ၀ မရောက်မီ ကလေးဘ၀က ကိုအောင်ဆန်းသည် တစ္ဆေ သရဲကို အလွန်ကြောက်တတ်ကြောက်တတ်ကြောင်း နတ်မောက်မြို့ပေါ်၌ ၀ါတွင်းတွင် အတီးအမှုတ် အကအခုန်တို့ဖြင့် အဖိတ်နေ့တိုင်း အလှူခံထွက်ရာ လူတစ်ယောက်က ဖိုးသူတော်ရုပ်ကြီးထဲဝင်ပြီး ကခုန်သည်ကိုမြင်လျှင်လည်း ကြောက်ရွံ့သဖြင့် အိမ်ခန်းတွင်းသို့ ၀င်ရောက် ပုန်းအောင်းနေတတ်ကြောင်း ၊ ကာကာ ဆိုင်သို့လာလျှင် ကာကာကုလားကိုလည်း ကြောက်သဖြင့် ကာကာဆိုင်သို့ပင် မသွားကြောင်း အစရှိသည့် ငယ်ရွယ်စဉ် ကလေးဘ၀ အကြောက်ကြီး ကြောက်တတ်ပုံတို့ကို " အောင်သန်း၏ အောင်ဆန်း" စာအုပ်တွင်၎င်း ၊ " အောင်ဆန်း မိသားစု" စာအုပ်တွင်၎င်း စာရှုသူများ တွေ့ဘူး ဖတ်ဘူးခဲ့ကြပေလိမ့်မည်...

ဤနေရာတွင် ကြောက်စိတ်ဟူသည် လူ့ဘ၀တလျောက်လုံး လူ့ခန္ဓာအတွင်း၌ ရာသက်ပန် ကိန်းအောင်း တည်ရှိ နေနိုင်သော အခြင်းအရာမျိုး မဟုတ်ကြောင်း ပြောကြားလိုပါသည်.. ကြောက်လျှင်လွဲ ရဲလျှင်မင်းဖြစ် ကြောက်မွေးပါ ဇာဂနာ ဖြင့်နှုတ် ဟူသော စကားနှင့် အညီ ကြောက်စိတ်ကို ရဲစိတ်ဖြင့် တွန်းလှန်ချေမှုန်းပစ်လျှင် လုံးဝကင်းစင် ပပျောက်ပြီး အာဇာနည် သူရဲကောင်းဘ၀သို့တိုင် ရောက်အောင်ပင် တက်လှမ်းနိုင်တတ်ပေသည်။ ကြောက်သွေးဟူသမျှကို ရဲဆေးဖြင့် သုတ်သင်ဆေးကြောပစ်နိုင်သဖြင့် မြန်မာ့လွတ်လပ်ရေးကို လက်ဝယ်ပိုင်ပိုင် အနိုင်ရအောင် တိုက်ယူနိုင်စွမ်းရှိခဲ့သည်ကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က သက်သေထူလျက်ရှိပေသည်။ ရဲသွေး ရဲမာန် နှင့် သတ္တိ ဗျတ္တိ ဟူသည် လေ့ကျင်ပျိုးထောင်၍ ရနိုင်ကောင်းသော အခြင်းအရာမျိုးဖြစ်ပေသည်။ ထိုသို့သော သတ္တိမျိုးကို ဗိုလ်ချုပ်အောင်ဆန်း ကောလိပ်ကျောင်းသား ဖြစ်ပြီးကာစ အသက်(၁၇)နှစ်သား အရွယ်က လေ့ကျင့်ပျိုးထောင်ခဲ့ပေသည်။

ကိုအောင်ဆန်း မည်သို့ လေ့ကျင်ပျိုးထောင်ခဲ့ပါသနည်း.....

အချိန်ကား မြန်မာလွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟူ၍ နိုင်ငံဥသျှောင်ကြီးတဆူဖြစ်လာမည့် ကျောင်းသားကိုအောင်ဆန်းသည် ရန်ကုန်တက္ကသိုလ်တွင် အိုင်အေဂျူနီယာ (ခေါ်) ဥပစာအောက်တန်း (ထိုစဉ်က ပထမနှစ် မခေါ်သေး)တွင် တစ်နှစ်တာ ပညာသင်ကြားပြီး၍ အတန်းတင်စာမေးပွဲများ ဖြေဆိုပြီးကာ နွေရာသီ ကျောင်းပိတ်ရက်အရောက်တွင် နတ်မောက်မြို့ရှိ မိခင်ကြီးအမေစုထံသို့ ပြန်ရောက်လာသော အခါသမယပေတည်း ....

နတ်မောက်မြို့ကလေးသည် တောမြို့ကလေးတမြို့ ဖြစ်ရကား ထိုစဉ်က မြို့ပေါ်ရှိ များစွာသော အမျိုးသမီးကြီးများသည် အားလပ်သောအချိန်များတွင် တစ္ဆေ မှင်စာ သရဲသဘက် ဘုတ် ပြိတ္တာ စသည်တို့၏ အကြောင်းကို ဒဏ္ဍာရီ ပုံပြင်များ သဖွယ် အကျယ်ချဲ့ကာ ပြောလေ့ ပြောထ ရှိတတ်ကြပေ၏။ ထို့အတူ နတ်မောက်မြို့ အရှေ့ပိုင်းရပ်ရှိ အမေစု ၏ အိမ်ဝန်းကျင်မှ ဒေါ်ကြီး ဒေါ်လေးတို့သည်လည်း ထိုသို့သော သရဲသဘက်ပုံပြင်များကို အားပါးတရ လျှာလိပ်ပါးလိပ် ပြောကြလေရာ ကိုအောင်ဆန်းအဖို့ ထိုဒဏ္ဍာရီဇာတ်လမ်းများကို မကြားချင်အဆုံး ဖြစ်၍နေလေတော့သည်။

မည်သို့ပင် နားလျှံအောင် ကြားရသော်လည်း ကိုအောင်ဆန်းအဖို့ ယင်းသို့သော နာနာဘာဝ များကို အကောင်အထည်နှင့်တကွ တွေ့မြင်ရခြင်း မရှိသဖြင့် လုံးဝအယုံအကြည် မရှိခဲ့ပေ။ ပူအိုက်လှသော နွေရာသီ နေ့တစ်နေ့တွင် ကိုအောင်ဆန်းသည် ဦးသောဘိတ ကျောင်းတွင်နေစဉ်က သူနှင့် ကျောင်းနေဘက်သူငယ်ချင်းများဖြစ်ခဲ့ကြသော ကြွက်ကဒိုး (ကုန်သည်ကြီး ဦးဘအေး) ၊ ဖိုးနီ(ကျောင်းဆရာ ဦးဖိုးနီ)၊ မောင်ညာ(ကုန်သည် ဦးညာပွား)၊ မောင်ညို(မြွေအလမ္ပယ်ဆရာ ဦးညို) နှင့် ရန်ဒါး (ယခုရန်ကုန်မြို့ ကမာရွတ်တွင်နေထိုင်သူ ကပေါင်းကုန်းကြီးရွာသား ရန်ဒါး) စသော သူငယ်ချင်းများ နှင့် ဂျင်းသုပ်သည် ဒေါ်စော အိမ်တွင် စုဝေးကာ ထွေရာလေးပါး စကားစမြည်များ ပြောဆိုလျှက် နေကြပေ၏ ..

ထိုလူစုအနက် ကိုအောင်ဆန်းက စတင်၍ ..

ဆန်း ... ဒီလောကမှာ တစ္ဆေ သရဲရှိတယ်ဆိုတာ မင်းတို့ ယုံကြသလား ..ငါတော့ လုံးဝ မယုံဘူး .. ဒါကြောင့် .. ငါ ဒါတွေကို ကြောက်လဲ မကြောက်ဘူး ..ဂရုလဲ မစိုက်ဘူး...

ထိုစကားကို ကြားလျှင် ၎င်းတို့တွင် အသက်ကြီးဆုံးဖြစ်သူ ကြွက်ကဒိုးက ကြားဝင်၍..
ဒိုး ...... မယုံ မရှိနဲ့ မောင် ..တခါက ငါ့ကို မြို့ရဲ့ အရှေ့ဖျားက မယ်စာပင် ခေါ်တဲ့ သရက်ပင်ကြီးအောက်က သရဲခြောက်လို့ ပြေးလိုက်ရတာ တင်ပါး နဲ့ ဖ၀ါး တသားထဲကျသွားတာပဲ ..

ဆန်း .... အဲဒါ သရက်ပင်အောက် ခွေးတစ်ကောင်က မင်းကိုမြင်လို့ လန့်ပြေးတာ ..မင်းက သရဲခြောက်တယ်ထင်ပြီး ထွက်ပြေးတာ ဖြစ်မှာပေါ့ .. သရဲဆိုတာ တကယ် မရှိဘူး ...

ထိုသို့ ကြွက်ကဒိုး နှင့် ကိုအောင်ဆန်းတို့ ဆွေးနွေးပြောဆိုနေကြသည်ကို ကြားလျှင် ပျော်ပျော်နေတတ်သူလည်းဖြစ်၍ သူငယ်ချင်းတစ်စု လူရည် အလည်ဆုံးလည်း ဖြစ်သော မောင်ညာက မျက်နှာမဲ့ရွဲ့ကာဖြင့် ...
ညာ .... အောင်ဆန်း မင်း တစ္ဆေ သရဲ ရှိတယ်ဆိုတာကို တကယ် မယုံဘူးလား...
ဆန်း ... လုံးဝ မယုံဘူး ..ရှိလဲ မရှိဘူး ... ဒါကြောင့် ကြောက်စရာလဲ မလိုဘူး .....

ညာ ..... ကောင်းပြီ..ဒီလိုဆိုရင် ည(၁၀)နာရီအချိန်လောက်မှာ မင်းတစ်ယောက်တည်း သင်္ချိုင်းကို သွားရဲလား ..
ဆန်း ... သွားရုံမက .. ဟိုဘက် ဆယ်ဘူတာလောက်လွန်သွားသေးတယ်..ငါသွားရဲရင်..မင်းတို့က ငါ့ကို ဘာများ ဆု ပေးကြမလဲ ...

ညာ ... မင်း သွားရဲရင် မင်း ရန်ကုန်ကောလိပ်ကျောင်း အပြန်မှာ နတ်မောက်-ရန်ကုန် မီးရထား မထမတန်း လက်မှတ်ကို ဒို့တတွေက စုဝယ်ပေးမယ် ..ကဲ ဘယ်နှယ့်လဲ ..
ဆန်း ... ကောင်းပြီ..စိန်လိုက်..

ညာ .... မင်း .. ဒီည (၁၀)နာရီ တိတိမှာ မြို့လည်ခေါင်ဝတ်ဇရပ်နားက ဂုံးတံတားက စထွက်ပြီး သင်္ချိုင်းအလယ်မှာရှိတဲ့ မင်းဖခင် ဦးဖာရဲ့ အုတ်ဂူပေါ်မှာ ဦးဖာရဲ့ သက်စေ့ ဖရောင်းတိုင် ထွန်းညှိရမယ်..ဖရောင်းတိုင် အားလုံးထွန်းပြီးရင်
ဒီတံတားကို ပြန်လာရမယ်.. ဒီတံတာမှာ ဒို့ အသင့်စောင့်နေမယ်.. မင်းပြန်ရောက်ရောက်ခြင်း မင်းတကယ် လုပ်မလုပ် ဒို့အားလုံး ပြန်သွားကြည့်မယ်..မင်းသွားရင်တော့ အဖော်တစ်ယောက်မှ ခေါ်မသွားရဘူး ..

ဆန်း.... ကောင်းပြီ..ည(၁၀)နာရီ ငါ့အဖေရဲ့ အုတ်ဂူပေါ်မှာ သက်စေ့ဖယောင်းတိုင်(၆၄)တိုင် နဲ့ မီးညှိဘို့ မီးခြစ်သာ အဆင်သင့်ပြင်ထားကြ .. ငါလာခဲ့မယ်.. ဒီတချီတော့ တစ္ဆေ သရဲ ယုံတဲ့ မင်းတို့တတွေကို ငါ ကျွတ်အောင် ချွတ်ပြမယ်...

ထိုနေ့ညဦးစောစောကပင် ကြွက်ကဒိုး၊ ဖိုးနီ၊ မောင်ညာ ၊ မောင်ညို နှင့် ရန်ဒါး တို့သည် ဒီပင်္ကရာကျောင်းတိုက်အနီးမှ ကုန်စုံဆိုင်ဖြစ်သော ကြတ်တန်ဘိ ခေါ် ကိုမောင်ကလေး၏ ကုန်မျိုးစုံဆိုင်မှ ဦးဖာသက်စေ့ ဖယောင်းတိုင်(၆၄)တိုင်နှင့် မီးထွန်းညှိရန် မီးခြစ်တို့ကို အဆင်သင့်ဝယ်ယူထားပြီး အဆိုပါ တံတားထိပ်မှ စောင့်ဆိုင်းလျက်နေကြလေသည်..

ည(၁၀)နာရီထိုးရန် ၁၅ မိနစ်အလိုတွင် ကိုအောင်ဆန်း ရောက်၍ လာပါချေပြီ ...ည(၁၀)နာရီ သံချောင်းခေါက်သည်နှင့် တပြိုင်နက် ကိုအောင်ဆန်းသည် ကတိအတိုင်း ဖခင်၏ သက်စေ့ဖယောင်းတိုင် (၆၄)တိုင် နှင့် မီးခြစ်တို့ကို ယူဆောင်ကာ နတ်မောက်မြို့ အနောက်ဖက်ရှိ သုဿာန်သို့ တယောက်တည်း ချက်ခြင်း ထွက်သွားလေသည်.. ကိုအောင်ဆန်းသည် ဥပါဒါန်လည်းမကပ် စိုးစဉ်းမျှလည်း တုန်လှုပ်ခြောက်ခြားခြင်း မရှိဘဲ သုဿာန် သင်္ချိုင်းသို့သွားကာ ဖခင်ဦးဖာ၏ အုတ်ဂူပေါ်တွင် သက်စေ့ဖယောင်းတိုင်(၆၄)တိုင်ကို စိမ်ပြေ နပြေ ထွန်းညှိလေတော့သည်..

ထွန်းညှိပြီးနောက် သူငယ်ချင်းများစုဝေးရာ မြို့လယ်တံတားသို့ ပြန်ရောက်ချိန်တွင် ည(၁၁)နာရီ ထိုးသည့် သံချောင်းပင်ခေါက်လေပြီ.. ထိုအခါတွင် မှ ကျန် သူငယ်ချင်းငါးယောက်တို့သည် ကြည့်ရှု စစ်ဆေးရန် ဓါးများ၊ လှံများကို ကိုင်ဆောင်၍ သွားကြည့်ကြသည်.. ဓားလှံများ ယူဆောင်သွားရခြင်းမှာ တစ္ဆေ သရဲရှိသည်ဟု ယုံကြည်သူများဖြစ်ကြ၍ ရင်ဆိုင်တွေ့ရလျှင် ခုခံရန် ယူဆောင်သွားကြခြင်းဖြစ်သည်..

ကိုအောင်ဆန်းသည် သူငယ်ချင်းများ ပေးလိုက်သော ဖယောင်းတိုင် တစ်ခုမကျန် အကုန် ထွန်းညှိခဲ့ကြောင်းတွေ့ရပြီး မြို့လယ်တံတားသို့ ပြန်လာကြလေသည်..။

သူငယ်ချင်း ငါးယောက် ကိုအောင်ဆန်း နှင့် ပြန်လည်ဆုံတွေ့ကြသောအခါ မောင်ညာကစတင်၍..
ညာ..... မောင်ရင့် သတ္တိကျု ကိုယ်တို့တကယ် ချီးကျူးပါတယ်...မောင်ရင် ငယ်စဉ်ကနဲ့..ခုနဲ့ ..ပြဒါးတလမ်း သံတစ်လမ်းဘဲ..
ဆန်း... မင်းတို့ကို ငါပြောထားသားဘဲ.. တစ္ဆေ သရဲဆိုတာ တကယ်မဟုတ် လံကြုတ်တွေရဲ့ လုပ်ဇာတ်ပါလို့...

ညာ..... မောင်ရင် လက်တွေ့ ပြပေလို့ ..တို့တွေလဲ အမှန်ကို လက်တွေ့သိရပြီ.မောင်မင်းကြီးသား ရန်ကုန်ပြန်တဲ့အခါ ပထမတန်းလက်မှတ်ကိုသာ မကပဲ ပါသမျှ အထုပ်အပိုးတွေကိုပါ ကိုယ်တို့တတွေ ထမ်းပြီ ရထားပေါ်တင်ပေးပါ့မယ်..

ဆန်း... ဒါတွေကို အသာထားစမ်းပါမောင်ညာ ..ရှင်းရှင်းပြောရရင် မင်းတို့ အယူမှားတွေကို ဒီတချီ ငါ အကျွတ်ချွတ်လိုက်ရလို့ ကျေနပ်တယ်ကွာ...

အထက်ပါ အဖြစ်သနစ်ကို သေချာစွာ အကဲခတ်သည်ရှိသော် ကိုအောင်ဆန်းသည် ငယ်ရွယ်စဉ်က မည်မျှပင် ကြောက်တတ်သည် ဟု ဆိုစေကာမူ ကျောင်းသားဘ၀ရောက်ရှိပြီး အဆိုး အကောင်းကို အကျိုး အကြောင်းနှင့် တကွ ဆင်ခြင် စဉ်းစားလာတတ်သောအရွယ်တွင်မူကား ကြောက်မွေးဟူသမျှကို ဇာဂနာဖြင့် အပြောင်အစင် သုတ်သင် နှုတ်ပါယ်ပြစ်ကာ ရဲစိတ် ရဲမာန်တို့ တဖွားဖွား ပေါ်ပေါက်လာအောင် ပြုစုပျိုးထောင်မွေးမြူနိုင်ပြီး အမိမြန်မာနိုင်ငံကြီး သူ့ ကျွန် ဘ၀မှ လွတ်မြောက်လာသည်အထိ စွမ်းစွမ်းတမံ ခေါင်းဆောင်တိုက်ခိုက်ကာ လွတ်လပ်ရေး အောင်ပန်းကို ဆွတ်လှမ်းပေး ခဲ့ကြောင်းကို ပြည်သူအပေါင်းတို့ အသိပင် ဖြစ်ချေသည်...။

စည်သူကျော်ထင်(အိုးဝေဂျာနယ်)
credit... တို့ဗမာအစည်းအရုံး Dobama Asiayone



Inga kommentarer:

Skicka en kommentar