မြန်မာ့ဒီမိုကရေစီ ချိန်ခွင်
နိုင်ငံတကာအသိုင်းအ၀ိုင်းသို့ မြန်မာနိုင်ငံပြန်လည်ဝင်ရောက်မှုမှာ အပြည့်အ၀ မဟုတ်သေးဘဲ မှန်မှန်ကန်ကန် ကောက်ချက်ချနိုင်ခြင်း မရှိသေးပေ။ ယခင် စစ် အစိုးရသည် ၄င်း၏ သစ္စာခံဗိုလ်ချုပ်များကို ယူနီဖောင်းချွတ်စေခဲ့ပြီး စစ်သား များအား စစ်တန်းလျားသို့ ပြန်လည် ပို့ဆောင် ခဲ့ကြောင်း ပြသ ခဲ့သော်လည်း အမှန်တကယ်အားဖြင့် စစ်အာဏာရှင်များမှာ ဂိတ်တံခါးများနောက်တွင် အသင့် ရှိနေပြီး လိုအပ်ပါက ချက်ချင်းပြန်ထွက်လာနိုင်သည်။ အစိုးရအဖွဲ့တွင်လည်း ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်အား အရပ်သား သမ္မတအဖြစ် ထားရှိထားသည်။
သမ္မတမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် သံတမန်ရေး အသိအမှတ်ပြုမှု များအား ဆွဲဆောင်နိုင်ရန် ဖန်တီးထားသည့် ရှေ့တန်းလူ ဖြစ် သည် ဟု လေ့လာသူ အချို့က သံသယ၀င်လျက်ရှိသည်။ ဦးသိန်စိန်သည် မီဒီယာ ထိန်းချုပ်မှု အား ဖြေလျှော့ပေးခဲ့သည်။ နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေး ခဲ့ပြီး တရုတ်ကုမ္ပဏီက တည်ဆောက်နေ သည့် ရေအားလျှပ်စစ် စီမံကိန်းကြီးတစ်ခုအား ဆိုင်းငံ့ကာ ဘေဂျင်းကို ကသိကအောက်ဖြစ်စေခဲ့သည်။
ဦးသိန်းစိန် ၏ ပြုပြင်ပြောင်းလဲမှုများမှာ စစ်အုပ်ချုပ်ရေး သို့ နောက်ပြန် မလှည့်တော့ ဟု နိုင်ငံတကာက လက်ခံစေခဲ့သည်မှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့ခြင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က တရားဝင်နိုင်ငံရေး ပါတီ အဖြစ် ပြန်လည်မှတ်ပုံတင်ခဲ့ခြင်းတို့ဖြစ်သည်။
အပြောင်းအလဲများအမှန်တကယ်ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် က ပြောကြား ခဲ့သဖြင့် ကမ္ဘာ့ခေါင်းဆောင်များအတွက် အတည်ပြုချက် အဖြစ် မှတ်ယူခံခဲ့ရသည်။ နိုင်ငံတွင်းရှိ လူမျိုးရေး ပြသနာများ အကြမ်းဖက်မှုများ လူအခွင့်အရေးချိုးဖောက် ဖိနှိပ်မှုများ ရှိနေသော်လည်း နိုင်ငံတကာက ထိုသို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့်အတိုင်း မှတ်ယူခဲ့ကြခြင်းဖြစ် သည်။
နိုင်ငံရေးစင်မြင့်ပေါ်သို့ ပြန်လည်ရောက်ရှိအပြီး ၂ နှစ်ကျော်အကြာ တွင် ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးသိန်းစိန်နှင့် နောက်ကွယ်မှ လွှမ်းမိုး ထားသည့် စစ်တပ်၏ ကတိများအပေါ် ယုံကြည်မှုများ ကုန်ဆုံး ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးသိန်းစိန်၊ ၄င်း၏ အကြံပေး များနှင့် အကြိမ်ကြိမ်ဆွေးနွေး ခဲ့သော်လည်း မည်သည့်ရလဒ်မျှ ထွက်ပေါ် မလာဘဲ ထွက်ပေါ်လာရန်လည်း မျှော်လင့်ချက်မရှိဟု ပြီးခဲ့သည့် ရက်သတ္တပတ် က ပြောကြားခဲ့သည်။
ယခုအပတ်အတွင်း မြန်မာနိုင်ငံ၌ ပြုလုပ်မည့် အာဆီယံထိပ်သီး အစည်းအဝေး သို့ အမေရိကန်သမ္မတနှင့် ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက် မည်ဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်၏ မကြာသေးမီ ရက်ပိုင်း အတွင်းက ပြောကြားခဲ့မှုက ထိုဆွေးနွေးပွဲတွင် သင်ရောက်မှုရှိမည်ဖြစ်သည်။ တရားဝင်နိုင်ငံရေး လမ်းကြောင်းပေါ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ပါဝင်လာခြင်းက နိုင်ငံ၏ သယံဇာတလုပ်ငန်းနှင့် လူဦးရေသန်း ၅၀ ကျော်ရှိ ဈေးကွက် သို့ နိုင်ငံတကာ ကုမ္ပဏီများ ၀င်ရောက်ရန် အချက်ပေးမှုဖြစ်ခဲ့သည်။ နိုင်ငံတကာ အကူအညီ များ၊ ကြွေးဟောင်းများကို ပယ်ဖျက်ပေးမှုများ၊ ကမ္ဘာ့ဘဏ်နှင့် အိုင်အမ်ဖက်တို့၏ အကူအညီများနှင့် အတူ စီးပွားရေးသမားများ ၀င်ရောက်လာခဲ့သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်က ပြောင်းလဲမှုများမှာ အစစ်အမှန် မဟုတ်သေးကြောင်း မကြာမီက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံရှိ လူနည်းစု တိုင်းရင်းသား များနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရယူရန် သမ္မတ ဦးသိန်းစိန် က အားကြိုးမာန်တက် မရှိခြင်းကို ထောက်ပြခဲ့သည်။ မြန်မာနိုင်ငံ တွင် လူနည်းစုများ၊ ဘာသာခြားများ အဖိနှိပ်ခံနေရခြင်းနှင့် ပတ်သက်၍ မူ ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
ထိုကိစ္စရပ်နှင့်ပတ်သက်၍ ဦးသိန်းစိန် အစိုးရအပေါ် ဒေါ်အောင်ဆန်းစုကြည် က ဝေဖန်ပြောကြားခြင်း မရှိခြင်းအတွက် အနောက်နိုင်ငံများ ကလည်း ဒေါ်အောင်ဆန်းစုကြည် အပေါ် အလိုမကျဖြစ်စေခဲ့သည်။
အကယ်၍ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကာလရှည်ကြာ ဒုက္ခဆင်းရဲခံခဲ့သူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တစ်ဦးက အစိုးရအပေါ် ယုံကြည်မှု မရှိတော့ကြောင်း ပြသ ပါက နိုင်ငံတကာ အသိုင်းအ၀ိုင်းက ချက်ချင်းသတိပြုမိမည်ဖြစ်သည်။
ဦးသိန်းစိန်သည် ကောင်းမွန်သည့် ပြောင်းလဲမှုများ ပြုလုပ်နေကြောင်း သက်သေပြ ရန် အခွင့်အရေးများ ရခဲ့သော်လည်း ပဋိပက္ခများသာ ဖြစ်ပေါ်စေ ခဲ့သည်။ လူမျိုးရေး ဘာသာရေး ပဋိပက္ခများ၊ နိုင်ငံရေး စစ်ရေး ပြသနာများ ပိုမို ရှုပ်ထွေး လာခဲ့ သည်ဟု မြန်မာ့နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြ သည်။ ပြည်တွင်းစစ် ရပ်စဲရေး လုပ်ငန်းများကို ၂ နှစ်ကျော်ကြာ ပြုလုပ်ခဲ့သော် လည်း စစ်တပ်၏ မပြောင်းလဲသည့် မူဝါဒများကြောင့် မည်သည့် သဘောတူညီ ချက်ကိုမျှ မရရှိနိုင်သေးသည့် အပြင် တိုက်ပွဲများလည်း မကြာခဏဆိုသလို တိုင်းရင်းသား ဒေသ အချို့တွင် ဖြစ်ပွားနေပြီး ပြည်သူများ အိုးစွန့်အိမ်စွန့် ဒုက္ခသည်များ ဘ၀သို့ ကျရောက်ခဲ့သည်။
ယခုအချိန်မှာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အတူ တိုင်းရင်းသား အဖွဲ့များ ကလည်း လက်တွဲ၍ ဒီမိုကရေစီလမ်းပြကြယ်ဟု ကမ္ဘာက တင်စားခဲ့ကြ သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အခိုင်အမာရပ်တည်ရမည့်အချိန်ဖြစ်သည်။ သို့မှသာလျှင် တိုင်းရင်းသားများ လိုလားတောင့်တသည့် ဖယ်ဒရယ် ဒီမိုကရေစီ စနစ် ပေါ်ထွန်းလာရန် လမ်းစများ ပေါ်ပေါက်လာမည် ဖြစ်သည်။
KHTun
မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:
Skicka en kommentar