M-Media
ဆောင်းပါးရှင် – မောင်သမာဓိ
ဆောင်းပါးရှင် – မောင်သမာဓိ
(၁) စာနယ်ဇင်း လွတ်လပ်ခွင့်ရပြီ။
မြန်မာနိုင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့် ပေမီ ဒေါက်မီ ရနေပြီဟု
ယုံကြည်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဧပြီလ ၃၀
ရက်နေ့က မဇ္ဈိမကို ပြောသည်ဟု ၂၀၁၄ ခုနှစ် မေလ ၁ ရက်နေ့ထုတ် Mizzima Daily
သတင်းစာတွင် ရေသား ဖေါ်ပြထားသည်ကို ဖတ်လိုက်ရပါသည်။
ထို့ကြောင့် စာနယ်ဇင်းကောင်စီမှ ဦးဇော်သက်ထွေးမှ သတင်းလွတ်လပ်ခွင့်က ပေမီ ဒေါက်မီ ရှိနေပြီ ဆိုတာ ဘယ်ပေတံနဲ့ တိုင်းတာပါသလဲဟု မေးခွန်းထုတ်လိုက်ပါသည်။
ထို့ကြောင့် စာနယ်ဇင်းကောင်စီမှ ဦးဇော်သက်ထွေးမှ သတင်းလွတ်လပ်ခွင့်က ပေမီ ဒေါက်မီ ရှိနေပြီ ဆိုတာ ဘယ်ပေတံနဲ့ တိုင်းတာပါသလဲဟု မေးခွန်းထုတ်လိုက်ပါသည်။
(၂) အစွန်းရောက် မီဒီယာနှင့် အစွန်းရောက် တရားစီရင်ရေး မဏ္ဍိုင်
ဖွှဲစည်းပုံက အသိအမှတ် ပြုထားသော ဘာသာတစ်ခုနှင့် တစ်ခုအကြား အမုန်းတရား
စကား (Hate Speech) နှင့် ခွဲခြား ဆက်ဆံသော အသုံးအနှုံးများကို သတင်းစာနှင့်
စာနယ်ဇင်းများတွင် အရေးယူမှုမရှိဘဲ လွတ်လပ်စွာ ထုတ်ဖေါ် ရေးသားခွင့်
ရှိနေချိန်တွင် မြို့နယ် ပညာရေးမှူးရုံးတစ်ခုတွင် ရုံးချိန်အတွင်း သတင်း
သွားယူသော DVB သတင်းထောက် ကိုဇော်ဖေတစ်ယောက် ပိုင်နက်ကျူးလွန်မှုနှင့်
တရားဆွဲ ခံရကာ ထောင် ဒဏ် အပြစ်ပေး ခံရလေသည်။
မန္တလေးဝန်ကြီးချုပ် အိမ်မီးလောင်မှုတွင် အိမ်ထောင်ဦးစီး တစ်ယောက်ကိုသာ
တရားစွဲသော်လည်း ၄၈ လမ်းကျောင်း မီးလောင်မှုတွင် လူနှစ်ဦးကို တရားစွဲပြီး
နှစ်ဦးစလုံးကို ၈ နှစ်စီ ထောင်ဒဏ် ချမှတ်လေသည်။
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တည့်မတ်၍ မရနိုင်တော့သော တရားစီရင်ရေး
မဏ္ဍိုင်အဖြစ်သို့ ရောက်မှန်းမသိ ရောက်သွား ပေတော့သည်။
(၃) နှုတ်က ငြင်းသော်လည်း လုပ်ရပ်က ဝန်ခံ။
အဓမ္မလုပ်အားပေး ခိုင်းစေမှု မရှိပါဟု အစဉ်တစိုက် ငြင်းခဲ့ပေမဲ့
အဓမ္မလုပ်အားပေး ခိုင်းစေခြင်းမှ ကာ ကွယ်ပေးသည့် ဥပဒေကို ပြဌာန်းပေးခဲ့ရသည့်
အပြင် အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းကို စောင့်ကြည့်သော ILO ရုံးတစ်ခုကို
Trader Hotel တွင် ဖွင့်ခွင့် ပြုခဲ့ရလေ၏။
နိုင်ငံရေး အကျဉ်းသားမရှိပါဟု အင်ဒိုနီးရှားနိုင်ငံတွင်
သမ္မတကြီးဦးသိန်းစိန် ငြင်းဆန်ခဲ့သော်လည်း ယ္ခုအခါ နိုင်ငံရေး အကျဉ်းသား
စိစစ်ရေး ကော်မတီဖွဲ့ကာ နိုင်ငံရေး အကျဉ်းသား စာရင်းကို ပြုစုစေ၏။
ကလေးစစ်သား မရှိပါဟု တောက်လျှောက်ငြင်းဆန်လာခဲ့သော်လည်း
ကလေးစစ်သားများကို မိဘ များထံ ပြန်အပ်သည့် အခန်းအနားများကို
စစ်ဌာနချုပ်များတွင် အဆက်မပြတ် ကျင်းပပေးနေရလေ၏။
မြန်မာပြည်တွင် ရိုဟင်ဂျာ မရှိပါဟု အစဉ်တစိုက် ငြင်းနေရာက ထူးခြားသော
စကားတစ်ချို့ကို ဧပြီလ ၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ပါရှိသော
မျိုးမြင့်သောင်း ရေးသည့် သတင်းဆောင်းပါးတွင် ဖတ်လိုက်ရပါ သည်။ မြန်မာ့
သမိုင်းကို လေ့လာကြည့်ပါတယ် ဆိုတဲ့ ဦးရဲထွဋ်က ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရ ဟာ
၁၉၄၆ ခုနှစ် ကနေ ၁၉၅၀ ကျော်နှစ်တွေအထိ ဖြစ်ပေါ်ခဲ့တဲ့ မူဂျာဟစ် ခွဲထွက်ရေး
လှုပ်ရှားမှုတွေကတဆင့် စတင် ပေါ်ပေါက်ခဲ့ပေမဲ့ လက်ရှိဘင်္ဂါလီတွေဟာ
ဗြိတိသျှကိုလိုနီ လက်ထက် ၁၉၃၁ ခုနှစ် သန်းကောင်စာရင်း ကောက်စဉ်ကပင်
ရှိနေခဲ့တယ် လို့ ဆိုတယ်ခင်ဗျာ့။
ကျွန်တော် စဉ်းစားလို့ မရတာက မြန်မာပြည်ရဲ့ လက်ရှိတည်ဆဲ နိုင်ငံသားပြုမှု
ဥပဒေဟာ ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုတာလား၊
လွန်ခဲ့ နှစ်ပေါင်း ၈၀ ကျော်ကတည်းက နေထိုင်ခဲ့ ကြောင်း သေချာနေတဲ့ လူတွေကို
နိုင်ငံသားအဖြစ် အသိအမှတ်ပြုတာလားဆိုတဲ့ အချက်ပါဘဲ။
ဒါပေမဲ့ သေချာတာ တစ်ခုကတော့ ဗဒုံမင်းခေါ် ဘိုးတော် ဘုရား (ဦးဝိုင်း)
ရခိုင်ကို သိမ်းပိုက်ခဲ့တဲ့ သ မိုင်းနဲ့ ၁၈၀၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Dr.
Francis Buchanan ရဲ့ မြန်မာ တိုင်းရင်းသားတွေ အကြောင်းကို ရေး သားထားတဲ့
စာအုပ်တွေကို ဖတ်ပြီးရင်တော့ ဦးရဲထွဋ် အပါအဝင် မြန်မာ
အစိုးရအဖွဲ့ဝင်တွေရဲ့ ရိုဟင်ဂျာ ပေါ် အမြင်ဟာ ကြိမ်းသေ ပြောင်းလဲ သွားပါ
လိမ့်မယ်။ မှန်နန်းရာဇဝင် ကိုရေးသားခဲ့တဲ့ပညာရှင် နာမည်ကိုက ဦးကုလား
တဲ့ဗျာ။ ကဲ.. မြန်မာပြည်မှာ ကုလား မရှိဘူးလို့ ငြင်းဦးမလား။
(၄) ရေငုတ်၍ အလေးစွန့်သလိုပ။
အောက်ပြည် အောက်ရွာတွင် သား အမိ နှစ်ဦးရှိလေသည်။ တစ်ဦးတည်းသော သား
ဖြစ်သူသည် အ ရက်သေစာကို မိဘမသိအောင် ခိုးသောက်ရုံသာမက တစ်ခုလပ် အမျိုးသမီး
တစ်ဦးနှင့် တိတ်တိတ်ပုံး ချစ်ကြိုး ဝင်နေသည်ကို ကြားသိရသော မိခင်ဖြစ်သူက
သားကို မသင့်တော်ကြောင်း ဆုံးမရာ သားဖြစ် သူက အမေ့ကို သတင်းပေးသူများသည်
မိမိကို မလိုမုန်းထား ရှိသူများသာဖြစ်ပြီး ထိုသတင်း များသည်လည်း ကောလဟာလ
များသာ ဖြစ်ကြောင်း ဖြေကြားလေသည်။
ထိုအခါ မိခင်လုပ်သူမှ သားဖြစ်သူကို ပြောလိုက်သည့် စကားမှာ
မှတ်သားလောက်သည်သာမက လက်ရှိ အစိုးရနှင့် ပြန်ကြားရေး ဝန်ကြီးဌာနကို
စောင်းပြောလေသလားဟု ထင်လိုက်မိပါသည်။
ဒီမှာငါ့သား မင်းရဲ့လုပ်ရပ်က ချောင်းထဲမှာ ရေဆင်းချိုးတဲ့အခါ သူများ
မသိအောင် ရေငုတ်ပြီး ချေး (ချီး) ယိုတဲ့ သူလိုဘဲ၊ နင်ပြန်မပေါ်သေးဘူး နင်
ယိုလိုက်တဲ့ ချီးတုံးက နင့်ထက်အရင် ပေါ်လော ပေါ်နေပြီ ဟူ၏။
(၅) လွတ်လပ်စွာ ပြောဆိုခွင့်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော် အခြေခံမူတွေနဲ့ ဆက်စပ် စဉ်းစားဖို့လို။
ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုံးဟာ အခုအချိန်မှာ သာမန်ပြဿနာ တစ်ရပ်အနေနဲ့
မှတ်ယူလို့ မရတော့ဘဲ နိုင်ငံလုံခြုံရေးနဲ့ အမျိုးသားရေးဆိုင်ရာ ပြဿနာအဖြစ်
ကူးပြောင်းရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီပြဿနာမျိုး ဟာ လွတ်လပ်စွာ
ပြောဆိုခွင့်ရှိတယ်ဆိုတဲ့ ရှုထောင့်တစ်ခုတည်းက ကြည့်လို့မရဘဲ၊ ဖွဲ့စည်းပုံ
အခြေခံဥပဒေပါ နိုင်ငံတော် အခြေခံမူတွေနဲ့ ဆက်စပ်ထည့်သွင်းစဉ်းစားရတဲ့
လုပ်ငန်းစဉ်လို့ ရှုမြင်ဖို့လိုတယ်ဟု နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်
ရှိသူလည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်သူ ဦးရဲထွဋ်က
ပြောကြောင်း၊ ၂၀၁၄ ခုနှစ် ဧပြီလ ၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁၀
တွင် ကလောင်ရှင် မျိုးမြင့် သောင်းက ဆောင်းပါး အဖွင့် ရေးသားထားပါသည်။
ဦးရဲထွဋ်ကို တစ်ခုမေးချင်ပါသည်။ လွတ်လပ်စွာ ထုတ်ဖေါ်ခွင့် (Freedom of
expression) ရှိသည်ဟု ဆိုကာ OIC ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုတွင်
သားဖေါက်နှုန်းမြန် အစ္စလာမ်၊ တိရိစ္ဆာန်ဝါဒ ဆန့်ကျင်ကြဆိုသော စားတန်းကို
သံဃာတော်များ ကိုင်ဆွဲကာ ဆန္ဒပြကြတာကိုရော ဖွဲ့စည်းပုံ အခြေခံဥပဒေပါ
လွတ်လပ်စွာကိုးကွယ် ခွင့် ရှိသည်ဆိုတဲ့ ဒါမှမဟုတ် လူမျိုးရေး ဘာသာရေး
လှုံ့ဆော်မှုများသည် ဤ အခြေခံမူနှင့် ဆန့်ကျင်သည်ဆိုတဲ့၊ နိုင်ငံတော်
အခြေခံမူ တွေနဲ့ ဆက်စပ်ထည့်သွင်းစဉ်းစားရတဲ့ လုပ်ငန်းစဉ်လို့
မရှုမြင်ဘူးလားခင်ဗျာ။
(၆) လူမပေါ်ခင် ချေးတုံး အရင်ပေါ်ပြီ။
၂၀၁၄ ခုနှစ် ဧပြီလ ၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၁၀ တွင်
ရခိုင်ပြည်နယ်အတွင်း သန်းကောင် စာရင်းကောက်ယူရာတွင် ပါဝင်ပူးပေါင်း
ဆောင်ရွက်နေသည့် ဘင်္ဂါလီလူများကို တွေ့မြင်ရစဉ် ဟူသော အောက်ခြေ စာတမ်းပါ
ဓါတ်ပုံများနှင့်တကွ ကလောင်အမည် မျိုးမြင့်သောင်း အမည်ဖြင့် ဆောင်းပါး
တစ်စောင်ပါရှိခဲ့ပါသည်။
ဓါတ်ပုံများတွင် အိမ်သူအိမ်သားများ၏ မျက်နှာကို မမှတ်မိအောင်
ဖျက်ထားသော်လည်း စာရင်း ကောက်သူများ၏ မျက်နှာများကိုမူ ဖျက်ထားခြင်း မရှိဘဲ
မူလအတိုင်း ထည့်သွင်းထားလေသည်။
ပထမ ဓါတ်ပုံသည် ရခိုင်ပြည်နယ်တွင် ရိုက်ယူထားခြင်း မဟုတ်ဘဲ၊ အမှတ် ၂၂၀
(မြေညီ) လမ်း ၄၀ အလယ်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တွင်တည်ရှိသော အပ်စမာ
(Asmah) ခရီးသွား ကုမ္ပဏီ အခန်းသာ ဖြစ် ကြောင်း မှတ်မိသူများက ပြောကြပါသည်။
(၇) မျက်မြင် သက်သေ အရေးကြီး။
ထိုနေ့က လမ်း ၄၀ အလယ်လမ်းရှိ ထိုကုမ္ပဏီ အခန်းကို အရင်ဆုံး
စာရင်းကောက်ယူခြင်းဖြစ်ပြီး အိမ်ရှင်မှလည်း စာရင်း ကောက် အဖွဲ့ကို
အစားအသောက်များဖြင့် ကောင်းမွန်စွာ ဧည့်ခံသည်ဟု မျက်မြင် သက်သေ များက
အတိအလင်း ဆို၏။
ထိုသတင်းဓါတ်ပုံ ပါပြီးနောက်တနေ့ အထက်ပါ အိမ်ရှင်မှ လမ်းထဲသို့
သန်းကောင်စာရင်း ကောက်ရန် ဝင်လာသော ဓါတ်ပုံပါ ဆရာမကို လှမ်းခေါ်၍
တစ်စုံတစ်ရာ စောဒက (Complaint) တက်ရာ ဤကိစ္စများ သည် မိမိနှင့်
မဆိုင်ကြောင်း၊ သိလည်းမသိကြောင်း ပြောဆို၊ လက်ကာပြကာ ထွက်ခွာသွားကြောင်း
မျက်မြင် သက်သေများက အခိုင်အမာ ဆိုကြ၏။
(၈) လူမျိုးရေး ပဋိက္ခ နောက်ကွယ်မှ တာဝန်ရှိသူ။
ဤကဲ့သို့ ရည်ရွယ်ချက်ရှိရှိ သတင်းမှား တင်ပြမှုသည် ဆောင်းပါးရှင်၏
အာဘော်သာ ဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ ခေါင်းရှောင်နိုင်ပေမဲ့
ပြည်သူများကို သတင်းမှားပေးကာ အစိုးရသတင်းစာတွင် ဝါဒဖြန့်ခြင်းအတွက်
ပြန်ကြားရေး ဝန်ကြီးဌာနမှာသာ တာဝန်အရှိဆုံး ဖြစ်ပါလိမ့်မည်။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းခေတ်ကလည်း တောင်ကုတ် ပြဿနာနှင့်
ပတ်သက်၍ သတင်း ထုတ်ပြန်ရာတွင် အကြမ်းဖက် သတ်ဖြတ်ခံရသော ပြည်ထောင်စုသား
မွတ်ဆလင်များ ကိုခွဲခြား ဆက်ဆံသည့် စကားလုံးဖြစ်သော ပြည်တွင်းနေ
အစ္စလာမ်ဘာသာဝင်များ ဟူ၍၎င်း၊ ခိုးဝင်သူများအဖြစ် ပုံဖေါ်ရန် မွတ်ဆလင် ကုလားများ
ဟူ၍၎င်း သုံးနှုံးခဲ့ဘူးရာ ဝန်ကြီးပြောင်းသော်လည်း မူဝါဒမှာ မပြောင်း
လဲသေးကြောင်း သတိပြုမိ ပါသည်။
မြန်မာနိုင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့် ပေမီ ဒေါက်မီ ရနေပြီဟု
ယုံကြည် ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က
ပြောဆိုခြင်းသည် ဤကဲ့သို့ အစိုးရအာဘော် သတင်းစာများတွင် သတင်းမှားများကို
မီဒီယာကျင့်ဝတ်နှင့် လွတ်ကင်းစွာ ရေးသားခွင့် ရနေခြင်းကို ဆိုလိုလေသလားဟု
စေ့ငု နေမိ ပါတော့သည်။
လေးစားစွာဖြင့်
မောင်သမာဓိ
** ဆောင်းပါးရှင် မောင်သမာဓိ မှ M-Media သို့ပေးပို့လာသော ဆောင်းပါးဖြစ်ပါသည်။
မြူနှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar