အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 18 juni 2014

ဓါးခုတ်ရာလက်မလျှိုမိကြဖို့

ဓါးခုတ်ရာလက်မလျှိုမိကြဖို့

ကျနော်တို့မြန်မာနိုင်ငံဟာ စစ်အစိုးရရဲ့ တံခါးပိတ်မူဝါဒအောက်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော် မျက်စိကန်း နားကန်းဖြစ်ခဲ့ရပါတယ်၊ စစ်အစိုးရဲ့အလုံးစုံစီမံခန့်ခွဲမှု လက်ဝါးကြီးအုပ်မှု ဂုတ်သွေးစုပ်အမြတ်ထုတ်မှုတွေကြားထဲမှာ ပြည်သူတွေဟာ ဆင်းရဲတွင်း နက်သထက်နက်လာပြီး အစိုးရအလိုတော်ရှိ ခရိုနီတွေကတော့ တောက်ပြောင်သထက် တောက်ပြောင်လာပါတယ်၊ တိုင်းပြည်ရဲ့သယံဇာတတွေကို အမြစ်မကျန်နီးပါး ဝါးမျိုစုဆောင်းပြီးချိန်မှာ အမေရိကန်လိုထိပ်တန်းမဟာမိတ်နိုင်ငံတွေရဲ့ပိတ်ဆို့မှုဖိအားတွေက ရှောင်ထွက်ပြီး အစဉ်အဆက် တိုက်ခိုက်လာတဲ့ ဒီမိုကရေစီကြွေးကြော်သံတွေကို လမ်းလွှဲဖို့ရည်ရွယ်ချက်နဲ့ ပြည်သူတွေကို နားလိမ်ပါးရိုက်ပြီးပေးခဲ့တဲ့ အတုအယောင်ဒီမိုကရေစီနောက်ပိုင်းမှာ တိုင်းပြည်အတွင်း မကြုံစဖူးဘာသာခြား လူမျိုးခြားမုန်းတီးရေးတွေ ကျယ်ပြန့်လွတ်လပ်လာတာကို ကျနော်တို့တတွေ သေသေချာချာလေ့လာဆန်းစစ်ဖို့ လိုပါတယ်။
တကယ်တော့ တိုင်းပြည်နိုင်ငံတစ်ခု တိုးတက်လာဖို့ဆိုတာ ဘာသာစုံ လူမျိုးစုံ အလွှာပေါင်းစုံနဲ့ တညီတညွှတ် တစိတ်တဝမ်းတည်း ရှိနေမှဖြစ်မှာပါ၊ ကျနော်တို့လို ဖွံ့ဖြိုးမှုအဆမတန်နောက်ကျနေတဲ့ နိုင်ငံအတွက် ပြည်သူပြည်သားအချင်းချင်း စည်းလုံးညီညွှတ်ဖို့အရမ်းအရေးကြီးပါတယ်။ တစ်သက်လုံးချစ်ခင်ရင်းနှီးစွာ လက်တွဲလာပြီးမှ အခုအချိန်မှာ အချင်းချင်း အိုးမဲသုတ်ခံရတာကို အမြန်ဆုံးမြင်နိုင်ကြဖို့လိုပါတယ်။ အလုပ်သမားအခြေခံလူတန်းစားတွေဟာ အရင်ကတည်းက တစ်ဦးအပေါ်တစ်ဦးမှီခိုနေခဲ့ရတာပါ၊ မွတ်စလင်မ်ဆိုင်မှာ ဗုဒ္ဓဘာသာဝင်တွေက အလုပ်လုပ်နေရသလို ဗုဒ္ဓဘာသာလုပ်ငန်းရှင်တွေမှာလဲ မွတ်စလင်မ်ဝန်ထမ်းတွေရှိကြပါတယ်၊ မွတ်စလင်မ်ဆိုင်ရှင်တွေဟာ ဗုဒ္ဓဘာသာတွေကိုသာ ခေါ်ယူလိုကြပါတယ်၊ အကြောင်းကတော့ သူတို့တွေသောကြာနေ့ဗလီသွားတဲ့အချိန်လို ဥပုဒ်ဆောင့်တဲ့အချိန်ရောက်တဲ့အခါ မွတ်စလင်မ်အလုပ်သမားပဲရှိနေယင် သူတို့တွေဆိုင်ကိုပစ်ရင်ပစ် မပစ်နိုင်ယင် ဆိုင်ကိုပိတ်ထားရတော့ စီးပွားရေးအရ နစ်နာပါတယ်၊ ဒီလိုအချိန်မျိုးတွေမှာ ဗုဒ္ဓဘာသာဝန်ထမ်းရှိတဲ့အခါ သူတို့တွေ စိတ်ချလက်ချ ထားသွားနိုင်လို့ ဗမာဝန်ထမ်းတွေကိုသာ လိုလိုချင်ချင် အလုပ်ခန့်တတ်ပါတယ်၊ ဒီလိုပါပဲ ဗုဒ္ဓဘာသာသူဌေးတွေဟာလဲ လပြည့်လကွယ်နေ့တွေလို အခါကြီးရက်ကြီးဥပုဒ်နေ့တွေမှာ ဘုန်းကြီးကျောင်းသွားသီလယူ ဥပုဒ်ဆောင့်ရတဲ့အခါ မွတ်စလင်မ်အလုပ်သမားတွေရှိယင် လာနေကျဖောက်သည်မပျက်ရအောင် စိတ်ချလက်ချဖွင့်ထားလို့ရတဲ့အတွက် မွတ်စလင်မ်အလုပ်သမားတွေကိုပဲ ခေါ်ချင်ကြပါတယ် ပြီးတော့ ဈေးတွေမှာ ဆိုင်ငယ်လေးတွေကို လက်လီလက်ကား ရောင်းချပေးတဲ့ အဝယ်တော်တွေ လက်ကားဆိုင်ကြီးတွေ ကုမ္ပဏီတွေကိုကြည့်ယင်လည်း ဖောက်သည်တွေဟာ လူမျိုးစုံဘာသာစုံရှိပြီး တစ်ဦးအပေါ်တစ်ဦး မှီနေရပြန်ပါတယ် ခေါက်ပြန်ပေးလို အကြွေးစနစ်တွေနဲ့ ပစ္စည်းယူ ရောင်းပြီးပြန်ပေး တစ်ခါထပ်ပြန်ယူ ဒီလိုပုံစံနဲ့ တစ်ဦးအပေါ်တစ်ဦး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပုံစံမျိုးနဲ့ လည်ပါတ်လုပ်ကိုင်နေရတာပါ ဒီပြဿနာတွေကြောင့် စီးပွားတူပြိုင်ဖက်လုပ်ငန်းရှင်တွေအကြိုက်တွေ့ပေမယ့် တကယ်တန်းနစ်နာတာ လက်လုပ်လက်စားအလုပ်သမားဝန်ထမ်းတွေပါပဲ သူတို့တွေဟာ မိသားစုစားဝတ်နေရေးအတွက် အလုပ်လုပ်နေရတဲ့အချိန် မွတ်စလင်မ်တွေနဲ့ စီးပွားရေးဆက်ဆံမှုမလုပ်ဖို့ ဖိအားပေးခြိမ်းခြောက်ခဲ့ယင် အလုပ်သမားတွေရဲ့ မိသားစုတွေအခက်ကြုံရပါတယ်၊ ခေတ်ပညာတတ် ဘွဲ့ရတစ်ယောက်တောင် အတည်တကျအလုပ်အကိုင်တစ်ခုရဖို့ မလွယ်တဲ့ဒီနိုင်ငံမှာ အထက်လူကြီးတွေကို ငွေလမ်းခင်းမှ နေရာတစ်ခုရတဲ့ဒီနိုင်ငံမှာ အလုပ်လက်မဲ့တွေကို ကောင်းမွန်သင့်တော်တဲ့ လစာနဲ့အလုပ်တစ်ခုလောက်များ ပေးနိုင်မလားလို့ကျနော်မေးချင်ပါတယ် သုံးလို့မရတဲ့ပညာတွေတတ်ပြီး စားလို့မရတဲ့ဘွဲ့တွေနဲ့ ဘာအလုပ်မှမရှိကြတဲ့ အခြေခံလူတန်းစားတွေအတွက် ဘာတစ်ခုမှ ရေရာသေချာအောင်မလုပ်ပေးနိုင်ပဲ အမျိုးကိုကာကွယ်မယ်လို့ စွတ်အော်နေတာ ရှက်ဖို့ကောင်းပြီး ရယ်စရာဖြစ်နေပါတယ်။

အာဏာရှင်တွေဟာ နိုင်ငံရေးကစားကွက်အရ အသုံးချလို့ကောင်းတဲ့ ဘာသာရေးကို လိုရင်လိုသလို အသုံးချနေတယ်ဆိုတာ အရင်ကလည်း သင်္ခန်းစာတွေအများကြီးရှိခဲ့ပါတယ်၊ ဗုဒ္ဓဘာသာဘုန်းကြီးတွေ နိုင်ငံရေးဖက်လှည့်လာယင် အာဏာရှင်တွေဟာ ဘာကိုမှာဂရုမစိုက်ပဲ ခေါင်းမဖော်နိုင်အောင် စော်ကားအနိုင်ကျင့်ခဲ့တာတွေဟာ မဝေးသေးပါဘူး တစ်ဖက်ကလည်း မွတ်စလင်မ်တွေကို အနုနည်းအကြမ်းနည်းနဲ့လိုယင်လိုသလို အချိုသတ် အခွင့်အရေးတွေပေးပြီး မလိုယင်မလိုသလိုအနိုင်ကျင့် ဖိနှိပ်နေတာလည်း အားလုံးအသိပါပဲ
အခုလည်း မျိုးစောင့်ဥပဒေကို နိုင်ငံရေးလိုအပ်ချက်အရ ဥပဒေပြုနိုင်သလို မလိုအပ်တော့တဲ့အချိန်ရောက်ရင် မဘသရော မျိုးစောင့်တွေရော တစ်နေ့မှာသေချာပေါက် ဘေးခေါက်ခံရလိမ့်မယ်ဆိုတာ အတိတ်သင်္ခန်းစာတွေအရ ကျနော်ရဲရဲ့ပြောနိုင်ပါတယ်။

အာဏာရှင်တွေဟာ သူတို့ရာထူးထိုင်ခုံကို မျက်စောင်းထိုးလာလို့ကတော့ ဘာကိုမှဂရုစိုက်နေမှာမဟုတ်ပါဘူး အခုလည်း အမုန်းတရားလှုံ့ဆော်ရေးအဖွဲ့တွေကို အချိန်အတိုင်းအတာတစ်ခုအတွက် ကြိုးရှည်ရှည်နဲ့ လွှတ်ထားတာပါ ဖွံ့ဖြိုးတိုးတက်ဖို့ အားယူနေတဲ့နိုင်ငံအနေနဲ့ တခြားအရေးတကြီးလုပ်စရာ အများကြီးရှိနေပါသေးတယ်၊ ဒီအချိန်မှ စကားလုံးလှလှတွေနဲ့ရေးထားတဲ့ တိုင်းပြည်နဲ့လူမျိုး တိုးတက်ဖို့ နှောင့်နှေးစေတဲ့ လူမျိုးရေးခွဲခြားတဲ့စနစ်ကို ကျနော်တို့တွေအလိုမရှိပါဘူး မျိုးစောင့်ဥပဒေကို ကန့်ကွက်တဲ့အတွက် အမျိုးသားရေးသစ္စာဖောက်လို့ သမုတ်တာ ကန့်ကွက်တဲ့သူတွေကို ခြိမ်းခြောက်နေတာတွေကြောင့် ဝေဖန်နေတဲ့သူတွေ ထောက်ခံလာမှာတော့မဟုတ်ပါဘူး ပိုပြီးတော့တောင် ပြောစရာဖြစ်လာပါတယ်။

ဒီလိုမျိုးစွတ်စွဲချက်တွေ ပုတ်ခတ်မှုတွေကို ပညာမတတ် မစဉ်းစားနိုင်တဲ့သူတွေက ဘာကိုမှ စဉ်းစားတွေးခေါ်ကြမှာမဟုတ်ပေမယ့် စဉ်းစားနိုင်သူတွေအတွက် အထင်သေးစရာဖြစ်လာပါတယ် တခြားသူတွေအကြောင်း မကောင်းချည်းပဲဟောတဲ့တရားတွေကြောင့် ကျနော်တို့အနေနဲ့ အဲ့ဒီလူတွေကို မမုန်းသွားပါဘူး ကိုယ်စီကိုယ်စီမှာ ကျောင်းသွားဖော် သူငယ်ချင်းတွေရှိပါတယ် ဒီတော့ ဟုတ်မဟုတ်ဆိုတာ အစကတည်းကသိပါတယ် ပြီးတော့ ဒီလိုအမုန်းစကားတွေကြောင့် ကျနော်တို့တွေရဲ့ အမြင်တွေ ဖလှယ်နိုင်ခဲ့ပြီး အရင်ကထက် စေ့စေ့ပေါက်ပေါက်လေ့လာနိုင်ခဲ့ပါတယ် ကိုယ်းကွယ်ဆည်းကပ်တဲ့ ဘာသာရေးကိုအသုံးချပြီး နိဗ္ဗာန်ရောက်ကြောင်း တရာဘာဝနာတစ်ခုမှမပါတဲ့ အမုန်းတရားဟောပြောတဲ့ဘုန်းကြီးတွေကို အကြည်ညိုမဲ့တာပဲအဖတ်တင်လာပါတယ်။

ကမ္ဘာပေါ်မှာ ကိုယ်းကွယ်ရာဘာသာအသီးသီးဟာ သူတို့ဘာသာကို အသက်နှင့်ထပ်တူချစ်ခင်ကြသူတွေပါ ဒါကိုကိုယ်က ကိုယ့်ဘာသာသည်သာအကောင်းဆုံးလို့ သတ်မှတ်ခဲ့ယင် တခြားသူတွေကို အရူးတွေလို့ ပြောသလို ကိုယ်တိုင်လဲ အရူးပဲလို့ ဝန်ခံသလိုဖြစ်သွားပါလိမ့်မယ်။

ဒီလိုမျိုးတစ်ဖက်သားယုံကြည်ကိုယ်းကွယ်တဲ့ဘာသာကို ထိန်းချုပ်ဖို့ရည်ရွယ်ချက်နဲ့ ဥပဒေပြုခဲ့ယင် ကျနော်တို့ မြန်မာမိန်းကလေးတွေဟာ ပညာမတတ်လို့ ဘာသာရေးယုံကြည်ကိုင်းရှိုင်းမှုအားနည်းနေလို့ မိဘဆရာတွေ ကောင်းကောင်းမထိမ်းခဲ့လို့ ဆရာတော်ကြီးတွေဝင်ရောက်ထိမ်းသိမ်းပေးနေရတဲ့ပုံပေါက်နေပါတယ်၊ အမျိုးသမီးတွေကို ဘာသာရေးနဲ့ပါတ်သတ်ပြီး အသိပညာကောင်းကောင်းပေးနိုင်ယင် အလုပ်အကိုင်ကောင်းကောင်းပေးနိုင်ယင် ဘယ်သူကမှ ဘယ်လိုနည်းနဲ့ပဲ စည်းရုံးသိမ်းသွင်းပါစေ အောင်မြင်မှာမဟုတ်ပါဘူး အခုတော့ လုပ်ခလစာမပြေလည်မှုကြောင့် ဆန္ဒပြနေရတဲ့ဝန်ထမ်းတွေအတွက် တရုတ်ပြည်ကိုတရုတ်မယားအဖြစ် မှောင်ခိုရော တရားဝင်ရော ရောက်နေကြရတဲ့မိန်းကလေးတွေအတွက် ပြည်တွင်းပြည်ပမှာ မိသားစုအတွက် စားသောက်ဆိုင်တွေမှာ ဘဝကိုရင်းပြီး ရှာဖွေနေကြရသူတွေအတွက် အမျိုးချစ်ဆိုသူတွေ မ ဘ သ တွေက ဘာတစ်ခုမှလုပ်ပေးဖို့သတိမရပဲ ဘာသာခြားတွေနဲ့ဖြစ်တဲ့ပြဿနာတွေကို အစရှာ ငယ်တဲ့အမှုကိုကြီးပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်အောင်ပြုလုပ်နေတာ ဗုဒ္ဓဘာသာသမိုင်းကြောင်းကောင်းတဲ့ ကျနော်တို့နိုင်ငံရဲ့ အရှိန်အဝါကိုထိခိုက်စေပါတယ်။ ကျောင်းနေအရွယ်ကလေးတွေ ကျောင်းမနေရပဲ ပင်ပန်းဆင်းရဲစွာဈေးရောင်းနေရတာတွေအတွက် ဘာတွေများလုပ်ခဲ့ပြီးပြီးလဲလို့ပြန်စဉ်းစားသင့်ပါတယ်၊ ဘာပဲပြောပြော အတုအယောင်ဒီမိုကရေစီနဲ့အတူ မဘသ အဖွဲ့ပေါ်ပေါက်လာပြီးနောက်ပိုင်းမှ ကျနော်တို့နိုင်ငံဟာ ခေါင်းစဉ်အသစ်နဲ့ ဒုက္ခသည်ဦးရေ အဆမတန်တိုးလာပါတယ်၊ ပညာမသင်ကြားနိုင်တော့တဲ့ ကလေးသူငယ်တွေများလာပါတယ် နေရပ်အိုးအိမ်စွန့်ခွာထွက်ပြေးကြရတဲ့သူတွေများလာပါတယ်၊ မုဆိုးမတွေ မိတဆိုး ဖတဆိုးတွေ မိဘမဲ့ကလေးတွေများလာပါတယ်၊ တိုင်းတပါးကိုအိုးပစ်အိမ်ပစ် မိသားစုပစ်ပြီး အလုပ်လုပ်နေကြရတဲ့သူတွေများလာပါတယ် မွတ်စလင်မ်တစ်ယောက်ကျူးလွန်တဲ့ အပစ်ကို ချဲ့ကားပြီး မီးရှို့သတ်ဖြတ်မှုတွေဟာ မွတ်စလင်မ်တွေကိုသာရည်ရွယ်တယ်ဆိုပေမယ့် နောက်ဆက်တွဲပြဿနာတွေကြောင့် ထိခိုက်နစ်နာတဲ့အခါ မွတ်စလင်မ်တွေချည်းပဲမဟုတ်ပါဘူး ဘယ်မှာ ဘာဖြစ်မှန်းတောင် ရေရေရာရာမသိလိုက်ကြရပဲ မီးရှို့ကြသတ်ကြဖြတ်ကြလုကြဆိုတော့ ဘာမှမသိကြတဲ့သူတွေလဲ ဘုမသိ ဘမသိနဲ့ မွတ်စလင်မ်ကလေးက ဗုဒ္ဓဘာသာတွေကို မုန်းလာမယ် ဗုဒ္ဓဘာသာကလေးတွေကလည်း မွတ်စလင်မ်တွေကို မုန်းလာမယ် ဒီလိုနဲ့နောက်နှစ်အတော်အတန်ကြာလာယင် ဘာတွေဆက်ဖြစ်လာနိုင်မလဲဆိုတာ စဉ်းစားနိုင်သလောက် မတွေးဝံ့စရာတွေချည်းပါ အစိုးရအနေနဲ့ တကယ်စေတနာရှိယင် ဒီလိုပြဿနာတွေအတွက် ရေတို ရေရှည်စီမံကိန်းတွေချမှတ်ပြီး မတူတဲ့ဘာသာဝင်တွေအားလုံး အရင်အတိုင်းပြန်လည်သင့်မြတ်လာအောင် ကျိုးပမ်းရမယ့်အစား အငြင်းပွားဖွယ်ကိစ္စရပ်တွေမှာ အသည်းအသန် မယောင်ရာဆီလူးနေတာ ကိုယ့်ထိုင်ခုံနေရာတည်မြဲဖို့ကိုသာ ဦးစားပေးနေကြောင်းထင်ရှားနေပါတယ်။

လက်ရှိဘာသာရေးပဋိပက္ခတွေရဲ့နောက်ကွယ်မှာ မွတ်စလင်မ်တွေနဲ့ လုပ်ငန်းတူစီးပွားပြိုင်ဖက်တွေရဲ့ ငွေအားလူအား အကူအညီတွေနဲ့ ထောက်ပံ့ပေးနေကြောင်း သိရှိရပါတယ် မွတ်စလင်မ်တွေနဲ့ စီးပွားရေး လူမှုရေးဆက်ဆံမှုတွေ မပြုလုပ်ဖို့ အတင်းအကျပ်ဖိအားပေးလာကတည်းက ကျနော်တို့တတွေ သတိထားမိလာပါတယ် သူတို့တွေဟာ သူတို့လှူတန်းကိုယ်းကွယ်ဆည်းကပ်တဲ့ ဘုန်းတော်ကြီးများကို အသုံးချပြီး အိမ်မှာလုပ်တဲ့ အလှူ မင်္ဂလာဆွမ်းကျွေးတွေမှာ မွတ်စလင်မ်မုန်းတီးရေးတရားတွေကိုကြုံရင်ကြုံသလိုဟောပြောစေပါတယ်၊ ဘုန်းဘုန်းရေ ဆရာတော်ရေ ဒီကုလားတွေကတော့ ဒီလိုတွေလုပ်နေတယ် ဟိုလိုတွေဖြစ်နေပါတယ် ဒီလိုလေးနည်းနည်းလောက်ပြောပေးပါ ဆိုတော့ ဘုန်းဘုန်းတွေခမျာလည်း သူ့ရဲ့ဒကာလဲဖြစ်တော့ အကြိုက်လိုက်ပြီး ဟောပေးပြောပေးရပြန်ပါတယ်။
ထို့နောက် ဗွီဒီယိုအခွေအဖြစ် အနီးအနားကမိတ်ဆွေတွေ အပေါင်းအသင်းတွေကို ပြန်လည်ဖြန့်ဝေကြပါတယ် ဒါတွေဟာ တကယ့်မျက်မြင်လက်တွေ့တွေပါ ဒီတော့အမှန်တရားကို ပြည်သူတွေကပဲ သုံးသပ်ရမှာပါ လွန်ခဲ့နှစ်အနည်းက ကျနော်တို့ တိုင်းပြည်က ဘာသာခြားတွေနဲ့ ချစ်ခင်ရင်းနှီးမှုတွေရဲ့ရလာဒ်နဲ့ လက်ရှိအနေအထားမှာတွေ့ကြုံနေရတဲ့ အထင်လွဲမှုတွေနောက်ပိုင်း အကျိုးရလာဒ်တွေကို ကျနော်တို့ပြည်သူတွေ အနေနဲ့ မှန်မှန်ကန်ကန်ဝေဖန်ဆန်းစစ်နိုင်ပြီး အာဏာရှင်တွေရဲ့ နိုင်ငံရေးကစားကွက်မှာ ဓါးခုတ်ရာလက်ဝင်မလျှိုမိကြဖို့ အလေးအနက် တိုက်တွန်းတောင်းဆိုလိုက်ရပါတယ်။

thuria kyaw thu | အလင်းမျက်ဝန်း
 
မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar