ကင်ဂျုံအွန်က ဦးလေးဖြစ်သူအား ခွေးစာကျွေး ကွပ်မျက်ခဲ့
ကင်ဂျုံအွန်က ဦးလေးဖြစ်သူအား ဆာလောင်နေသော ခွေးအကောင် ၁၂၀ ဖြင့် ခွေးစာကျွေး ကွပ်မျက်ခဲ့ဖွယ်ရှိကြောင်း တရုတ်သတင်းစာက ဖော်ပြ
News Eleven
January 4, 2014
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ သြဇာကြီးသောဦးလေး ဂျန်ဆောင်သက်အား ကွပ်မျက်မှုမှာ ကနဦးက ဖော်ပြခဲ့သည်ထက် ပိုမိုရက်စက်ကြမ်းကြုတ်သည်ဟု တရုတ်အစိုးရထိန်းချုပ်ထားသော Wen Wei Po သတင်းစာ၌ ဖော်ပြခဲ့သည်။
နံပါတ်နှစ်ခေါင်းဆောင် ဂျန်သည် အစာငတ်နေသော ခွေးများကို လှောင်ထားသည့် လှောင်အိမ်တစ်ခုအတွင်း ပစ်ထည့်ခံရပြီး အရှင်လတ်လတ် ကိုက်စားခံခဲ့ရသည်ဟု ဖော်ပြခဲ့သည်။
ဂျန်ဆောင်သက်နှင့် အပေါင်းအပါငါးဦးကို အ၀တ်အစားများချွတ်၍ သုံးရက်ခန့် အစာမစားရသေးသော ခွေးအကောင်ရေ ၁၂၀ ကို အစာကျွေးခဲ့သည်။ ၎င်းတို့ခြောက်ဦးခွေးစာဖြစ်ကာ မရှုမလှသေဆုံးခဲ့ရသည့် ယင်းဖြစ်စဉ်ကို အကြီးတန်းအစိုးရအရာရှိ ၃၀၀ စောင့်ကြည့်ခဲ့ပြီး တစ်နာရီခန့်ကြာမြင့်ခဲ့သည်ဟု သိရသည်။
မြောက်ကိုရီးယား၌ နိုင်ငံရေးအကျဉ်းသားများကို ကွပ်မျက်ရာတွင် အများအားဖြင့် ကွပ်မျက်ရေးသေနတ်တပ်ဖွဲ့ဖြင့် စီရင်လေ့ရှိသည်ဟု စင်ကာပူသတင်းစာ စထရိတ်တိုင်းမ်တွင် ဖော်ပြခဲ့သည်။ ဂျန်အား ခွေးစာကျွေး၍ ကွပ်မျက်မှုမှာ မြောက်ကိုရီးယားအစိုးရ၏ ခေတ်နောက်ပြန်ဆွဲမှုဥပမာတစ်ခု ဖြစ်သည်ဟု တရုတ်ကွန်မြူနစ်သတင်းစာ တစ်စောင်ဖြစ်သော ဂလိုဘယ်တိုင်းမ်သ တင်းစာတွင် ဖော်ပြခဲ့သည်။
ယင်းဖော်ပြချက်များကို တောင်ကိုရီးယားသတင်းစာများနှင့် တရုတ်ပြည်သူ့နေ့စဉ်သတင်းစာအပါအ၀င် အဓိကမီဒီယာများက အတည်မပြုသေးပေ။ ထို့ပြင် ယင်းဖော်ပြချက်ကို တရုတ်အစိုးရက ကန့်ကွက်နိုင်ဖွယ်ရှိသည့် အကြောင်းရင်းများစွာရှိသည်ဟု သိရသည်။ ဂျန်သည် ကျောက်မီးသွေးနှင့် သတ္တုများကို တရုတ်သို့ တရားမ၀င်ရောင်းချခဲ့သည်ဟု စွပ်စွဲခံခဲ့ရကြောင်း စထရိတ်တိုင်းမ်တွင် ဖော်ပြခဲ့သည်။ ဂျန်သည် မြောက်ကိုရီးယားတွင် တရုတ်ဟန်ပန်စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဦးဆောင်ပံ့ပိုးသူ၊ မြောက်ကိုရီးယားနှင့် တရုတ်အကြား အဓိကပုဂ္ဂိုလ်တစ်ဦးအဖြစ် ထင်မြင်ခံခဲ့ရသည်။
အဆိုပါဖော်ပြချက်ကို အတည်မပြုနိုင်သေးသော်လည်း ဂျန်သည် ခွေးလှောင်အိမ်အတွင်း သေဆုံးခဲ့ဖွယ်ရှိသည်ဟု မြောက်ကိုရီးယားအရေးလေ့လာသူ ဂေါ်ဒန်ချန်က ပြောကြားခဲ့သည်။ ဂျန်သည်လည်း မြောက်ကိုရီးယားစစ်တပ် ဗိုလ်မှူးကြီးတစ်ဦးအား လက်နက်ကြီးဖြင့် ကွပ်မျက်မှုအတွက် တာဝန်ရှိသူတစ်ဦးဖြစ်ဖွယ်ရှိသည်ဟု ချန်ကပြောကြားခဲ့သည်။
ကင်ဂျုံအွန်၏ညွှန်ကြားပြသသူ ဆရာတစ်ဦးဖြစ်သည့် အသက် ၆၇ နှစ်ရှိ ဂျန်သည် နိုင်ငံ့ခေါင်းဆောင်အာဏာကို သိမ်းပိုက်ရန် ကြိုးပမ်းသော နိုင်ငံတော်သစ္စာဖောက်သူဟု စွပ်စွဲခံရကာ ဒီဇင်ဘာ ၁၂ ရက်တွင် ကွပ်မျက်ခံခဲ့ရသည်။

မြောက်ကိုရီးယားသတင်းအေဂျင်စီ KCNA က ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ပေးခဲ့သော ဓာတ်ပုံ၌ စကိတ်အပန်းဖြေစခန်းကို စစ်ဆေးနေသော ကင်ဂျုံအွန်
Inga kommentarer:
Skicka en kommentar