မန္တလေးအကြမ်းဖက်မှုကို သတိရှိကြပါ
သစ်ထူးလွင်ဝဘ်ဆိုက်က တင်ပြခဲ့တဲ့ လုပ်ကြံသတင်းတစ်ပုဒ်အပေါ် အခြေခံပြီး ဇူလိုင် (၁) ရက်နေ့ ည (၇) နာရီ (၃၅) အချိန်တွင် မန္တလေးမြို့ (၂၈) လမ်းနှင့် (၈၂) ထောင်မှာရှိတဲ့ "ဆန်း" လဘက်ရည်ဆိုင်ကို အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) တွေ ရောက်လာပြီး ထိုလဘက်ရည်ဆိုင်ကို ဖျက်ဆီးဖို့ ဝိုင်းထားခံရပါတယ်။ အချိန်အတော်ကြာပြီးနောက် ရဲတပ်ဖွဲ့ဝင်များ ရောက်လာပြီး တားမြစ်ခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်များက အခြေအနေကို ထိန်းသိမ်းသည့်အနေဖြင့် လမ်းတွေကို ပတ်လည် ပိတ်စို့ထားခဲ့ပါတယ်။ည (၉) နာရီ အချိန်လောက်မှာတော့ (၂၆) လမ်းနှင့် (၈၂) ထောင့်ကို အကြမ်းဖက်သမား လူရမ်းကားများ စုရုံလာကြပါတယ်။ အဆိုပါ ရောက်ရှိလာသော လူရမ်းကားများမှာ နိုင်ငံတော်သီးချင်းကို သံပြိုင်သီဆိုခဲ့ကြပြီး၊ ရိုင်းစိုင်းစွာဖြင့် အစ္စလာမ်ဘာသာအား ဆဲဆိုကြရင်း " ကုလားတွေ အလိုမရှိ " " ကုလားတွေ အလိုမရှိ " ဟူ၍ အော်ဟစ်သံများက ပို၍ ဆူညံကာ အခြေအနေမှာ ဆိုးရွားလာပါတယ်။
လူအုပ်စု ပို၍ များပြားလာခဲ့ပြီး နီးစပ်ရာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဆိုင်ခန်းများ၊ နေအိမ်များနဲ့ ကားများကို ရသလို ဖျက်ဆီးကြပါတော့တယ်။ အစ္စလာမ်ဘာသာဝင် သက်ကြီးရွယ်အို အချို့ နေအိမ်များတွင် ပိတ်မိနေပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်ခံရမှုများ ရှိလာပါတယ်။
ဗလီနှင့် ဘာသာရေးအဆောက်အအုံများကို တိုက်ခိုက်စပြုလာခဲ့ပြီး ဗဟိုဗလီအား ထိခိုက်မှုများ ရှိလာချိန်မှာတော့ တစ်ဖက်မှ အစ္စလာမ်ဘာသာဝင်များကလည်း ပြန်လည်၍ ကာကွယ်ခြင်းများ ရှိလာခဲ့ပါတယ်။ ထိုအချိန်တွင် ရဲများက သေနတ်များ ပစ်ခတ်၍လည်းကောင်း၊ မျက်ရည်ယိုဗုံးများ ဖေါက်ခွဲ၍လည်းကောင်း လူစုကွဲစေခဲ့ပါတယ်။ အပျက်ဆီးတော့ ကြီးမားစွာ မရှိပေမဲ့ အများအပြားတော့ ထိခိုက်ဆုံးရှုံးခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ဝင်များက ဘက်လိုက်၍ ဖြေရှင်းတယ်လို့ စွပ်စွဲမှုများရှိခဲ့ပြီး လူတွေလည်း ဒဏ်ရာရရှိခဲ့ကြပါတယ်။
အကြမ်းဖက်သမား လူရမ်းကားများရဲ့ လူစုဟာ အစ္စလာမ်ဘာသာဝင်များရဲ့ ကာကွယ်မှုကြောင့် ကွဲသွားခဲ့ရပြီး၊ အစ္စလာမ်ဘာသာဝင်များကို သက်ဆိုင်ရာဝန်းများရှိ အပေါက်များအား ရဲတပ်ဖွဲ့ဝင်များက အတင်းအကြပ် ပိတ်စို့ခဲ့ပြီးနောက်မှာတော့ လူရမ်းကားများဟာ ဖြည်းဖြည်းချင်း ပြန်လည်၍ စုရုံးလာခဲ့ပါတယ်။ လူရမ်းကား အကြမ်းဖက်သမားများမှာ လမ်းမများပေါ်တွင် လွတ်လပ်စွာ သွားလာနေရင်း အင်အားများလာတဲ့အချိန်မှာတော့ ဘုန်းကြီးများက လိုက်လံဖြေရှင်းပေးတဲ့အတွက် လူတွေးအနည်းငယ် လျော့သွားတယ်လို့ ဆိုသူများလည်းရှိပေမယ့် မျက်မြင်သက်သေများကတော့ ဒီ့အပေါ် လက်မခံကြပါဘူး။ ည ၁၂ ခွဲ အချိန်လောက်မှာတော့ လူအုံပ်စုကြီး တတ်လာကြပြီး အစ္စလာမ်ဘာသာဝင်များရဲ့ ဗလီများ၊ နေအိမ်များနဲ့ ဆိုင်ခန်းများကို ထပ်မံ၍ ခဲများဖြင့် ပစ်ပေါက်ဆဲဆိုကာ ဘာသာရေးစော်ကားမှုများကို စိန်ခေါ်ရင်း ပြုလုပ်နေကြတာကိုတော့ ရဲတပ်ဖွဲ့များက တားမြစ်ခြင်းမရှိဘဲ ရပ်ကြည့်နေကြပါတယ်။
လူရမ်းကားအုပ်စုကြီးဟာ ဗလီဝင်းတစ်ခုဘက်ကို ဝင်ဖိုပြင်နေတဲ့အချိန်မှာတော့ အစ္စလာမ်ဘာသာဝင်တွေဟာ ၈၁ လမ်းပေါ်ကို ရောက်ရှိလာပြီး ဟန့်တားခဲ့လို့ ထိုလူရမ်းကား အုပ်စုကြီးဟာ ကြောက်လန့်တကြားနဲ့ ပြန်လှည့်ပြေးသွားကြပါတယ်။ ရဲတွေက အစ္စလာမ်ဘာသာဝင်များဘက်ကို သေနက်နဲ့ ပစ်ခဲ့လို့ အစ္စလာမ်ဘာသာဝင် တစ်ဦး ပြင်းထန်စွာ ထိခိုက်ခဲ့ရပါတယ်။ လူရမ်းကားများကိုတော့ ပစ်ခတ်ခြင်းမရှိဘဲ မိုးပေါ်ကိုသာ ထောင်ပစ်တာကြောင့် လူစုရန် အချက်ပြသလို ဖြစ်နေခဲ့ပါတယ်။
ဒဏ်ရာရရှိသူကို ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လူနာအဖြစ် တင်ပို့ခဲ့ရပြီး စိုးရိမ်ရတဲ့အခြေအနေမှာ ရှိပါတယ်။
ရန်လိုနေတဲ့ လူရမ်းကား ဘာသာရေး အစွန်းရောက်များအား အစ္စလာမ်ဘာသာဝင်များက ခုခံကာကွယ်နေတဲ့အချိန်မှာတော့ ရဲများရဲ့ အကာအကွယ်ဖြင့် အကြမ်းဖက်သမား လူရမ်းကားများဟာ ရှေ့သို့ ထိုးတက်လာကြပါတယ်။ လူအုပ်စုကြီးဟာ ကာကွယ်သူ မွတ်စ်လင်မ်တွေထက် အဆမတန် အင်အားများပြားသော်လည်း ရဲများကို အကာအကွယ်ယူ၍သာ ရှေ့သို့ တက်ရောက်လာတာဟာ ထူးခြားလှတယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။
ပြေလည်အောင် လိုက်လံဖြေရှင်းပေးတယ်ဆိုတဲ့ ကားဖြင့်ပတ်နေတဲ့ ဘုန်းကြီးတွေကလည်း လူရမ်းကားများဘက်မှ ရပ်တည်၍ မီးစာတစ်ဖက် ရေမှုတ်တစ်ဖက်ပုံစံဖြင့် ဆူပူအကြမ်းဖက်မှုကို ကြီးထွားလာအောင် လုပ်နေခဲ့တယ်လို့ လေ့လာသူများက ဆိုပါတယ်။ အဆိုပါ ဘုန်းကြီးတွေက များပြားလှတဲ့ ဘုန်းကြီးကျောင်းတိုက်တွေကို ဖုန်းဆက်၍ အင်အားများလာအောင် လုပ်ဆောင်ခဲ့ပါတယ်။ "ဆရာတော်ဘုရား ၂၆ လမ်းပေါ်ကို အမြန်လာခဲ့ပေးပါ ဘုရား ဒီမှာကုလားတွေက လူတွေကို လိုက်သတ်နေပါတယ်" ဆိုပြီး ဘုန်းကြီးကျောင်းများဆီကို လုပ်ကြံသတင်းများ ပေးပို့၍ (၂၆) လမ်းနှင့် (၈၁) လမ်းထောင့်နေရာများမှာ အခြေအနေ ထိန်းသိမ်းဟန်ဖြင့် အကြမ်းဖက် လူရမ်းကားများကို စောင့်ပေးခဲ့ပါတယ်။ သင်္ကန်းဝတ် (၄) ဦးလောက် စောင့်ပေးနေပါတယ်။
အခြေအနေက လူရမ်းကားများအတွက် မဟန်တော့ဘဲ၊ အစ္စလာမ်တွေဘက်က အလျှော့မပေးဘဲ စောင့်ကြည့်နေတာကြောင့် ဖျက်ဆီးရေးသမား လူရမ်းကားတွေ အလျှိုအလျှို ပျောက်ကွယ်သွားကြပါတယ်။ တဖြည်းဖြည်းနဲ့ အားလုံး တိတ်ဆိတ်သွားတာကြောင့် အစ္စလာမ်ဘာသာဝင်တွေလည်း ကိုယ်စီ အိမ်ပြန်သွားကြပါတယ်။ အကြမ်းဖက်သမားတွေလဲ ဘယ်ရောက်မှန်းမသိ ပျောက်သွားကြပါတယ်။
ည ၃ နာရီတိတိအချိန်လောက်မှာတော့ လူတွေပြန်ရောက်လာပါတယ်။ ဆိုင်ကယ်အစီး၂၀ ကျော်လောက်ရှိပြီး၊ ဆိုင်ကယ် ၁ စီးကို လူသုံယောက်ဖြင့် စီး၍ ၀င်လာကြပါတယ်။ ယင်းနောက်မှာတော့ လက်ထဲမှာ ဓားတွေကိုင်ထားတဲ့ များပြားလှတဲ့ လူအုပ်ကြီးဟာ ကြွေးကြောသံတွေနဲ့အတူ တန်းစီ၍ လျှောက်လာနေပြီး ရှေ့ဆုံးမှာတော့ ၀ီရသူရဲ့ မစိုးရိမ်တိုက်သစ်ကလို့ ယူဆရတဲ့ သင်္ကန်းဝတ် စစ်သွေးကြွ (၅၀) ကျော်လောက်က ဓားရှည်များကိုင်ကာ ဦးဆောင်၍ လျှောက်လာနေကြပါတယ်။ လမ်းတစ်လျှောက် ရဲတွေကလည် လက်ထဲမှာ သေနက်တွေ ကိုင်ထားကြပေမယ့် တားဆီးခြင်း အလျဉ်းမရှိခဲ့ဘဲ ကျောက်ရုပ်များကဲ့သို့ ရပ်ကြည့်ပေးနေပါတယ်။
ည ၄ နာရီအချိန်လောက်မှာတော့ အကြမ်းဖက်သမား လူရမ်းကားများ ရှေ့တိုးမရနိုင်တော့ဘဲ သင်္ကန်းဝတ်များနဲ့အတူ နောက်ဆုတ်သွားကြပါတယ်။ လမ်းမများပေါ်မှာ အော်ဟစ်ရမ်းကားကြပြီး၊ မွတ်စ်လင်မ် အိမ်များကို လူရှိမရှိ စောင့်ကြည့်ကြပြီးနောက် ပြန်သွားကြပါတယ်။
မနက်မိုးလင်းချိန်ရောက်တော့မှ ဒေသခံများလည်း အိပ်စက်နိုင်ကြတယ်လို့ သိရပါတယ်။ အိပ်စက်တယ်ဆိုပေမယ့် သတိရှိနေရတယ်လို့ ပြောပါတယ်။ ရဲတွေဟာ မိမိတို့အတွက် စိတ်ချရတဲ့ လုံခြုံရေးမပေးနိုင်ကြဘူးလို့လည်း ပြောပါတယ်။ ရဲတွေ စောင့်ကြည့်နေခြင်းဟာ အကြမ်းဖက်သမား လူရမ်းကားများအား အထိမနာရအောင်သဘော ဆောင်တယ်လို့လည်း ပြောဆိုကြပါတယ်။
ကျနော် ဒီကနေ ပြောခြင်းတာကတော့ ဘာသာရေးကို ခုတုံးလုပ်တာပါ။ ၂၀၁၅ ရွေးကောက်ပွဲ ပျက်စီးဖို့၊ စစ်တပ်ပြန်ပြီး အုပ်ချုပ်ဖို့အတွက် ပြည်သူတွေကို ခုတုံးလုပ်တာပါ။ ပြည်သူတွေက ခုလိုအချိန်မှာ သူတို့ကြိုးဆွဲရာ လိုက်မကသင့်ပါဘူး။ (၈၈) တုန်းကလို စည်းလုံးမှုကို ပြသင်တဲ့အချိန်ပါ။ ဘာသာရေးမတူညီမှုတွေကို အသာမေ့ပြီး လူသားဆိုတဲ့စိတ်တစ်ခုတည်းနဲ့ နိုင်ငံတော်ကို ကာကွယ်သင့်ကြပါတယ်။ ဘာမဟုတ်တဲ့ အသေးဖွဲ့ကိစ္စတွေကို ခုတုံးလုပ်ပြီး အသုံးချနေတာကို နားလည်မှုမရှိရင် အားလုံးဒုက္ခရောက်ကြပါလိမ့်မယ်။ ဒါကြောင့်စည်းလုံးကြပါ။ မြန်မာနိုင်ငံမှာ ဘာသာရေးမတူညီခြင်းဟာ နှစ်ထောင်ချီအောင် ရှိနေခဲ့ပြီး တစ်ဦးကိုတစ်ဦး ကိုင်းကျွန်းမီ ကျွန်းကိုင်းမီ နေထိုင်စားသောက် လုပ်ကိုင်နေကြပါတယ်။
ဘယ်တုန်းကမှ အမုန်းတရားတွေ မရှိခဲ့ပေမယ့် ဒီကနေ အာဏာရှင်တို့ ထိုင်ခုံမက်မောမှုကြောင့် ရန်သူတွေအဖြစ် တစ်ဦးကိုတစ်ဦး ရှုမြင်လာရအောင် ၀ီရသူလို အချောင်နေ အချောင်စား သင်္ကန်းဝတ်တွေကို အသုံးချပြီး မှိုင်းတိုက်နေကြတာသာ ဖြစ်ပါတယ်။ ဘယ်သူမှ အမြဲမကောင်းနိုင်သလို၊ ဘယ်သူမှလည်း အမြဲမဆိုးသွမ်းနိုင်ကြပါဘူး။ အားလုံးကိုယ်စီ ကောင်းတာတွေ လုပ်ဖူးကြသလို၊ မကောင်းတာတွေလဲ လုပ်ဖူးကြပါတယ်။ တစ်ခါတစ်ရံ မထင်မှတ်တဲ့ အမှားတွေကို ပုံကြီးချဲ့ပြီး လုပ်ဇာတ်ခင်းနေတဲ့အထဲမှာ လိုက်ပါရင်း စိတ်ဝမ်းကွဲပြားနေကြမယ့်အစား အားလုံးမုဒိတာပွားပေးကြပါလို့ ဒီနေရာကနေ မေတ္တာရပ်ခံအပ်ပါတယ်......။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ။ လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
မိုးလွင်ခန့် | အလင်းမျက်ဝန်း
မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:
Skicka en kommentar