အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

lördag 4 januari 2014

သမ္မတအရည်အချင်း ကန့်သတ်ချက် ပယ်ဖျက်ရေး ရန်ကုန်မှာ တောင်းဆိုဆန္ဒပြ

သမ္မတအရည်အချင်း ကန့်သတ်ချက် ပယ်ဖျက်ရေး ရန်ကုန်မှာ တောင်းဆိုဆန္ဒပြ




 မြန်မာ့ ဖွဲ့စည်းပုံပြင်ရေး ထောက်ခံမှုတိုးလာ
======================
ဗွီအိုအေ
သိင်္ဂီထိုက်
04.01.2014
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် အတော်လေးအတားအဆီးဖြစ်စေတဲ့ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲ အမီ ပြင်ဆင်နိုင် မယ့် လက္ခဏာတွေ အခုချိန်မှာ တွေ့နေရပါတယ်။   နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခွင့် ရစေမယ့် အခြေခံ ဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်တွေနဲ့ ပတ်သက်ပြီး  ဗွီအိုအေ သတင်းထောက် Gabrielle Paluch က စုစည်းထားတာကို မသိင်္ဂီထိုက်က ပြောပြပေးမှာပါ။

မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာဆိုရင် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတ  အရွေးခံနိုင်ခွင့်အတွက် အခြေခံ ဥပဒေမှာ မဖြစ်မနေ ပြင်ဆင်ရမယ့် အချက်တွေကို လွှတ်တော်က တွန်းအားပေး လုပ်ဆောင်ရမယ့် နောက်ဆုံး အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီသတင်းပတ်မှာတော့ အဓိကကျတဲ့ နိုင်ငံရေး သမားတွေဆီက အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ထောက်ခံတယ်ဆိုတဲ့ ပြောဆိုချက်တွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း သူတို့က ဘယ်အချက်တွေကို ပြင်ဆင် တာကို ထောက်ခံသလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

အခြေခံဥပဒေထဲက ပုဒ်မ ၅၉ (စ) မှာ  သမ္မတ အဖြစ် ၀င်ရောက် အရွေးခံမယ့်သူရဲ့ အိမ်ထောင်ဘက်၊ သားသမီးတွေနဲ့ သူတို့ရဲ့ အိမ်ထောင်ဘက်တွေဟာ နိုင်ငံခြားသား ခံယူထားသူတွေ မဖြစ်ရဘူးဆိုတဲ့ အချက်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်း ဖြစ်ခွင့် တားဆီးထားတဲ့ အချက်ပါ။  ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံသား Michael Aris ကို လက်ထပ်ခဲ့သူ ဖြစ်သလို သူ့သား နှစ်ဦး ဟာလည်း မြန်မာနိုင်ငံသား မဟုတ်ကြပါဘူး။  သမ္မတလောင်း ဖြစ်ခွင့်အတွက် နောက်လိုအပ်ချက် တခုကတော့ စစ်ရေးအတွေ့အကြုံ ရှိဖို့ဆိုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ စစ်တပ်ထဲ အမျိုးသမီး စစ်မှုထမ်းခွင့်ကို ဒီမတိုင်ခင်ကအထိ ပိတ်ပင်ထားတာပါ။

နောက်ထပ် သမ္မတ သက်တမ်း အရွေးမခံတော့ဘူးလို့ ပြောဆိုထားတဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန်ကလည်း အခြေခံ ဥပဒေ ပြင်ဆင်ရေး ထောက်ခံတဲ့ အကြောင်း  ကြာသပတေးနေ့က နိုင်ငံပိုင် သတင်းမီဒီယာ ကနေ ပြောဆို ခဲ့ပါတယ်။ မြန်မာပြည်သူ အများအပြားကတော့ အရင် စစ်အစိုးရကို ဆန့်ကျင် တွန်းလှန်ခဲ့တဲ့  ဒေါ်အောင်ဆန်းစုကြည်သာသမ္မတ ဖြစ်ခဲ့ရင်တော့ နိုင်ငံရဲ့
ပြုပြင်ပြောင်းလဲရေး အတွက် အောင်မြင်မှု အတိုင်းအတာ တခုဖြစ်လိမ့်မယ်လို့ ယုံကြည်ထားကြတာပါ။

သောကြာနေ့တုန်းကလည်း ရန်ကုန်မြို့လယ်မှာ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသူ ၃၀ လောက်မှာ မမွှေးလည်း ပါဝင်ခဲ့ပါတယ်။

"ကျမတို့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၀ပြည့်နှစ် ကတည်းက ရွေးကောက်ပွဲမှာ သမ္မတလုပ်ဖို့ တင်ထားတာပါ။ အခုထိ သမ္မတ မဖြစ်သေးဘူးလေ။ ၂၀၀၈ဖွဲ့စည်းပုံမှာလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေးကို တင်းကျပ်နေတယ်လို့ထင်ပါတယ်။ ပြည်သူ့ဆန္ဒနဲ့က လုံးဝ မကိုက်ညီဘူး။ ၅၉(စ)နဲ့ (ဃ) ပြင်ချင်တယ်ပေါ့။ တကယ်တော့ အန်တီတို့ ကပြင်ချင်တာက စာအုပ်တအုပ်လုံးပါ။ "

တနလာင်္နေ့တုန်းက အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ဗဟိုကော်မတီ  အခြေခံ ဥပဒေထဲက အချက် ၅၁ ချက် ကို ပြင်ဆင်ရေး မဲခွဲ ဆုံးဖြတ်ဖို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒီအချက်တွေထဲမှာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြုနိုင်ဖို့ ပြင်ဆင်မယ့် အချက်တွေလည်း ပါဝင်ခဲ့ပါတယ်။

၂၀၀၈ လူထု ဆန္ဒ ကောက်ယူပွဲနဲ့ အတည်ပြုခဲ့တဲ့ မြန်မာ့ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ကတော့ စစ်သား လွှတ်တော် အမတ် ၂၅ ရာခိုင်နှုန်း ပါဝင်နေတဲ့ လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းက ထောက်ခံဖို့ လိုအပ်ပါတယ်။ ဒီ ၂၅ ရာခိုင်နှုန်းသော စစ်သား လွှတ်တော် အမတ်တွေက ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက် အရွေးခံခွင့်အတွက် အခြေခံ ဥပဒေ ပြင်ဆင်ရေး ကို ထောက်ခံမလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

အရင်တုန်းကတော့ စစ်သားလွှတ်တော် အမတ်တွေက အခြေခံ ဥပဒေ ပြင်ဆင်ရေးကို မထောက်ခံကြဘူးဆိုပြီး မြန်မာ့ နိုင်ငံရေး သုံးသပ်သူ Richard Horsey က ဆိုပါတယ်။ သမ္မတ ဦးသိန်းစိန်က အခြေခံ ဥပဒေ ပြင်ဆင်ဖို့ ထောက်ခံတာက လက္ခဏာကောင်း ဖြစ်ပေမယ့်လည်း သမ္မတ ဦးသိန်းစိန် အနေနဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို အာမခံ မပေးနိုင်ပါဘူးလို့လည်း သူက ပြောပါတယ်။

"ကျနော်တို့မှာ မြန်မာနိုင်ငံရဲ့ အဓိကကျတဲ့ နိုင်ငံရေးမှာ ပါဝင်သူတွေ အားလုံးရဲ့ သဘောဆန္ဒ ကောက်ယူထားချက် ရှိပါတယ်။ ဒီထဲမှာဆိုရင် တချို့ အချက်တွေကတော့ အခြေခံ ဥပဒေပြင်ဆင်ရေးက လိုအပ်ပါတယ်။ ဒါပေမယ့် ဘယ်အချက်တွေကို ပြင်ဖို့ လိုအပ်သလဲဆိုတာနဲ့ အခြေခံ ဥပဒေအသစ်ဟာ ဘယ်လို ဖြစ်သင့်လဲ၊ ဘယ်အချိန်မှာ ပြင်သင့်လဲ ဆိုတဲ့ အချက်တွေကတော့ သိပ်ကို အလှမ်းဝေးနေသေးပါတယ်။ "

အခြေခံဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်တွေထဲမှာ တရားသူကြီးချုပ်နဲ့ တရားရုံးချုပ် တရားသူကြီးတွေကို ဘယ်လို ရွေးချယ်ကြမလဲဆိုတာနဲ့ သူတို့ဟာ ဥပဒေ ရေးရာ အတွေ့အကြုံတွေ ရှိဖို့၊ မရှိဖို့ ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ ဒီအဆိုပြုချက်တွေထဲမှာ အစိုးရ စစ်တပ်နဲ့ အပစ်အခတ် ရပ်ဆဲရေး လုပ်ဆောင်နေကြတဲ့ တိုင်းရင်းသား အဖွဲ့တချို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အမိန့် အာမခံချက်ပေးဖို့လည်း ပါဝင်ပါတယ်။



RFA
သမ္မတအရည်အချင်း ကန့်သတ်ချက် ပယ်ဖျက်ရေး ရန်ကုန်မှာ တောင်းဆိုဆန္ဒပြ
photo: RFA/ Kyaw Htoon Naing
2014-01-03

ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါဝင်တဲ့ နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်ဖြစ်တဲ့ ၅၉ (စ) နဲ့ ၅၉ (ဃ) တွေကို ဖျက်သိမ်းပေးဖို့ ဒီနေ့ မနက်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ လူ ၂၀၀ နီးပါး ဆန္ဒပြခဲ့ကြပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်သူ မနွယ်နီ က ပြည်သူရွေးချယ်တင်မြောက်တဲ့ ခေါင်းဆောင် သမ္မတဖြစ်ရေးအတွက် ဒီနေ့ တောင်းဆိုဆန္ဒပြရ တာဖြစ်တယ်လို့ ပြောပါတယ်။

“အဓိကကတော့ ကျမတို့က ဒီရွေးချယ်တင်မြှောက်တဲ့ခေါင်းဆောင်ကို သမ္မတဖြစ်ရေးအတွက် ၅၉ (စ) နဲ့ ၅၉ (ဃ) ပေါ့၊ အဓိကကတော့ ဒီနှစ်ချက်ပေါ့၊ ကျမတို့က ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်စေချင်တာပေါ့”

အဲဒီ ပုဒ်မ ၅၉ (စ) နဲ့ (ဃ) ပုဒ်မတွေဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်အောင် တားဆီးထားတဲ့ ပုဒ်မတွေဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ) မှာ မိမိရဲ့ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိရဲ့ တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦးရဲ့ ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရရဲ့ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသောသူ သို့မဟုတ် နိုင်ငံခြားအစိုးရရဲ့ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါးရဲ့ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ ဆိုတဲ့အချက်တွေ ပါရှိပါတယ်။


The Voice Weekly
ပုဒ်မ ၅၉ (ဃ) နှင့် (စ) ပြင်ဆင်ရေး လူ ၂၀၀ ကျော် ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၃
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေးအတွက် အဟန့်အတား ဖြစ်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (ဃ) နှင့် (စ) ပြင်ဆင်ရေးအတွက် ဇန်နဝါရီလ ၂ ရက်နေ့တွင် ဒီမိုကရေစီ အင်အားစု အဖွဲ့ဝင် ၂၀၀ ကျော်က ဆန္ဒထုတ်ဖော် ခဲ့ကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူ ဒီမိုကရေစီ အင်အားစု အဖွဲ့ဝင် ဦးဇော်ဝင်းက ပြောကြားသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံ အနီးတွင် ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရန်အတွက် ပုဒ်မ ၅၉ (ဃ) နှင့် (စ) ပြင်ဆင်ပေးရေး တိုက်တွန်း ပိုစတာများ ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။
“ဒီပုဒ်မတွေကို မပြင်ရင် ၂၀၁၅ ရွေးကောက်ပွဲမှာ တရားမျှတမှုရှိမှာ မဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အရည်အချင်းများပါ ပုဒ်မခွဲ (ဃ) တွင် နိုင်ငံတော် အရေးအရာများ ဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးအမြင်များ ရှိရမည်ဟု ဖော်ပြထားသည်။
ထို့အပြင် ပုဒ်မခွဲ ၅၉ (စ) တွင် မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်ကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များ ကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရဟု ဖော်ပါရှိသည်။
NLD ပါတီက အဆိုပါ ပုဒ်မများ အပါအဝင် အခြေခံဥပဒေ ပြင်ဆင်ချက် ၁၆၈ ချက်ကို ပြည်ထောင်စုလွှတ်တော် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ ပေးပို့ထားသည်။ လွှတ်တော် နှစ်ရပ်အတွင်း အမတ်ဦးရေ အများဆုံး အနိုင်ရရှိထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီက အဆိုပုဒ်မ ၅၉ (စ) အပါအဝင် အခြေခံဥပဒေ ပုဒ်မ ၇၃ ခုကို ပြင်ဆင်ရန် လွှတ်တော်သို့ တင်သွင်းမည် ဖြစ်ကြောင်း အဆိုပါ ပါတီ၏ ဗဟိုကော်မတီဝင် ဦးလှဆွေက ပြောဆိုထားသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုအတွက် ကျောက်တံတားမြို့နယ် ရဲစခန်းတွင် ခွင့်ပြုမိန့် တောင်းခံထားပြီး ပုဒ်မ ၅၉ (ဃ) နှင့် (စ) အလိုမရှိ ဆိုင်းပုဒ်များကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကာ ယင်းပုဒ်မ များကို ပြင်ဆင်ပေးသည်အထိ ဆန္ဒထုတ်ဖော်မှုများကို ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒီမိုကရေစီ အင်အားစု အဖွဲ့ထံမှ သိရသည်။





Inga kommentarer:

Skicka en kommentar