ပထမဆုံး နှစ်ထပ်ခုံးကျော်တံတား နှစ်စင်း ဇန်နဝါရီ ၅ ရက်နေ့ ဖွင့်မည်

The Voice Weekly
ရန်ကုန်၊ ဇန်နဝါရီ ၃
မြန်မာနိုင်ငံ၏ ပထမဆုံးနှစ်ထပ် ခုံးကျော်တံတား နှစ်စင်းဖြစ်သော ဘုရင့်နောင် ခုံးကျော်တံတား နှစ်စင်းကို ဇန်နဝါရီလ ၅ ရက်နေ့တွင် အပြီးသတ် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ တံတားများကို တာဝန်ယူ တည်ဆောက်သော FMI ကုမ္ပဏီထံမှ စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံ၏ ခက်ခဲနေသော လမ်းပန်း ဆက်သွယ်ရေး အခြေအနေကို ဖြေရှင်းရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ FMI ကုမ္ပဏီနှင့် ထိုင်းနိုင်ငံ PTC (Prestnessed) ကုမ္ပဏီတို့ ပူးပေါင်း ဆောက်လုပ်ခြင်း ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
အဆိုပါ နှစ်ထပ် တံတားများထဲမှ ပထမအလွှာ တံတားကို အောက်တိုဘာလ ၃၁ ရက်နေ့နှင့် ဒုတိယအလွှာ တံတားကို နိုဝင်ဘာလ ၂၄ ရက်နေ့တို့မှစ၍ စမ်းသပ် မောင်းနှင်ခွင့်ပြုခဲ့ပြီး ယခုအခါ အဆိုပါ တံတားနှစ်စင်းလုံးကို အပြီးသတ် ဖွင့်လှစ်မည် ဖြစ်ကြောင်း မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
အဆိုပါ တံတားများကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇွန်လအတွင်းမှ စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး တစ်နှစ်ကျော်သော အချိန်ကာလအတွင်း အပြီးသတ် ဆောက်လုပ်၍ မော်တော်ယာဉ်များ စတင်ဖြတ်သန်းခွင့် ပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပထမအလွှာ တံတားကို ရန်ကုန်မြို့ထဲမှ အင်းစိန်မြို့နယ်တို့ကို ဆက်သွယ် တည်ဆောက်ထားပြီး ဒုတိယအလွှာ တံတားကိုမူ သမိုင်းဘူတာရုံလမ်းနှင့် လှိုင်သာယာမြို့နယ်တို့ကို ဆက်သွယ် ဆောက်လုပ်ထားခြင်း ဖြစ်သည်။
တတိယအလွှာ တံတား၏ အရှည်သည် ၂၄၁၃ ပေ ၁၀ လက်မ (၇၃၆ မီတာ) အရှည်ရှိပြီး ဒုတိယအလွှာ တံတားမှာ ၁၄၄၄ ပေ အရှည်ပေ ရှိကြောင်း တံတား ဆောက်လုပ်မှု မှတ်တမ်းများအရ သိရှိရသည်။
Inga kommentarer:
Skicka en kommentar