အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 29 januari 2014

လေဆိပ် မှောင်ခို တွင်းပေါက်ကြီး ဘယ်အချိန်ကတည်းက ရှိခဲ့သလဲ

လေဆိပ် မှောင်ခို တွင်းပေါက်ကြီး ဘယ်အချိန်ကတည်းက ရှိခဲ့သလဲ



နောက်ဆုံးတစ်နည်းကတော့ အခု ဖမ်းမိလိုက်တဲ့ ခိုးသွင်းနည်းပါ။ လေယာဉ် ၀မ်းထဲက ပစ္စည်းတွေကို ချတဲ့အခါ ဒါကို ကိုင်တွယ်ရတဲ့ ကြိုတင်ညှိနှိုင်းထားတဲ့ ၀န်ထမ်းတွေက ပုံမှန်လမ်းကြောင်းကနေ မဟုတ်ပဲ အခြားသော နည်းလမ်းပေါင်းစုံနဲ့ လေဆိပ်အပြင်ကို ခိုးထုတ်တာပါ။ ဒီနည်းနဲ့ မှောင်ခိုခိုးသွင်းတာမှာ ဘာပစ္စည်းကိုမှ အကန့်အသတ် ထားစရာ မလိုပါဘူး။
“ လေဆိပ် မှောင်ခို တွင်းပေါက်ကြီး ဘယ်အချိန်ကတည်းက ရှိခဲ့သလဲ”
စည်သူအောင်မြင့်
ရန်ကုန်တိုင်းမ် သတင်းစာ၊ Bi မွန်းတည့်နေဂျာနယ်၊ ၂၇-၁-၁၄။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၅ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မှောင်ခိုပစ္စည်း ကျပ်ငွေ သိန်း ၃၀၀၀ ဖိုး ဖမ်းမိတယ်ဆိုတဲ့သတင်း အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။ ပုံမှန်အားဖြင့် အော်- ဒါဟာ ရိုးရိုး မှောင်ခိုပစ္စည်းတွေ ဖမ်းမိတာပဲလို့ ထင်စရာရှိပေမယ့် တကယ့်တကယ်တော့ အတော့်ကို ထူးခြားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်တာ တွေ့ရမယ် ဖြစ်ပါတယ်။ မှောင်ခိုလို့ခေါ်တဲ့ အကောက်ခွန်မဲ့ ဒီ ကုန်ပစ္စည်းတွေကို ဘယ်နိုင်ငံကနေ ဘယ်ပုံစံနဲ့ သွင်းလာတာတွေလဲ၊ ဘာပစ္စည်းတွေ ပါသလဲ၊ ဘယ်ပုံစံနဲ့ သွင်းယူဖို့ ကြိုးစားခဲ့တာလဲ၊ ဒီလို မှောင်ခိုသွင်းလာတာဟာ ဒီတစ်ခေါက်ထဲပဲလား၊ အရင်ကရော ရှိနိုင်သလား၊ ဘယ်သူတွေ ပါဝင်ပါတ်သက်နေနိုင်မလဲ၊ ခုလို မှောင်ခို ပြသနာလိုမျိုးကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
အစိုးရပိုင် သတင်းစာထဲမှာ ဖော်ပြတာက စင်ကာပူကနေ မြန်မာနိုင်ငံ ရန်ကုန်ကိုလာတဲ့ MAI လေယာဉ်ဟာ ညနေ ၃ နာရီလောက် လေဆိပ်ကို ဆိုက်တယ်။ အဲဒီမှာ လေယာဉ် ကုန်စည်စလွယ်တွေနဲ့ အတူပါလာတဲ့ ခရီးဆောင်အိတ် (၈) လုံးနဲ့ စက္ကဗူး ၄ လုံးကို ပုံမှန်လမ်းကြောင်းအတိုင်း လေဆိပ်ပြင်ပကို ထုတ်ယူတာမျိုး မလုပ်ပဲ လေယာဉ်ပေါ်ကို ခရီးသည်တွေ တက်မယ့် Tube နံပါတ်၁ အောက်က Cargo Box ကုန်သေတ္တာ တစ်ခုမှာ ချန်ထားခဲ့တယ်။ နောက်ပိုင်း တစ်ခြားနေရာကနေ လေဆိပ်ပြင်ပကို ထုတ်ယူဖို့လို့ ဆိုပါတယ်။ အဲဒီမှာ တာဝန်ရှိသူတွေ ၀င်ရောက် စစ်ဆေး ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီ အိတ်(၈) လုံးနဲ့ စက္ကူဗူး ၄ လုံးထဲက မိုဘိုင်းဖုန်း ဟင်းဆက်တွေ၊ မီမိုရီကဒ်တွေနဲ့ ဖုန်း ဆက်စပ်ပစ္စည်းတွေ တွေ့ပြီး တန်ဖိုး စုစုပေါင်း ကျပ် သိန်း ၃၀၀၀ ဖိုးလောက် ခန့်မှန်းရတယ်လို့ ဆိုပါတယ်။ ပြောရရင် ဒီ လုပ်ရပ်ဟာ နိုင်ငံခြားက သွင်းလာတဲ့ ပစ္စည်းတွေကို အခွန်မဆောင်ပဲ ခိုးသွင်းတာဖြစ်ပါတယ်။ မှောင်ခိုသွင်းတယ် ဆိုလည်း မမှားပါဘူး။
ပြောရရင် လေဆိပ်ကနေ ဒီ ပုံစံအတိုင်း ကုန်ပစ္စည်းတွေ၊ ဆေးဝါးတွေ ခိုးသွင်းတာဟာ အခုမှ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၁၀ ကျော်မက အချိန်ထဲကပါ။ ခိုးသွင်းနည်း ကလည်း အမျိုးမျိုးရှိပါတယ်။ အလွယ်ကူဆုံး ခိုးသွင်းနည်းကတော့ လေဆိပ် အကောက်အခွန် အရာရှိတွေ၊ ဒါမှမဟုတ် လုံခြုံရေးဆိုင်ရာ အရာရှိတွေ စသဖြင့် ပိုင်နိုင်သူ တစ်ယောက်ယောက်ကို ကြိုတင် အကြောင်းအကြားပြီး ပုံမှန် ခရီးသည် ၀န်စည်စလွယ် ထုတ်ယူတဲ့ လမ်းကြောင်းအတိုင်း မှောင်ခို သွင်းတာပါ။ ကြိုတင် လာဘ်ပေး ညှိနှိုင်းထားတဲ့အတွက် အဲဒီ ခရီးသည် သယ်လာတဲ့ အိတ်ကို လေဆိပ် အကောက်ခွန်က တိတိကျကျ စစ်ဆေးတာမျိုး မလုပ်တော့ပါဘူး။ အခြား ခရီးသည်တွေနည်းတူ မှောင်ခို သွင်းလာတာတွေကို ယူထုတ်သွားရုံပါပဲ။
နောက်တစ်နည်းကတော့ အာဏာပိုင် အသိုင်းအ၀ိုင်းက လူတွေ လုပ်တဲ့နည်းပါ။ လေဆိပ်ကိုမှောင်ခိုပစ္စည်းတွေနဲ့ ရောက်လာတဲ့အခါ အကောက်အခွန်ကောင်တာ၊ ဒီကနေ့လိုဆို x-ray စက်ကိုမဖြတ်ပဲ လူကြီးလမ်းကြောင်းအတိုင်း သီးသန့် သယ်ထုတ်သွားတာမျိုးပါ။ နောက်တစ်မျိုးကတော့ ခရီးသည်ကိုယ်တိုင် လေကြောင်းခရီးစဉ်မှာ လိုက်လာစရာ မလိုပါဘူး။ ပစ္စည်းထုတ်တွေပဲ ထည့်ပေးလိုက်တာပါ။ အဲဒီ ပစ္စည်းတွေ လေဆိပ် အတွင်း ပစ္စည်းတွေ ထုတ်ယူရမယ့် ကွန်ဗေယာထဲ ရောက်သွားရင် ညှိနှိုင်းထားသူ တစ်ယောက်ယောက် (အကောက်ခွန်၊ လုံခြုံရေး အခြား အရာရှိတစ်ယောက်ယောက်လည်း ဖြစ်နိုင်) က ထုတ်ယူထားပြီး လေဆိပ်ထဲက ရုံးခန်း တစ်ခုခုမှာ ထားပါတယ်၊ နောက်ပိုင်းမှ အဆင်ပြေသလို ထုတ်ယူသွားတာပါ။
နောက်တစ်နည်းကတော့ လေယာဉ်မှူးတစ်ချို့၊ လေယာဉ်ဝန်ထမ်းတစ်ချို့က မှောင်ခိုပစ္စည်းတွေကို သယ်ယူလာပေးတာမျိုးပါ။ သေးငယ် ကျစ်လစ်ပြီး တန်ဘိုးကြီးတဲ့ ပစ္စည်းမျိုးတွေ မှ သွင်းလာတတ်ပါတယ်။ နောက်ဆုံးတစ်နည်းကတော့ အခု ဖမ်းမိလိုက်တဲ့ ခိုးသွင်းနည်းပါ။ လေယာဉ် ၀မ်းထဲက ပစ္စည်းတွေကို ချတဲ့အခါ ဒါကို ကိုင်တွယ်ရတဲ့ ကြိုတင်ညှိနှိုင်းထားတဲ့ ၀န်ထမ်းတွေက ပုံမှန်လမ်းကြောင်းကနေ မဟုတ်ပဲ အခြားသော နည်းလမ်းပေါင်းစုံနဲ့ လေဆိပ်အပြင်ကို ခိုးထုတ်တာပါ။ ဒီနည်းနဲ့ မှောင်ခိုခိုးသွင်းတာမှာ ဘာပစ္စည်းကိုမှ အကန့်အသတ် ထားစရာ မလိုပါဘူး။ မိုဘိုင်းဖုန်းလို ကွန်ပျူတာလို လက်ဖ်တော့လို သေးငယ် တန်ဖိုးရှိတာတွေတင်မက အယ်လ်စီဒီ တီဗွီ တွေလို ထုထည်ကြီး တန်ဘိုးကြီး ပစ္စည်းတွေကိုလည်း ခိုးသွင်းနိုင်ကြပါတယ်။ ဒီလမ်းကြောင်းကနေ နှစ်ပေါင်းများစွာ ခိုးသွင်းဖူးခဲ့ကြပါတယ်။
ပြောရရင် အခု မိတယ်ဆိုတာ ခရီးစဉ်တစ်ခု လေယာဉ်တစ်စီးကနေ မိတာကိုပဲ ကျပ် သိန်း ၃၀၀၀ ဖိုးလောက်ရှိပါတယ်။ ဒီ့မတိုင်ခင် ရက်တွေ၊ လတွေ၊ နှစ်တွေတုန်းကတည်းက ဒီ လမ်းကြောင်းအတိုင်း မှောင်ခိုပစ္စည်းတွေ နေ့စဉ် ၀င်ခဲ့ကြပြီဖြစ်ပါတယ်။ မင်္ဂလာဈေးနဲ့ ယုဇန ပလာဇာက မိုဘိုင်းဟင်းဆက်တွေ၊ ဆိပ်ကမ်းသာလမ်းက ကွန်ပျူတာနဲ့ ဆက်စပ် အပိုပစ္စည်းတွေ၊ ဘားလမ်းက အီလက်ထရောနစ် ပစ္စည်းတွေ အတော်များများ ဒီလမ်းနဲ့ သွင်းလာကြတာပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သွင်းလာခဲ့ကြတာပါ။ ရန်ကုန်လေဆိပ်ဆိုတာဟာ မှောင်ခိုကုန်တွေသွင်းတဲ့ တကယ့် တွင်းပေါက်ကြီးပါ။ ဒါပေမယ့် ခုလို ဖမ်းဆီးရမိတယ် ဆိုပြီး တစ်ခါမှ မကြားမသိခဲ့ရပါဘူး။ ဒါပေမယ့် အိမ်သုံးဖို့ဆိုပြီး ဘုမသိ ဘမသိ ၂၁ လက်မ နဲ့ အထက် အယ်စီဒီ တီဗွီ တစ်လုံးလောက် ၀ယ်လာတဲ့သူတွေ၊ ဖက်စ်ပါတဲ့ ပရင်တာ ယူလာမိတဲ့သူတွေ၊ မိုဘိုင်းဖုန်း ၃-၄ လုံးလောက် ၀ယ်လာတဲ့သူတွေ ဆိုရင်တော့ အားလုံး လေဆိပ် အကောက်အခွန်မှာ အသိမ်းခံကြရပါတယ်။
တကယ်တော့ အခုတလော လေဆိပ်မှာ ပုံမှန် အကောက်ခွန်ကောင်တာကနေ အကောက်ခွန်မဆောင်ပဲ သွင်းလာတဲ့ ပစ္စည်းတွေ သိမ်းဆည်းမိတယ် ဆိုတဲ့ သတင်းတွေ ပါလာနေပြီး အခု လေယာဉ်ကွင်းကနေ မှောင်ခိုသွင်းဖို့ မိတဲ့သတင်း ဆက်တိုက်ပါလာတာ ဖြစ်ပါတယ်။ ပြောရရင် လေဆိပ် အာဏာပိုင်တွေဟာ ပုံမှန် အလုပ်လုပ်နေတယ် ဆိုတာထက် မကြာခင် စီးပွား- ကူးသန်း က ဖွဲ့ထားတဲ့ မှောင်ခိုဖမ်းတဲ့ မိုဘိုင်းမ် တင်းမ် အဖွဲ့တွေ လေဆိပ်မှာ လာစစ်ဆေးမှာကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ခုလို ဖမ်းပြနေတာလားလို့ သံသယ ဖြစ်စရာတွေ ရှိပါတယ်။
အခုနောက်ဆုံး သိန်း ၃၀၀၀ ကျော်ဖိုး မှောင်ခိုဖမ်းတဲ့ ဖြစ်စဉ်ကို ကြည့်ရင် မှောင်ခိုသွင်းတဲ့လူတွေ တွေ့ရမှာမဟုတ်ပါဘူး။ လေဆိပ်ဝန်ထမ်း၊ တစ်နည်း လေဆိပ်နဲ့ ပါတ်သက်သူတွေ လုပ်ကိုင်ကြတာမျိုးဖြစ်ပါတယ်။ ဒါဟာ တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်လို့ရတာမျိုး မဟုတ်ပါဘူး။ တစ်ဖွဲ့ထဲက ချွန်ပြီး လုပ်လို့ရတာမျိုး မဟုတ်ပါဘူး။ လေဆိပ်မှာ အဖွဲ့ပေါင်းစုံ လှုပ်ရှားနေကြတာမို့ အားလုံး ပါတ်သက်မှု ရှိနိုင်ပါတယ်။ အစိုးရဟာ မှောင်ခိုဖမ်းတယ် ဆိုပြီး ကားလမ်းတွေမှာ မိုဘိုင်းမ်တင်းတွေနဲ့ စစ်၊ ဂိုဒေါင်တွေ ၀င်စီး လုပ်နေပေမယ့် တကယ့်တကယ် တံခါးဖွင့်ပေးတဲ့ လက်သယ်တရားခံ လာဘ်စားပြီး မှောင်ခိုသွင်းနေတဲ့ အရာရှိတွေ၊ ၀န်ထမ်းတွေကို အရေးယူတာမျိုး မကြားမသိရသလောက်ပါပဲ။ အခု ရန်ကုန်လေဆိပ်လို မှောင်ခိုသွင်းတဲ့ တွင်းနက်ကြီးထဲက အထုတ်လေး ၄-၅ ထုတ် ဖမ်းပြရုံနဲ့ မှောင်ခိုပပျောက်သွားမှာ မဟုတ်သလို၊ လာဘ်ပေးလာဘ်ယူ ကိစ္စ အရေးယူ ဖြေရှင်းတာ မရှိရင်လည်း ပြသနာ ပြေလည်နိုင်စရာ မရှိသေးပါကြောင်း သုံးသပ်တင်ပြလိုက်ပါတယ်။
စည်သူအောင်မြင့်။



Inga kommentarer:

Skicka en kommentar