အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 9 januari 2014

အိုးမဲသုတ်ခြင်း_ကိုကျော်မင်းဆွေ _

အိုးမဲသုတ်ခြင်း_ကိုကျော်မင်းဆွေ _



အယ်ဒီတာ့ အာဘော်
ကိုကျော်မင်းဆွေ - သည်ဗွိုက်စ်ဒေးလီးသတင်းစာ - ၉-၁-၂၀၁၄

ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ်ခရီးစဉ်တွင် ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများ၏ ပယောဂ မကင်းဟု ယူဆဖွယ်ရာရှိသည့် ကန့်သတ်ပိတ်ပင်မှုအချို့နှင့် ကြုံတွေ့ရခြင်းမှာ များစွာ အံ့အားသင့် ဖွယ်ကောင်းလှသည်။ အဆိုပါခရီးစဉ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌတစ်ဦးအဖြစ် သွားရောက်သည်ဆိုသော်လည်း တစ်ချိန်တည်းမှာပင် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်သူ့ လွှတ်တော်တွင် အရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်နေသည်။

သို့ဆိုလျှင် အဆိုပါဒေသ အုပ်ချုပ်ရေးတာဝန်ရှိသူများက မည်သည့် အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ၄င်းကိုထောက်ခံသူ ပြည်သူလူထုအား အနှောက်အယှက်ပေးရသနည်း။ မည်သို့သော အကြောင်းပြချက်များ ရှိနေစေကာမူ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အားသွန်ခွန်စိုက် အကောင်အထည်ဖော်နေပါသည် ဟု ပြည်တွင်းရော ပြည်ပမှာပါ ကျယ်ပြန့်စွာ ထုတ်ဖော်ပြောဆိုထားသည့် အခြေအနေတွင် အဆိုပါ လုပ်ရပ်မှာ များစွာ အကျည်းတန်ရုပ်ဆိုးလှသည့်အပြင် များစွာရှက်စရာကောင်းလှသည်။

အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တစ်စိုက်မတ် ဦးဆောင်ပြောဆိုနေ သူဖြစ်သည့် အပြင် လူထုက များစွာချစ်ခင်ကြည်ညိုလေးစားသူတစ်ဦး၏ ခရီးစဉ်ကို အနှောက်အယှက်ပေးခြင်းသည် ပြင်ဆင်ရေးကို မလိုလားသောလုပ်ရပ်အဖြစ် ယူဆစရာ ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေး မလိုလားမှုနှင့် ၄င်းကိုယ်စားပြုသော ပါတီနှင့် မူဝါဒကို လက်မခံသောကြောင့် အနှောက်အယှက်ပေးခဲ့လျှင်ပင် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့်အပြင် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေး ကော်မတီဥက္ကဋ္ဌ တစ်ဦးပါ ဖြစ်နေခြင်းကြောင့် ဥပဒေပြုမဏ္ဍိုင်ကို အနှောက်အယှက်ပေးသည့်သဘော သက်ရောက်သွားနိုင်သည်။

ဤနေရာတွင် ဖော်ပြပါ နှောက်ယှက်မှုသည် ပြဿနာ၏ အတိမ်အနက်နှင့် ဖြစ်ပေါ်လာနိုင် ဖွယ်ရှိသည့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများကို နားမလည်သောကြောင့် ကျူးလွန်ခြင်းလော၊ ယင်းအခြေအနေများကို ကြိုတင်တွက်ဆထားပြီးဖြစ်၍ တမင်သက်သက် ကျူးလွန်ခြင်းပေလော များစွာ စဉ်းစားစရာရှိသည်။

မည်သို့သော အကြောင်းဖြင့် ကျူးလွန်သည်ဖြစ်စေ ထိုသို့နှောက်ယှက်မှုများသည် ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူ ချင်းပြည်နယ်အစိုးရတွင် တိုက်ရိုက်တာဝန်ရှိသည်ဟု ဆိုနိုင်သော် လည်း မြန်မာနိုင်ငံ၏ လက်ရှိအာဏာခွဲဝေမှု၊ ပြည်ထောင်စုအစိုးရ၏ အာဏာသက်ရောက်မှု၊ အပြောင်းအလဲကို မလိုလားသူ သို့မဟုတ် သဘောထားတင်းမာသူများ၏ သြဇာသက်ရောက်မှု အခြေအနေတို့ကြောင့် ပြည်နယ်အစိုးရကိုကျော်လွန်ကာ အထက်က တိုက်ရိုက် အမိန့်ပေးစေ ခိုင်းနိုင်ကြောင်း သုံးသပ်နိုင်ဖွယ်ရာရှိသည်။

မည်သို့ပင်ဖြစ်စေ ပါတီဥက္ကဋ္ဌတစ်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ ပြည်ထောင်စု အဆင့် ကော်မတီဥက္ကဋ္ဌတစ်ဦးဖြစ်သည့်အပြင် ပြည်သူလူထုက လေးစားချစ်ခင် အားကိုးနေသော ခေါင်းဆောင်တစ်ဦး၏ ခရီးစဉ်ကို နှောက်ယှက်ပေးခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးထားသည့် နိုင်ငံသားတစ်ဦးချင်းစီ၏ အခြေခံလူ့အခွင့်အရေးကို ထိပါးသည့် သဘောသက်ရောက်သည့်အပြင် ယနေ့ မြန်မာသိ၊ ကမ္ဘာသိကြေညာ ဆောင်ရွက်နေသည့် ငြိမ်းချမ်းမှု တည်ဆောက်ရေး၊ လူ့အခွင့်အရေးအပြည့်အဝရရှိရေးနှင့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အိုးမဲသုတ်သည့်သဘော သက်ရောက်သွားနိုင်ကြောင်း သတိပေး လိုရင်းဖြစ်သည်။

Inga kommentarer:

Skicka en kommentar