အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

onsdag 18 december 2013

တေဇရဲ့  စစ်မျက်နှာ၊မိုးဟိန်းရဲ့  သင်္ကြန်အမြှောက် ဟုတ်မဟုတ်

တေဇရဲ့  စစ်မျက်နှာ၊မိုးဟိန်းရဲ့  သင်္ကြန်အမြှောက် ဟုတ်မဟုတ်



 Aungmyo Tun

ဒီပုံဟာ အခု ဟော့ ဖြစ်နေတဲ့၊ ပီတာလင်းပင်အင်တာဗျူး ပါဝင်တဲ့
မြန်မာသံတော်ဆင့်ဂျာနယ်ကျောဖုံးကမှာ ဖော်ပြထားတဲ့ စစ်ခရိုနီတေဇ
တက်ရောက်ပံ့ပိုးပေးခဲ့တဲ့ ရုရှား - မြန်မာ သံဆက်ဆံရေး ၆၅ နှစ်ပြည့်ပွဲလို့ 
ဂျာနယ်အဆိုအရ သိရတယ်။ အတွင်းစာမျက်နှာသို့  သတင်းအကျယ်ညွှန်းခြင်း
မရှိတာကို သတိပြုမိတဲ့အခါ ဂျာနယ်ဘက်က သိစေချင်တဲ့သဘောဟာ
တေဇတစ်ယောက် ဒီပွဲမှာ ရှေ့ တန်းတစ်နေရာမှ လူတွင်ကျယ်လုပ်ခဲ့ကြောင်း
ဆိုတာလောက်ဘဲလို့  နားလည်မိတဲ့အပြင် ဒီပုံကို အွန်လိုင်းမှာ ဝေမျှကြတာ
မရှိသလောက် နည်းပါးခဲ့ပါတယ်။

တေဇရဲ့ ကဏ္ဍဟာ ရုရှားနိုင်ငံနဲ့  ဗမာပြည် ကူးလူးချိတ်ဆက်ရေးဝန်ဆောင်မှုမှာ
အရေးပါ အရာရောက်တဲ့နေရာတစ်ခုက အသေအချာ တည်ရှိနေတယ်ဆိုတာကို
ဒီပုံက ထုတ်ဖော်ပြသလိုက်တာဖြစ်သလို သိန်းစိန်အစိုးရရဲ့  နိုင်ငံခြားရေးကိစ္စမှာ
စစ်ခရိုနီတစ်ဦးရဲ့  အတွင်းကျကျ ထိုးဖောက်ခြေကုတ်ယူထားနိုင်ခြင်းဟာလည်း
စစ်တပ်ကျောထောက်နောက်ခံပြု အာဏာရကြံ့ဖွံ့ အစိုးရမျက်နှာဖုံးအောက်က
မူရင်းဇာတ်ရုပ်ကို ထင်ထင်ရှားရှား တွေ့ လိုက်ရသလိုဖြစ်စေတယ်။

ဒါနဲ့ တစ်ဆက်တည်း အတွေးရောက်သွားတာက စစ်အာဏာရှင်ဗိုလ်သန်းရွှေ၊
ဗိုလ်မောင်အေးတို့ တစ်အုပ်တစ်သိုက်နဲ့  တေဇရဲ့  ကိုင်းကျွန်းမီ ကျွန်းကိုင်းမီ
အပြန်အလှန် အပေးအယူလုပ်ခဲ့ကြတဲ့၊ တိုင်းပြည်ကို ဖျက်စီးခဲ့ကြတဲ့၊
ဗမာပြည်သူလူထုနဲ့  တိုင်းရင်းသားပေါင်းစုံကို ဒုက္ခပင်လယ်ဝေစေတဲ့၊
မဝေးလှသေးတဲ့အချိန်က စစ်ဖိနပ်အောက်ရောက်ခဲ့တဲ့ အမှောင်လွှမ်းခေတ်ထဲက
အဖြစ်သနှစ်များအကြောင်းဘဲဖြစ်တယ်။

သေနတ်တေ့၊ ဓားမိုးအုပ်ချုပ်ခဲ့တဲ့ကာလတွေက စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးတွေနဲ့ 
၎င်းတို့ ရဲ့  နောက်တော်ပါး ခရိုနီတို့  ဘယ်လိုပုံဘယ်လိုဇာတ် ခင်းကျင်းခဲ့တာနဲ့ 
ပက်သက်ပြီး ယနေ့ ပြည်သူအများစုရဲ့  ဆောင်လောင်မွတ်သိပ်လှတဲ့ သိချင်စိတ်
ဇောအလျင်ဟာ မိုးထိအောင် တောက်လောင်နေတယ်ဆိုတာ အထူးပြောစရာ
မလိုတော့တာ စစ်တပ်အုပ်ချုပ်ခဲ့တဲ့အချိန်တွေက အတွင်းရေးကိစ္စများကို
ရေးသားဖော်ထုတ်လာတဲ့ ဂျာနယ်တွေ သတင်းစာတွေ စောင်ရေတရိပ်ရိပ်
တိုးလာတာက လက်ဆုတ်လက်ကိုင်ပြနိုင်တဲ့ သာဓကများလို့  ဆိုနိုင်တယ်။

အဆိုပါ ပုံနှိပ်မီဒီယာကြားမှာ မိုးဟိန်းဦးစီးတဲ့ သူရိယအလင်း (နေ၀န်း)ဂျာနယ်ဟာ
တမုဟုတ်ချင်း အုတ်အော်သောင်းနင်း ကျော်ကြားလာတာကို သတိပြုမိတယ်။
စထွက်လာခဲ့တဲ့ အမှတ် (၁)ကနေ ပြီးခဲ့တဲ့စနေနေ့ အထိ ဒီဂျာနယ်ကို
ဂရုတစိုက်ဖတ်ရင်း ပိုပိုပြီး ခိုင်မာလာစေတဲ့ရှုထောင့်ဟာ ရှင်းလင်းသဲကွဲလာပါတယ်။
သူရိယအုပ်စုဟာ ဗမာစစ်တပ်က ပြည်သူတွေရဲ့ ဆန္ဒအပေါ် ဖိနှိပ်ညှင်းပန်းမှုကို
ဘယ်တော့မှ မီးမောင်းမထိုးဘူး၊ ပိုဆိုးတာက စစ်တပ်နာမည်ပျက် အကြည်ညိုမဲ့
လူထုမုန်းတီးခံရမှုဟာ အသိမဲ့သဘောနဲ့  ကျရောက်ခဲ့တာဖြစ်ပြီး သူရိယညွှန်းတဲ့
လက်ဆယ်ချောင်းမပြည့်တဲ့ ခရိုနီလူဦးရေလေးက ရိုးသားကြိုးစားမှုအခြေခံရှိကြတဲ့
ဗမာ့စစ်ဗိုလ်ချုပ်ကြီးတွေကို မလှိမ့်တစ်ပတ်လုပ် ကိုယ်ကျိုးကွက်အမြတ်ထုတ်ကာ
တပ်ကို နာမည်ဆိုးဘ၀ရောက်အောင် ခုတုံးလုပ်အသုံးချသွားတယ်ဆိုတဲ့
မိုးဟိန်းတို့ ဂျာနယ်ရဲ့ ကောက်ချက်ဟာ ပြည်သူလူထု တနုံ့ နုံ့ ခံစားနေရတာနဲ့ 
ပြဒါးတစ်လမ်းသံတစ်လမ်းလို ရင်ဘတ်ချင်း မနီးစပ်လှပါဘူး။

ဒါဟာ အကြောင်းမဲ့ ၀ါးလုံးချေးသုတ် စွပ်စွဲတာမဟုတ်ဘဲ သူရိယအလင်းဂျာနယ်
အတွဲ ၁၊ အမှတ် ၇ မှာ “ခရိုနီတစ်ဦးရဲ့ မိကျောင်းမျက်ရည်” ခေါင်းစည်းနဲ့ 
စစ်သူရဲ ဗလမင်းထင်ရေးတဲ့ ဆောင်းပါးမှာ စစ်အာဏာရှင်ဗိုလ်သန်းရွှေ၊
ဗိုလ်မောင်အေးတို့ နဲ့ ပက်သက်ပြီး..

“၁၉၈၈ - ၂၀၁၀ တပ်မတော်ကို ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ
အညာသား ရိုးရိုးသမားကြီးပါ၊ Air Com လေအေးစက်နဲ့ တောင် နေတတ်တာ
မဟုတ်ပါဘူး၊ Air Com ပိတ်ပြီး အညာသားပီပီ ဒီအတိုင်း သဘာဝနဲ့ 
နေတဲ့လူမျိုးပါ။ ခင်ဗျားတို့  သစ်ခရိုနီတွေ၊ လက်နက်ခရိုနီ၊ ဘိန်းခရိုနီတွေက
လူလည်လူနပ်လူပါးတွေဆိုတော့ ခင်ဗျားတို့  လိမ်လို့ ပတ်လို့ ကောင်းတာပေါ့ဗျာ။
တပ်မတော်ခေါင်းဆောင်တွေကို ခင်ဗျားတို့ ခရိုနီတွေက ဖျက်စီးပစ်တာ၊
တပ်မတော်ခေါင်းဆောင်ကို ခင်ဗျားတို့  နာမည်ပျက်အောင် ဖျက်ခဲ့တာပါ။
ချမ်းသာသွားတော့ ခင်ဗျားတို့  သစ်ဘိန်းလက်နက်ခရိုနီတွေ၊ ငတ်ပြီးကျန်ခဲ့တာက
ကျုပ်တို့ တပ်မတော်ကြီးတစ်ခုလုံးနဲ့  မြန်မာပြည်သူတွေပါဘဲ။

ဗိုလ်ချုပ်မှူးကြီးမောင်အေးဆိုလည်း မိသားစုဘာမှရှိတာမဟုတ်ဘူး၊ သမီးကလေး
တစ်ယောက်တည်းရှိတာ၊ ဒီလောက်ချမ်းသာစရာမလိုဘူး၊ ဒီလောက်လည်း
ချမ်းသာချင်တာမဟုတ်ဘူး၊ ကန့် ဘလူသား ရိုးရိုးအေးအေးကြီးပါ၊
သူတို့ မိသားစုသုံးဦး ၀မ်းစာအပြင် ဘာမှမလိုတဲ့လူတွေပါ။ ခင်ဗျားတို့ ကဘဲ
အဘအေး အဘအေးဆိုပြီး ဖားဖားပြီးတော့ ဟိုပါမစ်တောင်း ဒီပါမစ်တောင်း
လုပ်ခဲ့တာ။ ခင်ဗျားတို့ ပေးတဲ့လက်ဆောင် Louis XIII တစ်လုံးပေးပြီး
ခင်ဗျားတို့ ယူသွားတာက ဒေါ်လာသန်းနဲ့ ချီပြီး လှည့်ပတ်ယူသွားတာ..”

စသဖြင့် ရေးချွတ်ထားတာတွေဟာ တိုင်းရင်းသားတွေ မုန်းတီးတဲ့၊ ရဟန်းရှင်လူ
ကျောင်းသားပြည်သူတွေအပေါ် လူမဆန်တဲ့နည်းပေါင်းစုံနဲ့  ဖိနှိပ်ညှင်းဆဲ
သတ်ဖြတ်ခဲ့ကြတဲ့၊ တိုင်းပြည်ရဲ့ အဆီအနှစ် ချမ်းသာကြွယ်ဝမှုမှန်သမျှကို
စစ်အင်အားပြ ဂုတ်သွေးစုပ် ဓားပြတိုက်ယူသွားတဲ့၊ ပါလီမာန်ဒီမိုကရေစီစနစ်ကို
လက်စဖျောက် သုတ်သင်ခဲ့ပြီး စစ်ဝါဒထူထောင်ခဲ့တဲ့ ဗမာ့စစ်တပ်နဲ့ 
စစ်ခေါင်းဆောင်ဗိုလ်ချုပ်ကြီးတွေအပေါ် အလွန်တရာ မှားယွင်းဖောက်ပြန်တဲ့
သုံးသပ်ချက်တွေလို့  ပြောရမယ့်အပြင် မိုးဟိန်း ဆီသည်မလက်သုတ်ပ၀ါလို
ကြိမ်ဖန်များစွာ ပြောတတ်တဲ့ ရှစ်လေးလုံးစိတ်ဓာတ်၊ ရှစ်လေးလုံးအမြင်၊
ရှစ်လေးလုံးလှုပ်ရှားမှုတွေရဲ့  အခြေခံအုတ်မြစ်နဲ့ လည်း ဝေးကွာစိမ်းပြင်လှပြီး
သမိုင်းတရားခံစစ်ခေါင်းဆောင်တွေ ချုပ်ကိုင်စီးမိုးထားတဲ့ စစ်တပ်အပေါ်
ကပ်ပါးလျက်ဖားနဲ့  အကောင်းမြင် လောဘီလုပ်လွန်းတာ ရုပ်ပျက်လှပါတယ်။
စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးတွေ (အထူးသဖြင့် ဗိုလ်သန်းရွှေ)မှာ မှဲ့ တစ်ပေါက်မျှ
အပြစ်မရှိဘဲ အမျိုးမျိုးသောခရိုနီတွေကြောင့် စစ်ဗိုလ်ချုပ်တွေနဲ့  စစ်တပ်ဟာ
လူဆိုးလူမိုက်ဖြစ်ခဲ့ရပါတယ်ဆိုတဲ့ သုံးသပ်ရေးသားချက်ဟာ လူထုသဘောထားနဲ့ 
တက်တက်စင်စွာ လွဲချော်ခဲ့ပြီး ပြည်သူလူထုရဲ့  စစ်တပ်အပေါ်ထားတဲ့ အမုန်းကို
ပစ်မှတ်ပြောင်းပြီး ခရိုနီတစ်စုသို့  လမ်းကြောင်းရှန်တိန်တွန်းလွှတ်ပေးနေတာဘဲ
ဖြစ်ပါတယ်။ “တပ်ကိုမမုန်းနဲ့  ခရိုနီကိုမုန်း”ဆိုတဲ့ စစ်အုပ်စုနိုင်ငံရေးရည်မှန်းချက်ကို
မြေပြင်မှာ လက်တွေ့ ကျကျ ကွင်းဆင်းအကောင်အထည်ဖော်နေတာဘဲဖြစ်တယ်။

ဒီကနေ့ ထုတ်ဂျာနယ်အချို့ နဲ့  သတင်းစာအချို့ မှာ စစ်ခရိုနီတေဇက မိုးဟိန်းကို
ဥပဒေကြောင်းအရ တရားစွဲတော့မယ်ဆိုတဲ့သတင်း ဖတ်ရတဲ့အခါ တေဇထက်
အလျင်စောစွာ သူရိယဂျာနယ်ကို တရားစွဲဖို့  ပြင်ဆင်ခဲ့တဲ့ စစ်ခရိုနီတစ်ဦး
ပေါ်ပေါက်ခဲ့တာကို ပြည်သူတွေ သတိပြုဟန်မရှိခဲ့တာကို စဉ်းစားမိသေးတယ်။
လွယ်ဟိန်းစီးပွားရေးအုပ်စုခေါင်းဆောင်ဖြစ်ပြီး သူ့ ရဲ့ ပုဂ္ဂိုလ်ရေးကို
အသရေဖျက်တယ်ဆိုပြီး သူရိယအလင်းကို တရားဝင်တောင်းပန်ခိုင်းရမလား၊
ရှေ့ နေရှေ့ ရပ်နဲ့  တရားစွဲရမလား စီစဉ်နေပါတယ်ဆိုတဲ့သတင်းကို
လွန်ခဲ့တဲ့ လပိုင်းများကနေ့ စဉ်ထုတ်သတင်းစာအချို့ မှာ ဖတ်ရပြီး
အဲဒီနောက်ပိုင်း နောက်ဆက်တွဲလုပ်ဆောင်မှုတွေ ထွက်ပေါ်မလာတော့ဘဲ
နှစ်ဖက်စလုံးက အသံတိတ်သွားတာကိုလည်း အမှတ်ရမိပါတယ်။

အခုလည်း ဒီအဆင် ဒီခွင် ဒီကလင်ဒါကျအတိုင်း တေဇနဲ့  မိုးဟိန်းတို့ 
တွဲကျလာပြီဖြစ်ပါတယ်။ တေဇရဲ့  တရားစွဲမှုကို ပြည်သူတွေက အနီးကပ်
စောင့်ကြည့်နေကြသလို မိုးဟိန်းရဲ့  မျက်လှည့်ဆရာဦးထုပ်ထဲက ထွက်လာမယ့်
အမယ်စုံပစ္စည်းတွေကိုလည်း ဟင်ခနဲ ဟာခနဲ အာမေထိဋ်သံပေးပြီး
မျှော်လင့်နေကြတဲ့ နိုင်ငံရေးလေ့လာသူ စာဖတ်ပရိသတ်တွေလည်း
ပွဲကြည့်စင်မှာ ပြည့်လုမတတ်ရှိနေကြပြီဖြစ်ပါတယ်။ တေဇတို့ စစ်ခရိုနီများရဲ့ 
ကိုယ်ကျိုးရှာ ဖို့ တစ်ဖို့ တည်း အတ္တကျူး ဥစ္စာဓနပိုင်ဆိုင်မှုတွေဟာ
ကုန်းကောက်စရာ မရှိ၊ မသေထမင်း မသေဟင်း စားနေရတဲ့ ဗမာပြည်သူများရဲ့ 
လက်ရှိပစ္စခတ်အခြေအနေနဲ့  နှိုင်းစာရင် အင်မတန် ရှက်ဖွယ်လိလိ မသဒီစရာ
ကြွယ်ဝမှုများဖြစ်ပါတယ်။ ထို့ အတူ စစ်ခရိုနီတစ်စု နတ်မိသားစုနှယ်
ဇိမ်ကျ ကြွယ်ဝချမ်းသာမှုများကို ခွင့်ပြု တံခါးဖွင့်ပေးခဲ့တဲ့ စစ်ဗိုလ်ချုပ်များရဲ့ 
လုပ်ရပ်များနဲ့ တကွ ၄င်းတို့ ရဲ့  ဆွေစဉ်မျိုးဆက် စားမကုန်သောက်မကုန်
ဥစ္စာဓန ပြည့်စုံချမ်းသာလာမှုတွေကလည်း ဆင်းရဲမွဲတေတဲ့ ပြည်သူတွေအတွက်
ရန်သူလူတန်းစားသဖွယ် ရှုမြင်ခံနေရတာ ယနေ့ ထိဘဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသား မိုးဟိန်းနဲ့  ဗမာမှတ်ပုံတင်ကိုင် တေဇတို့ ရဲ့  ပဋိပက္ခလို့ 
ပုံဖော်နေသူတွေရှိသလို ရုရှား တရုတ် အလုပ်အကျွေးပြု တေဇနဲ့ 
အနောက်အုပ်စု ကျောထောက်ခံ မိုးဟိန်းတို့ ရဲ့  ခေတ်သစ်စစ်အေးတိုက်ပွဲလို့ 
ဆွဲတင်ချင်နေကြတဲ့ လေ့လာသုံးသပ်သူတချို့ လည်း တွေ့ နေရပါတယ်။
လက်တဆုံးနှိုက်၊ ရေကုန်ရေခမ်း အပြန်အလှန် ငယ်ကျိုးငယ်နာတွေဖော်ရင်း
အာဏာရှင်စနစ်က တိမ်မြုပ်နေတဲ့အချက်အလက်များ ပေါ်ထွက်လာတော့မယ်လို့ 
မျှော်လင့်တကြီး စောင့်ကြည့်နေကြတဲ့ ပြည်သူလူထုတွေလည်း ရှိကြပါတယ်။
ဒီအခါမှာ ညောင်မြစ်တူးဆွရင်း ပုတ်သင်ဥတွေပါ ပေါ်လာတာကိုလည်း
တွေ့ ရနိုင်ပါတယ်။ ဥနဲ့ အမြစ် ဘာဘဲပေါ်ပေါ် နိုင်ငံရေးစိတ်ဝင်စားသူ
ပြည်သူလူထုအတွက် ရှေ့ အနာဂတ်မှာ နိုင်ငံရေးအမြင် မှန်မှန်ကန်ကန်ကို
သုံးသပ်ဝေဖန်ဖို့ အတွက် ဒီအချက်အလက်တွေက များစွာအထောက်အကူပြု
အကျိုးရှိစေမှာဖြစ်ပြီး တေဇရဲ့  စစ်မျက်နှာဖွင့်မှုကို ပွဲကြည့်ပရိသတ်တွေ
ကြိုဆိုသလို၊ မိုးဟိန်းရဲ့ ဟိန်းဟောက်သံတွေဟာ သင်္ကြန်အမြှောက် ဟုတ်မဟုတ်
ဆိုတာလည်း သက်သေပြဖို့  အခွင့်ကောင်းလို့  ပြောဆိုဝေဖန်နေကြပါတယ်။

ဒီနေရာမှာ မိုးဟိန်းနဲ့ တေဇ နှစ်ယောက်လုံး အဖျားရှူးသွားကြမယ်လို့ 
ကျွန်တော် ထင်ပါတယ်။ ဘာကြောင့်လဲဆို စစ်အာဏာရှင်တွေအပေါ်
ပြည်သူမြင်တဲ့အမြင်နဲ့  တေဇ + မိုးဟိန်း ရှုထောင့်က ဖြောင့်ဖြောင့်ကြီး
 ဆန့် ကျင်နေလို့ ဖြစ်ပါတယ်။ ဖွတ်ရှူးပွဲတွေ ထိုင်ကြည့်ပြီး ဗမာပြည်က
စစ်ဝါဒကြီးစိုးမှု ပျယ်ပျောက်ချုပ်ငြိမ်းသွားလေမလား တွေးနေရင်တော့
အိပ်ပျက်တာဘဲ အဖတ်တင်လိမ့်မယ်လို့  ကျွန်တော်ယူဆပါတယ်။
 
                                                       မြူနှင်း(အေးရိပ်ငြိမ်) 

Inga kommentarer:

Skicka en kommentar