အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 5 juli 2014

နိုင်ငံသားပီပီ နိုင်ငံပြုစိတ်လေးများ မွေးပေးကြပါ

နိုင်ငံသားပီပီ နိုင်ငံပြုစိတ်လေးများ မွေးပေးကြပါ

တကယ်တော့ မီဒီယာဆိုတာ သတင်းမှန်ကို ပြည်သူလူထုထံ တင်ပြခွင့် အပြည့်အ၀ရှိသလို၊ မိမိတို့ လက်ဝယ်က သတင်းမှန်တွေကိုလည်း ထိန်ချန်တာမျိုး မဖြစ်သင့်ပါဘူး။ ထိန်ချန်မှုရဲ့နောက်ဆက်တွဲကတော့ လိမ်ညာခြင်းတွေ၊ လှည့်ဖျားခြင်းတွေ၊ ဟန်ဆောင်ခြင်းတွေ ဖြစ်လာတတ်ကြပါတယ်။
ဒါကြောင့် အခုနောက်ပိုင်းမှာ လွတ်လပ်တဲ့ မီဒီယာတွေဟာ လူထုရဲ့ အားပေးထောက်ခံမှုကို အတိုင်းမသိ ရရှိလာကြပါတယ်။ လွတ်လပ်တဲ့မီဒီယာတွေဟာ ပြည်သူလူထုရဲ့ ရင်ထဲကို အလိုလို ကိန်းအောင်း ရောက်ရှိပြီး နေရာယူနိုင်လေ့ရှိပါတယ်။

အနှောင်အသွားမကင်းတဲ့ မီဒီယာတွေဟာ သတင်းမှန်တွေကို ထိန်ချန်တတ်ကြတယ်။ အဖြစ်မှန်တွေကို ဟန်ဆောင်ဖုံးကွယ်လေ့ရှိကြတယ်။ မဟုတ်တာကို ဟုတ်သယောင် လိမ်လည်ပြီးတော့ ဖော်ပြတတ်ကြတယ်။ နည်းလမ်းအမျိုးမျိုးနဲ့ မိမိတို့ဝါဒကို လူအများထံ လွှမ်းမိုးဖို့ လှည့်ဖျားကြရတယ်။

လွတ်လပ်တဲ့မီဒီယာဆိုတာ မိမိယုံကြည်ချက်နဲ့၊ မိမိမူဝါဒပေါ်လစီနဲ့သာ လုပ်ဆောင်လေ့ရှိပြီး အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တို့ရဲ့ သြဇာအရှိန်အ၀ါ သက်ရောက် ခံရခြင်းကနေ အထူးရှောင်ကျဉ်ကြပါတယ်။

မြန်မာ့မီဒီယာလောကကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်အတောအတွင်းမှာ လွတ်လပ်မှုတွေ ဝေဖြာလာတယ်လို့ အမွှမ်းတင်လာကြတယ်။

ဟိုအရင်က မိမိရဲ့ယူဆချက်ကို တင်ပြပေးနိုင်ဖို့ စစ်အစိုးရရဲ့ စာပေစိစစ်ရေးကို ကြိုတင် တင်ပြပေးရတယ်။ စာပေစိစစ်ရေးက ခွင့်ပြုမှ ထုတ်ဝေခွင့်ရတယ်။ ထုတ်ဝေပြီးနောက် စစ်အစိုးရ မကြိုက်တဲ့၊ စစ်တပ်အရာရှိများ ငြိုငြင်တဲ့၊ အုပ်ချုပ်သူ ၀န်ထမ်း လူတန်းစားများ သဘောမကျတဲ့ တင်ပြချက်တွေ ဖြစ်ခဲ့မယ်ဆိုရင်လည်း တင်ပြသူအတွက် ကြီးမားတဲ့ ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်ရလေ့ ရှိခဲ့ပါတယ်။

အခုခေတ်မှာတော့ ဒါတွေအားလုံးကို ဒီမိုကရေစီ အမည်ခံ စစ်သားအစိုးရက ဖြေလျော့ပေးလိုက်ပါပြီ။ မိမိရေးသားတင်ပြချက်ကို လွတ်လပ်စွာ ရေးသား ပုံနှိပ် ဖြန့်ဝေနိုင်ပါပြီ။ ပုံနှိပ်ထုတ်ဝေပြီးမှ ကျင့်ဝတ်အရ လွဲချော်မှုတွေကို တရားဥပဒေအတိုင်း ရင်ဆိုင်ကြရပါတယ်။

အရင်က အာဏာပြ ဖိနှိပ်ခဲ့တဲ့ ၀န်ထမ်းတွေဟာလည်း အခုအချိန်မှာ မီဒီယာတွေရဲ့ တင်ပြချက်ကို မနှစ်သက်ဘူးဆိုရင် အရင်ကလို အာဏာပြ ခြိမ်းခြောက်မှုတွေ နဲပါးသွားပြီး ဆိုင်ရာတရားခုံရုံးမှာ ခေါ်ယူရှင်းလင်းလာကြတာကို တွေ့ရပါတယ်။

တရားဥပဒေကို အားပြုလာလို့ များစွာသော ပြည်သူလူထုဟာလည်း ကိုယ်စိတ်နှစ်လုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်လာကြတာကို အနည်းငယ်တွေ့လာရသလို၊ အနာဂတ်အတွက် လွတ်လပ်တဲ့ ဒီမိုကရေစီနဲ့၊ မျှတတဲ့ လူ့အခွင့်အရေးတွေရရှိလာမယ်ဆိုတဲ့ မျှော်လင့်ချက် လင်းရောင်ခြည်တွေဟာလည်း နေမင်းရောင်နီသန်းသလို ဖြည်းဖြည်းချင်း ထွက်ပြူလာပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းဂျာနယ်တစ်စောင်ကို သတင်းမှန်ရေးသားဖော်ပြမှုနဲ့ ရပ်ကွက်ထဲက ခွေးတစ်အုပ်က ကလေးတစ်ယောက်ကို လူသူလစ်တဲ့နေရာမှာ ကိုက်မယ် ဖြဲမယ် ဆွဲမယ်ဆိုတဲ့သဏ္ဍာန်တွေနဲ့ မာန်ဖီပြီး အစွယ်ပြ ဖြဲခြောက်နေတဲ့သတင်းကို ကြားလိုက်ရပါတယ်။

မီဒီယာက ၀တ္တရားအတိုင်း သတင်းမှန်ကို ရေးသား တင်ပြလိုက်တယ်။ ပြည်သူ့ထံကို သတင်းဦးတွေ ပေးပို့ချင်လွန်းတဲ့ စေတနာကြောင့် သတင်းတင်ပြရာမှာ အနည်းငယ် စောသွားလို့ ကျင့်ဝတ်အရ ပြေစရာ ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် သူတို့တင်ပြပုံသာ ယိမ်းသွာတာဖြစ်ပြီး၊ ဖော်ပြချက်ကတော့ မှန်ကန်ခဲ့တယ်ဆိုတာ သက်သေတွေအရ သိရပါတယ်။

မီဒီယာကျင့်ဝတ်ဆိုတာဟာလည်း တကယ်တော့ မီဒီယာလောကသားတွေကပဲ ထောက်ပြပြောဆိုနိုင်တဲ့၊ ပြောဆိုသင့်တဲ့ စည်းကမ်း သတ်မှတ်ချက် တစ်ခုသာ ဖြစ်ပါတယ်။ မီဒီယာကျင့်ဝတ်ကို လိုက်နာမှုမရှိဘဲ လုပ်ချင်တာလုပ်၊ ပြောချင်တာပြော၊ ရေးချင်တာရေးကြတဲ့သူတွေလည်း ဒီနေ့ မြန်မာ့မီဒီယာလောကမှ မရေတွက်နိုင်အောင် ပေါများလာတယ်ဆိုတာလည်း ငြင်းနိုင်မယ် မထင်ပါဘူး။

ငါနဲ့မတူ ငါ့ရန်သူ။ ငါနဲ့ဝါဒမတူ ငါ့ရန်သူလို့ သတ်မှတ်ပြီး ကိုယ်နဲ့မတူညီတဲ့ ဘာသာတရားတွေကို မြန်မာ့မီဒီယာလောကမှာ ရေးသား တိုက်ခိုက်စဉ်အခါက အင်တာဖိတ်ခေါင်းစဉ်တပ်ထားသူတွေက တစ်စုံတစ်ရာ ထောက်ပြခဲ့တာ မရှိပေမယ့် အခုချိန်မှ စစ်ထောက်လှမ်းရေး ဘက်တော်သားကြီးတစ်ဦးရဲ့ အမျိုးသားခေါင်းဆောင်အပေါ် တိုက်ခိုက်မှုကို ဖော်ပြလိုက်တော့မှ နေရာတကာ ပိတ်ပျံ တလွှားလွှားနဲ့ လယား လယား ပါနိုင်လွန်းတဲ့ လူမဟုတ်တဲ့ သတ္တ၀ါတွေက နေ့စဉ်ရက်ဆက် ဖိအားတွေ ပေးနေကြတဲ့အပေါ် စိုးရိမ်မိပါတယ်။

တကယ်ဆို သက်ဆိုင်ရာမီဒီယာက ကျင့်ဝတ်မညီတဲ့အလုပ်တစ်ခုကို လုပ်ခဲ့မယ်ဆိုရင်တောင် ဒင်းတို့အနေနဲ့ ဥပဒေပ အဓမ္မလုပ်ရပ်တွေကို လုပ်ပိုင်ခွင့်မရှိပါဘူး။

မြန်မာ့နိုင်ငံရေးရဲ့ အဓိကကျတဲ့ နေရာတိုင်းမှာ ကိုယ့်အလုပ်မဟုတ်ဘဲ ၀င်ပါလေ့ရှိတဲ့ ဒီသတ္တ၀ါတွေဟာ အခုတော့ မီဒီယာလောကထဲကိုပါ ခြေဆန့်ဝင်ရောက်လာပြီလားလို့ သံသယဖြစ်လာမိပါတယ်။

မီဒီယာဆိုတာ နိုင်ငံတစ်ခု တည်ဆောက်ရေးအတွက် အရေးပါတဲ့ တိုင်တစ်လုံးအဖြစ်နဲ့ နေရာယူထားပါတယ်။

အရေးပါတဲ့ တိုင်တစ်လုံးကို နိုင်ငံတကာမှာ အထူးအခွင့်အရေးတွေ ပေးထားပြီးတော့ ကာကွယ်ပေးထားပေမယ့် မြန်မာပြည်မှာတော့ ဥပဒေပ လုပ်ရပ်တွေနဲ့ ဖိအားပေးတာ၊ နေ့စဉ်ရက်ဆက် ခြိမ်းခြောက်နေတာကိုတောင် ကာကွယ်ပေးမယ့်သူ ရှိမလာတာ မြန်မာ့မီဒီယာလောကရဲ့ အနှုတ်လက္ခဏာအဖြစ် ရှုမြင်ပါတယ်။

အလင်းမျက်ဝန်းအနေနဲ့ ဥပဒေဘောင်ကျော်ပြီး လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေကို ကန့်ကွက်လိုက်ပါတယ်။ ဥပဒေဘက်တော်သားလို့ ခံယူထားတဲ့ သက်ဆိုင်ရာ ၀န်ထမ်းတွေရဲ့ ခြိမ်းခြောက်ခံနေရတဲ့ မီဒီယာတစ်ခုအပေါ် အကာအကွယ် ပေးမထားဘဲ တာဝန်မဲ့တဲ့လုပ်ရပ်အဖြစ် သတ်မှတ်ပြီးတော့၊ ရှေ့ဆက်ပြီးတော့ နိုင်ငံသားပီပီ နိုင်ငံပြုစိတ်လေးများ မွေးပေးကြဖို့ တိုက်တွန်းလိုပါတယ်။
 
အယ်ဒီတာ

                                                          မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar