M-Media
ဆောင်းပါးရှင်- ကျော်နေမင်း (မြို့ပြ)
ဆောင်းပါးရှင်- ကျော်နေမင်း (မြို့ပြ)
ကိုမိုးဟိန်း….ရေ
သူရိယအလင်းကနေ သူရိယနေ၀န်း ဖြစ်လာတာက ဆွဲဆောင်မှု ရှိစေခဲ့တာပါ။ ပြဿနာက
“မိုးစက်ဝိုင်” ကစတယ် ဆိုပေမဲ့လည်း ဖိုးလပြည့်ကိုပါ ဆွဲထည့်လိုက်တော့
မီဒီယာမျက်နှာစာမှာ အ၀ါရောင် ဆိုတာကြီး ကင်ပွန်းတပ်ခံလိုက်ရပြီး Yellow
Journal, Yellow Journalism ဆိုတာတွေ ခေတ်စား လာပြန်တယ်။ နောက်ပိုင်း
ခရိုနီတွေကို နာမည်တွေတပ်၊ ရှားရှားပါးပါး ဓာတ်ပုံတွေ ဖော်ပြခဲ့၊
တိုက်ခိုက် တိုက်ပွဲဝင် ရေးသားနည်းတွေနဲ့ လူထုပရိသတ်ကြီးကို
ဖမ်းစားနိုင်ခဲ့တာဟာ အထင်အရှားပါ။ အခုကျပြန်တော့ တရုတ်ကို နာနာနှက်၊
ဘင်္ဂါလီကို သာသာဆော်၊ မသတီစရာ အထိအမိတွေနဲ့ လူမျိုးရေး ခွဲခြားမှု
ဇာတ်နာကြီးကို ကပြအသုံးတော်ခံနေပြန်တော့ ကြည့်ရရင် လက်ရှိအခြေအနေအပေါ်
လိုက်ပြီး ဈေးကွက်အကြိုက် ရေးသားနည်းတွေကို ပိုင်ပိုင်နိုင်နိုင်
စွဲကိုင်နေပြန်တော့ မပြောမပြီး မတီးမမြည် ဆိုသလို ရေးစရာအကြောင်းရယ်
ဖြစ်လာပြန်သပေါ့ဗျာ။
အစ်ကို့ရာထူးက အမှုဆောင် အရာရှိချုပ် (CEO) လည်းဖြစ်ပြန်၊
ပင်တိုင်ဆောင်းပါးရှင်လည်း ဖြစ်ပြန်ဆိုတော့ ဂျာနယ်အပေါ် သြဇာရောက်မှုကတော့
အထွေအထူး ပြောစရာမလိုပါဘူး။ ဂျာနယ်ရဲ့ အခြေခံမူ (၅)ချက်တို့၊ (၁၀) နှစ်
အိုးအိမ်စီမံကိန်းတို့ဆိုတဲ့ ရည်မှန်းချက်တွေက ကောင်းမွန်ပါတယ်။
ဂျာနယ်ရဲ့ပင်တိုင်ဆောင်းပါးရှင်တွေဟာ အာဏာရှင်ကိုဆန့်ကျင်ခဲ့ကြတဲ့
ကျွန်တော်တို့ရဲ့ညီအစ်ကို ကျောင်းသားကြီးတွေဖြစ်တော့ ရဲရဲတောက်
အတွေးအရေးတွေဟာ အံ့မခန်းဖွယ်ရာပါ။ ရေးရင်းရေးရင်းနဲ့ ဆန္ဒတွေစော၊
အစွဲတွေတွယ်ငြိ၊ ဘောင်တွေကျော်ဖြတ်၊ ဈေးကွက် အလိုက် နေ့တွက်အကိုက်
ဆိုတာမျိုးတွေ ဖြစ်လာပြန်တော့ ပြန်လည်သုံးသပ်စေချင်ပါတယ်။
အမှုဆောင်အရာရှိချုပ်ဆိုတဲ့ ရာထူးဟာ မီဒီယာလောကမှာဆိုရင် မိမိအဖွဲ့အစည်းရဲ့
ဂုဏ်သိက္ခာ၊ ကျင့်ဝတ်တို့ကို ထိန်းကျောင်းဖို့ တာဝန်အရှိဆုံးပုဂ္ဂိုလ်ပါ။
မိမိဦးဆောင်နေတဲ့အဖွဲ့အစည်းမှာ အများပြည်သူအကျိုးအတွက် ကျင့်ဝတ်ညီညွတ်မှု၊
လုပ်ထုံးလုပ်နည်း မှန်ကန်မှု၊ ငြိမ်းချမ်းရေး ဦးတည်မှု၊ လူသားချင်း
စာနာထောက်ထားမှု သာယာငြိမ်းချမ်းသော လူမှုပတ်ဝန်းကျင် ဖြစ်ထွန်းမှုတို့ကို
ရှေ့ရှုပြီး မိမိနဲ့ မိမိမီဒီယာအဖွဲ့အစည်း ဂုဏ်သိက္ခာကို မြှင့်တင်ရပါတယ်။
ပင်တိုင်ဆောင်းပါးရှင်တွေဖြစ်တဲ့ ထောင်သူရဲဘအုပ်၊ စစ်သူရဲဗလမင်းထင်၊
တောင်သမန်အင်း ငကင်းတို့ရဲ့ အရေးအသားတွေက ပြောင်မြောက်လှပါတယ်။
သည်းခြေကြိုက်သတင်းတွေဖြစ်အောင် ရေးနိုင်တယ်ဆိုပေမယ့် ဆန္ဒဇော၊
အစွဲအလန်းတွေကြောင့် နယ်ပယ်ကျော်လွန်အရေးအသားတွေကို တွေ့နေရပါတယ်။
စာတွေများများဖတ်ဖို့၊ သမိုင်းတွေကို အမှန်အတိုင်းသိအောင်
ကြိုးစားထားသင့်ပါတယ်။ သတင်းရေးသားတဲ့နေရာမှာ လိုက်နာအပ်တဲ့
ကျင့်ဝတ်တွေအနက် ‘‘ စကားလုံးများသုံးစွဲရာတွင် ဓမ္မဓိဋ္ဌာန် ကျကျရေးသားရန်၊
လှုံ့ဆော်ရာရောက်သည့်အရေးအသားကို ရှောင်ရှားရန်၊ သတင်း၏ တိကျမှန်ကန်မှုကိုသာ
အလေးထားပြီး အထင်အမြင်ဖြင့်စွပ်စွဲမှုကို ရှောင်ရှားရန် ” ဖြစ်ပါတယ်။
အထူးသဖြင့် လူမျိုးရေး၊ ဘာသာရေး အငြင်းပွားစရာပြဿနာရပ်များ (Communal
Dispute) နှင့် ပတ်သက်၍ ရေးသားရာတွင် “ အထူးသဖြင့် အဆိုးမြင်စေအပ်သော
မကောင်းသတင်းများကို ရေးသားခြင်း မပြုအပ်ရ” ဆိုပြီး လာရှိပါတယ်။
အလွန်သြဇာကြီးမားတဲ့ အပြည်ပြည်ဆိုင်ရာ စာနယ်ဇင်းအတတ်ပညာရှင်အသင်းကြီး (SPJ)
ရဲ့ စံပြုအပ်သောလမ်းညွှန်ချက်ပါ။ ဆောင်းပါးရှင်တို့ ကိုယ်တိုင်ကပဲ
လူမျိုးခြား၊ ဘာသာခြားမုန်းတီးမှု စရိုက်လက္ခဏာ (Xenophobic Attitude)
ရှိနေရင်တော့ ကျင့်ဝတ်ဆိုတာလည်း အလကားဖြစ်သွားမှာပါ။
ရွေးတွယ်ခံ ခရိုနီများ
ထောင်သူရဲဘအုပ်ကတော့ ခရိုနီတွေကို တွယ်တဲ့နေရာမှာ ပယ်ပယ်နယ်နယ်
လက်သံပြောင်နေတော့ သတင်းရတဲ့ အရင်းအမြစ် (Source)ဟာ အံ့သြစရာပဲဗျို့။ ၂၀၁၃
သီတင်းကျွတ်တုန်းက သမ္မတကြီးအိမ်ကိုသွားတဲ့ ကန်တော့ပွဲခရီးစဉ်မှာ
လူဘယ်နှစ်ယောက်တစ်တွဲ သွားရတာ၊ ဂိတ်ဘယ်နှစ်ဂိတ်ဖြတ်ရတာ၊ သမ္မတကြီးက
ဘယ်သူ့ကို ဘယ်လိုပြောလိုက်တာတွေကအစ သိနေတော့ CIA အဖွဲ့က
အမေရိကန်စပိုင်တွေတောင် အဖေခေါ်ရလောက်တယ်။ ကိုယ်တိုင်ကိုယ်ကျ ခရိုနီ
ဟန်ဆောင်ပြီး လိုက်သွားသလားတောင်ထင်ရတယ်။ အကြားအမြင်ရ
စာရေးဆရာများဖြစ်နေမလား မသိပါ။ နောက်တစ်ချက်ကတော့ ခရိုနီထဲမှာတောင်
လူရွေးပြီး ရွှေသံလွင် ဦးကျော်ဝင်း၊ CB ဘဏ် ဦးခင်မောင်အေး၊ Asia World
ဦးထွန်းမြင့်နိုင်၊ ရွှေတောင် ဦးအိုက်ထွန်း၊ ဇေကမ္ဘာ ဦးခင်ရွှေ –
ဒီလူတွေချည်းပဲဗျို့။ ရွေးတွယ်ခံ ခရိုနီတွေ ဖြစ်နေရပြန်တယ်။
ခင်ဗျားတို့သိတဲ့ ခရိုနီတွေ ဒီလူတွေချည့်ပဲ ရှိသလားဗျာ။ အမေရိကန်နဲ့ EU
ပိတ်ဆို့စာရင်းတွေကို ကြည့်လိုက်ပါ။ ခင်ဗျားတို့
မမြင်ချင်ယောင်ဆောင်နေယင်တော့ မတတ်နိုင်ဘူးလေ။ ပြောရယင် ဒီလူတွေကတောင်
ကြိုးစားအားထုတ်မှု၊ ဥာဏ်နီဥာဏ်နက်အသုံးချမှုကြောင့် ခရိုနီဘွဲ့ရလာတာလို့
ပြောလို့ရပါသေးတယ်။ မကြိုးစားရဘဲ ရေသာခိုအချောင်လိုက်ပြီး ရလာခဲ့တဲ့
အခွင့်ထူးခံလူတန်းစား ခရိုနီတွေအကြောင်းလည်း ရေးသင့်ပါတယ်။ လက်ရှိ
ထိပ်တန်းခေါင်းဆောင်တစ်ချို့ရဲ့ သားသမီးတွေ၊ ပြီးခဲ့တဲ့
စစ်အစိုးရဗိုလ်ချုပ်ကြီးတွေရဲ့ အဆက်အနွယ်တွေထဲမှာ သူတို့ထက်တောင်
ချမ်းသာတဲ့ခရိုနီတွေ အများကြီး ရှိနေပါတယ်။
အခု ခင်ဗျားတို့ရေးနေတဲ့ ခရိုနီတွေကမှ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတွေ
လုပ်ပြနေကြပါသေးတယ်။ ဟိုလူတွေကတော့ sorry ပဲဗျို့။ အားလုံးကို Don’t Care
(ကရုမစိုက်ပါ) တဲ့ဗျို့။ လွှတ်တော်မှာ ပိုင်ဆိုင်မှုကို တင်ပြဖော်ထုတ်တဲ့အဆို
ရှုံးနိမ့်ခဲ့တာကိုကြည့်ရင် သဘောပေါက်သင့်ပါတယ်။ အာဏာအတွင်းစည်းထဲက
ခရိုနီတွေ ပိုများပါတယ်။ ဒါကြောင့် သတင်းတွေကို အကြောင်းအရာနဲ့ ထင်ဟပ်ပြီး
ရေးသားတဲ့နေရာမှာ သူ – ငါ ခွဲခြားခြင်း မပြုရဘဲ၊ ဖြစ်နိုင်ချေ မဟုတ်ဘဲ
တိကျမျှတစွာ ရေးသင့်ပါတယ်။ ကိုယ်မကြောက်ရတဲ့သူ၊
ကိုယ်ပြောလို့ရတဲ့သူတွေချည်းကိုသာ တစ်ဖက်သတ်ဖိထောင်း ရေးနေရင်တော့ ဒါဟာ
ကွက်ကျားမိုး (သို့) ပေါက္ခရ၀သ မိုး ရွာနေခြင်းသာဖြစ်တယ်လို့ ဆိုချင်ပါတယ်။
ရွှေမြန်မာတို့ရဲ့ ထွက်ပေါက်
တောင်သမန်အင်း ငကင်းရဲ့ ဆောင်းပါးတစ်ခုမှာ မြန်မာပြည်နှင့် ပတ်ဝန်းကျင်နိုင်ငံများမှ ခိုးဝင်နေကြသူများ
ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ယခုလို ရေးသားခဲ့တာကို တွေ့ရပါတယ်။ ‘‘ ကျုပ်တို့
မြန်မာပြည်ကကောဗျာ၊ ကျုပ်တို့မြန်မာပြည်ထဲကို အနောက်မြောက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီတွေ တစ်စက္ကန့်မှာ
ဘယ်နှစ်ယောက်လောက်ခိုးဝင်နေပါသလဲ။ အိန္ဒိယပြည်ထဲက ဘယ်နှစ်ယောက်လောက်
ခိုးဝင်နေပါသလဲ။ တရုတ်ပြည်ထဲက ဘယ်နှစ်ယောက်လောက် ခိုးဝင်နေပါသလဲ။
ကျုပ်အထင်တော့ တစ်နေ့နေ့ကို နည်းလမ်းပေါင်းစုံနဲ့ လူတစ်ထောင်လောက်
ခိုးဝင်နေတယ်လို့ ယူဆတယ်
။ ဒါတွေကို ကျုပ်တို့ တိတိကျကျ သုတေသနလုပ်ဖို့ လိုပြီ ” ဆိုပြီး
ထင်မြင်ယူဆချက်တွေကို သတင်းဖြစ်လေဟန် ရေးသားထားတာကို တွေ့ရပါတယ်။
မသေချာမရေရာတဲ့ ကိန်းဂဏန်းတွေကို ဖော်ပြခြင်းဟာ ယုတ္တိမရှိတဲ့ ယူဆချက်ပါ။
တစ်နေ့ကို လူပေါင်း ၁၀၀၀ ခိုးဝင်နေတယ်ဆိုရင် တစ်နှစ်ကို လူပေါင်း ၃ သိန်း ၆
သောင်း ၀င်တယ်။ နှစ်ပေါင်း ဘယ်လောက်လဲ။ ကိုလိုနီခေတ်ကတည်းကလား၊
လွတ်လပ်ရေးနောက်ပိုင်းလား၊ မဆလ စစ်အစိုးရလက်ထက်လား။ နှစ်ပေါင်း ၅၀
နဲ့တွက်ရင် ၁၈ သန်း၊ နောက်နှစ်ပေါင်း ၁၀၀ နဲ့တွက်ရင် ၃၆ သန်းဆိုတော့
မြန်မာနိုင်ငံရဲ့ လူဦးရေထက်ဝက်ကျော်ကျော် ရှိနေပြီ။ ကဲ့ ဒါဆိုရင်
မှန်ပါ့မလား။ ကျွန်တော်တို့ ရွှေမြန်မာတွေကလည်း အိမ်နီးချင်းနိုင်ငံတွေမှာ
အလုံးအရင်းနဲ့ရှိပါတယ်။
အိန္ဒိယနိုင်ငံ၊ မဒရပ်စ်ပြည်နယ်မှာ ဘားမားမတ်ကက်
ဆိုပြီး မြန်မာဈေး ရှိပါတယ်။ တရုတ်နိုင်ငံ ရွှေလီနဲ့ ကြယ်ခေါင်ရဲ့
လမ်းဘေးမှာ ဆေးရောင်းတဲ့ဆိုင်တွေ ဒုနဲ့ဒေးဘဲ။ အားလုံးနီးပါး
မြန်မာတွေဗျို့။ ထိုင်းနဲ့ မလေးရှားကတော့ဗျာ မွန်ပြည်နယ်ကလူတွေအတွက်ဆို
ဒုတိယအိမ်တဲ့လေ။ တချို့ မွန်ရွာတွေကို သွားကြည့်လိုက်ပါ။ အိမ်တွေမှာ
လူတွေမရှိတော့ဘူး။ ဒုတိယအိမ် မှာ အလုံးအရင်းနဲ့
နေထိုင်နေကြတယ်။ ရွှေ့ပြောင်းအခြေစိုက်နေထိုင်မှုတွေ ဖြစ်ကုန်ကြပြီ။ ဒီတော့
မွန်ပြည်နယ်ရဲ့လုပ်သားလိုအပ်ချက်ကို ပဲခူးတိုင်းဖက်ကလူတွေ အလုံးအရင်းနဲ့
ဖြည့်ဆည်းနေလိုက်ကြတာ မွန်ပြည်နယ်မှာ ကျူးကျော်နေထိုင်သူတွေက အများအားဖြင့်
ပဲခူးဖက်ကလူတွေ များပါတယ်။ ဒါကြောင့် ရေကြည်ရာမြက်နုရာဆိုသလို
ရှင်သန်ရပ်တည်ရေးအတွက်သာ အပြန်အလှန် သွားလာနေကြရတာပါ။ ဘယ်သူမဆို
ကိုယ့်နိုင်ငံ၊ ကိုယ့်မွေးရပ်ဇာတိမြေကို ချစ်မြတ်နိုးကြစမြဲပါ။
ဒါကြောင့် တောင်သမန်အင်း ငကင်းရေ ……… သုတေသနလုပ်ချင်ရင်
အကြောင်းအရာနှစ်ခုလုံးကို လုပ်ရပါမယ်။ သူတို့တစ်တွေဆီက
ခိုးဝင်တဲ့သူတွေရဲ့အရေအတွက်၊ ကိုယ်တို့ဆီက ခိုးထွက်သွားတဲ့ အရေအတွက်
ကိန်းဂဏန်းတွေကို သိသင့်ပ့ါတယ်။ သေချာတာတစ်ခုက
ထိုင်းနိုင်ငံရဲ့သဘောထားကြီးမှုကြောင့်သာ ကျွန်တော်တို့ ရွှေမြန်မာတွေ
နိုင်ငံတကာကို ထွက်ပေါက်ရခဲ့တာပါ။ ခင်ဗျားတို့ ကျွန်တော်တို့တစ်တွေ
အနောက်နိုင်ငံတွေနဲ့ ထိတွေ့ခွင့် ရခဲ့ကြတာပါ။ သူများအကြောင်းပြောချင်ရင် ကိုယ့်မျက်ချေးအရင်ကြည့် ဆိုတဲ့ စကားပုံလေး အသုံးတည့်ပါလိမ့်မယ်။
ဘင်္ဂါလီမုန်းတီးရေးဝါဒ
တောင်သမန်အင်း ငကင်းက ဒီလိုဆက်ရေးတယ်ခင်ဗျ။ ‘‘ ဒီ ဘင်္ဂါလီတွေ
မြန်မာပြည်ထဲ ၀င်ရောက်တဲ့ လမ်းကြောင်းမှာ မြန်မာပြည်ရဲ့ ဆောက်လုပ်ရေး
လုပ်ငန်းအကြီးဆုံး ဘင်္ဂါလီခရိုနီ ကုမ္ပဏီကြီးတွေ ပါဝင်ပတ်သက်နေတယ်လို့
သိထားရတယ်။ သူတို့ဘင်္ဂါလီ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတွေရဲ့ ဆောက်လုပ်ရေး
လုပ်ငန်းခွင် ကိစ္စတွေ၊ လုပ်ငန်းခွင်သယ်ယူပို့ဆောင်ရေး ကားကြီးတွေနဲ့
ရန်ကုန်အထိကို နယ်စပ်က အဆင့်ဆင့်သွင်းလာတယ်လို့ဆိုတယ်။ တချို့
ဘင်္ဂါလီတွေကလည်း မလေးရှားဖက်ကို ဆက်ထွက်သွားတယ်။ တချို့ကျတော့
မြန်မာပြည်မှာရှိတဲ့ ရောက်ပြီးသား ဘင်္ဂါလီတွေထဲမှာ ရောနှောပစ်လိုက်ကြတယ်။
ဒါကြောင့် မြန်မာပြည်ထဲ ဘင်္ဂါလီတွေ ခိုးဝင်နိုင်ဖို့ အဓိကနေရာကပါဝင်တဲ့
ဘင်္ဂါလီပိုင် ဆောက်လုပ်ရေးကုမ္ပဏီကြီးတွေရဲ့ ခြေလှမ်းတွေ၊ သမိုင်းတွေ၊
လှုပ်ရှားမှုတွေကို မျက်ခြေမပြတ် ကြည့်ဖို့လိုနေပြီဗျ။ ဒီဘင်္ဂါလီခရိုနီ
ဆောက်လုပ်ရေးကုမ္ပဏီကြီးတွေက ကျုပ်တို့မြန်မာပြည်ထဲမှာ အရင်ဆုံးလာချထားတဲ့
ထရိုဂျန်မြင်းရုပ်တွေပဲဖြစ်တယ် ” လို့ ရေးသားထားပါတယ်။
စာရေးသူကျွန်တော်ဟာ မြို့ပြအင်ဂျင်နီယာတစ်ယောက်ပါ။ ကျွန်တော်ကိုယ်တိုင်
ခင်ဗျား စွပ်စွဲနေတဲ့ ဘင်္ဂါလီခရိုနီကုမ္ပဏီတွေမှာ မလုပ်ဖူးပေမယ့် ကျွန်တော့်
ကျောင်းနေဖက် သူငယ်ချင်းတစ်ချို့လည်း ရှိနေပါတယ်။ တချို့လည်း
Sub-Contractor အဖြစ် လုပ်နေကြပါတယ်။ ဘယ်ကလာ ခရိုနီလည်းဗျာ။
သူတို့ဟာသူတို့တောင် တိုင်ပတ်နေကြတယ်။ လုပ်ငန်းတွေ မလည်ပတ်နိုင်၊
လုပ်ငန်းတွေဆီ ငွေမချနိုင်နဲ့ ချာလပတ်လည် ရိုက်နေကြတယ်။ ခရိုနီဆိုတာ
ဘာကိုခေါ်သလဲ။ ဒေါ်လာ မီလျံ ဂဏန်းဘယ်နှစ်လုံးလောက် ချမ်းသာရလဲ ဆိုတာကိုလည်း
နားလည်အောင်လေ့လာသင့်ပါတယ်။ သူများတွေ ခရိုနီခေါ်တိုင်း ငါလည်း
လိုက်ရေးမယ်ဆိုရင် ဒါ ညံ့ရာကျတယ်ဗျာ။ ခင်ဗျားပြောတဲ့ ဒီဆောက်လုပ်ရေး
ကုမ္ပဏီသူဋ္ဌေးတစ်ယောက်ရဲ့အိမ်မှာ ကျွန်တော်သွားပြီး သတင်းယူဖူးတယ်။
သူပြောခဲ့တာက – ငါချမ်းသာသလောက်က ကိုးကန့်သူဋ္ဌေးတစ်ယောက်ရဲ့အိမ်မှာ ပန်းကန်ဆေးတဲ့ အဆင့်လောက်ပဲ ရှိတယ် လို့ ပြောခဲ့တယ်။
သမ္မတဦးသိန်းစိန်ကစလို့ ၀န်ကြီးဦးခင်ရီအလယ် ဒုဝန်ကြီးဦးရဲထွဋ်အဆုံး
ရိုဟင်ဂျာ မလိုချင်ပါ လို့သာ ပြောခဲ့တယ်။ ဘင်္ဂါလီ ဆိုရင်တော့ ရပါတယ်။ အခု
ခင်ဗျားကျတော့ ဘင်္ဂါလီ ဘင်္ဂါလီ လူမျိုးရေးခေါင်းစဉ်တပ်ပြီး အကြောင်းအရာတွေ
တွဲစပ်နေတော့ ရိုဟင်ဂျာ ပြီးတော့ ယခုတစ်ဖန်အလှည့်ကျသူက ဘင်္ဂါလီလားလို့တောင်
မေးရမလို ဖြစ်နေပါပြီ။ ထို့အတူ ထရိုဂျန် မြင်းရုပ်တွေဆိုတဲ့
အသုံးအနှုန်းကလည်း မီးလောင်ရာလေပင့်စေတဲ့ အရေးအသားတွေ ဖြစ်နေတာပါ။ ဒါကြောင့်
ကမ္ဘာ့စာနယ်ဇင်းကောင်စီရဲ့ ဂျာနယ်လစ်များသို့ လမ်းညွှန်ချက်များအနက်က
အောက်ပါအချက် ၂ ခုဟာဖြင့် ခင်ဗျားလိုက်နာသင့်တဲ့ အကြောင်းအရာတွေ
ဖြစ်နိုင်ပါတယ်။
(၁) စာနယ်ဇင်းနှင့်မီဒီယာတို့သည် ငြိမ်းချမ်းရေးကို တည်ဆောက်သူများသာ ဖြစ်ကြစေရန်၊ လှုံ့ဆော်မှု ပြဿနာကို မီးမွှေးကြသူများ မဖြစ်ကြစေရန်
(၂) စာနယ်ဇင်းနှင့်မီဒီယာများသည် လူမျိုးရေး
ဘာသာရေးကွဲပြားခြားနားမှုများ၊ ခွဲခြားမှုများကို ပပျောက်စေပြီး သဟဇာတဖြစ်မှု၊
အပြန်အလှန်နားလည်မှုများကို တည်ဆောက်ပေးကြရန်ဖြစ်သည် တဲ့ခင်ဗျား။
တစ်ခါ နောက်ထပ် ၂၀၁၃ ခုနှစ် ဧပြီလ ၅ ရက်မှာ ‘‘ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီတွေက
ဗုဒ္ဓဘာသာ ရဟန်းတွေလို ဦးပြည်းတုံးပြီး၊ ရဟန်းတွေရဲ့ သင်္ကန်းကိုခြုံပြီး၊
ရဟန်းယောင်ဆောင်ပြီး မြန်မာပြည်ထဲ ခိုးဝင်လာတဲ့ဓာတ်ပုံတွေ ရထားတယ်။ ကျုပ်
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ သွားနေတဲ့ ကားတွေမှာလည်း တစ်ဖက်က
အန်စာတုံးလို၊ HiAce တို့လို မှန်လုံကားကြီးတွေထဲမှာ မုတ်ဆိတ်တွေနဲ့
ဘင်္ဂါလီတွေ တစုတဝေးကို မကြာခဏတွေ့နေရတယ်။ ကျုပ်တို့မြန်မာပြည်က အမေရိကန်နဲ့
မတူဘူးလေဗျ။ ကျုပ်တို့က အမေရိကန်တွေရဲ့ လ၀ကလမ်းစဉ်မူဝါဒကို လိုက်လို့မရဘူး။
သြစတေးလျနိုင်ငံရဲ့ လမ်းစဉ်မူဝါဒကိုလိုက်ရမယ်။ အစ္စရေးနိုင်ငံလို
ရန်သူတွေအကြားမှာနေရတဲ့ စိတ်ဓာတ်မျိုးနဲ့ တစ်ချိန်လုံး သတိနဲ့နေရမယ်ဗျ။
ဒီလိုမှ မဟုတ်ရင် ” လို့ ရေးခဲ့တယ်။
ဒါကြောင့် ဒီဆောင်းပါးရဲ့အစမှာ ကျွန်တော်ရေးခဲ့သလို ‘‘ စာဖတ်ပါ။
သမိုင်းအမှန်ကို သိအောင် လုပ်ပါ ” လို့ ဆိုချင်ပါတယ်။
မြန်မာပြည်နဲ့ကပ်နေတဲ့ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ရဲ့ ပြည်နယ်တွေမှာ
ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ဘင်္ဂါလီတွေရှိပါတယ်။ လူဦးရေ သုံးသန်းလောက်ရှိတယ်ဗျ။
သက်ဆိုင်ရာ ၀န်ကြီး နေရာတွေတောင် ရထားတယ်။ ဒီမိုကရေစီတိုင်းပြည်လေဗျာ။
ဟိန္ဒူဘာသာကိုးကွယ်တဲ့ ဘင်္ဂါလီတွေလည်း ရှိတယ်။ သူတို့လည်း ၀န်ကြီးအဖြစ်တွေ
ရထားတယ်။ အစိုးရအဖွဲ့ကက်ဘိနက်ထဲမှာလည်း ပါတယ်။ ဒါကြောင့် ဦးပြည်းတုံးပြီး၊
ရဟန်းသင်္ကန်းခြုံပြီး အယောင်ဆောင်ခိုးဝင်လာတယ်လို့ ပြောလို့မရပါ။ ဗုဒ္ဓဘာသာ
ဘင်္ဂါလီဖြစ်ရင် သူ့မှာလည်း ရဟန်းဖြစ်ဖို့အခွင့်အရေးရှိပါလိမ့်မယ်။
ရခိုင်ဒေသနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိကြတဲ့ လူမျိုးစုတွေဟာ အတော့်ကို
ရုပ်ဆင်းသဏ္ဍာန်တူညီနေတာကိုလည်း တွေ့ရပါလိမ့်မယ်။ ခွဲခြားလို့တောင်
မရနိုင်ပါ။ နောက်တစ်ချက်က ဘင်္ဂလားဒေ့ရှ်ဖက်ကနေ ပြန်ဝင်ရောက်လာတဲ့
ဗုဒ္ဓဘာသာအဆက်အနွယ်တွေဟာ မြန်မာပြည်ဖက်ကိုရောက်လာပြီး အိုးအိမ်တွေ ထူထောင်၊
လယ်မြေတွေ နေရာချပေးနဲ့ ဒီလိုလုပ်ပေးနေတာတွေလည်း ရှိနေတယ်။ အဲ့ဒီလူတွေကို
သွားကြည့်၊ ဘင်္ဂါလီတွေဘဲလို့ ခင်ဗျား ထင်လိမ့်မယ်။ ခွဲမရတာ။ သူတို့ကို
ဒိုင်းနက်လူမျိုးလို့လည်း ခေါ်တယ်။
‘‘ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ သွားနေတဲ့ ကားတွေမှာလည်း တစ်ဖက်က
အန်စာတုံးလို၊ HiAce တို့လို မှန်လုံကားကြီးတွေထဲမှာ မုတ်ဆိတ်တွေနဲ့
ဘင်္ဂါလီတွေ တစုတဝေး ” ဆိုတာကြီးကတော့ အတော့်ကို ဆိုးဝါးလှတဲ့
စွပ်စွဲချက်ပေါ့ဗျာ။ မုတ်ဆိတ်ထားတိုင်းသာ ဘင်္ဂါလီ ဖြစ်ကြစတမ်းဆိုရင်
အမေရိကန်သမ္မတကြီး အေဗရာဟင်လင်ကွန်းလည်း ဘင်္ဂါလီ ဖြစ်နေမှာပေါ့။ ခင်ဗျား
အရှင်းဆုံးသိချင်ရင် ဘင်္ဂလားဒေ့ရှ်သံရုံးရဲ့အတွင်းထဲမှာ
ချိတ်ထားတဲ့ဓာတ်ပုံတစ်ပုံရှိတယ်။ သူလည်း မုတ်ဆိတ်ကြီးနဲ့ပဲ။ ခင်ဗျား
အဲ့ဒီပုံကို ကြည့်ပြီးမှ မုတ်ဆိတ်နဲ့ ဘင်္ဂါလီ ခွဲခြားနိုင်မယ် ထင်ပါတယ်။
အမေရိကန်၊ သြစတေးလျနဲ့ အစ္စရေး
ကျုပ်တို့တိုင်းပြည်ဟာ အမေရိကန်နဲ့မတူဘူးဆိုတာ သိပ်မှန်ပါတယ်။
ဘယ်သူနဲ့မှတူဖို့ မလိုပါဘူး။ ဒါပေမယ့် အမေရိကန်ရဲ့မူဝါဒကြောင့်၊
အမေရိကန်ရဲ့ လ၀ကလမ်းစဉ်မူဝါဒကြောင့် ကျွန်တော်တို့
ညီအစ်ကိုတော်ကျောင်းသားတွေ၊ တော်လှန်ရေးသမားတွေ၊ ပညာရှေင်တွေ
အခြေချနေထိုင်ခဲ့လို့ရတာပါ။ ကိုမိုးဟိန်းတို့ ကိုမိုးသီးဇွန်တို့
ပိုသိပါလိမ့်မယ်။ ကိုမိုးဟိန်းရေးသလို အမေရိကန်ရဲ့အချုပ်ခန်းတောင်
ကျုပ်တို့ဆီက Hotel ဟိုတယ်လိုမျိုးတဲ့လေ။ သူတို့သာ တင်းကြပ်ထားခဲ့ရင်
ကျုပ်တို့ ခင်ဗျားတို့ အနံ့တောင် ရှူရဖို့မရှိနိုင်ပါဘူး။
သြစတေးလျ လ၀ကဥပဒေတွေက အခြေအနေပေါ်မှာ ထိန်းချုပ်ထားရတာပါ။ သူတို့ ယခင်က
ကျင့်သုံးခဲ့ကြတဲ့ Immigration ဥပဒေရဲ့ ချို့ယွင်းချက်တွေကို မကွယ်မ၀ှက်
ဝန်ခံခဲ့ကြပါပြီ။ လူဖြူအသားပေး Only White ဆိုတဲ့ စနစ်မျိုးကို
ပယ်ဖျက်လိုက်ပါပြီ။ ဒေသခံတိုင်းရင်းဌာနေ Aborigin တွေအပေါ်မှာ
ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ လူမျိုးသုဉ်းသတ်ဖြတ်မှု၊
ခွဲခြားဆက်ဆံမှုတွေ အားလုံးကို အမှားတွေလို့ဝန်ခံပြီး
တိုးတက်ဖွံ့ဖြိုးချမ်းသာစေခဲ့တဲ့ ၂၁ ရာစုရဲ့ သြစတေးလျနိုင်ငံကို
တက်လှမ်းနိုင်ခဲ့ကြပါပြီ။ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် တက်လာခဲ့တဲ့
မဲအနိုင်ရပါတီ၊ ၀န်ကြီးချုပ်ရဲ့မူဝါဒ တွေဟာ အပြောင်းအလဲရှိခဲ့တာပါ။
ယခင်ဝန်ကြီးချုပ် ကေဗင်ရုဒ်နဲ့ ယခုလက်ရှိ ၀န်ကြီးချုပ် တိုနီအက်ဘော့ဂ်
တို့ဟာ လူဝင်မှုထိန်းချုပ်ရေးမှာ တူညီတဲ့မူဝါဒတွေ ရှိမှာမဟုတ်ပါဘူး။
ဒါပေမယ့် လူပေါင်းစုံ ဓလေ့ပေါင်းစုံရှိရာ Multi Culturalism
သြစတေးလျရဲ့ပုံရိပ်ကိုတော့ ထိန်းသိမ်းထားရာမှာ တူညီပါတယ်။ သြဇီမှာ
ကြည့်လိုက်ရင် တရုတ်၊ အိန္ဒိယတွေကို အများကြီးတွေ့နေရပေမယ့်၊ သူတို့ရဲ့
ထုံးတမ်းစဉ်လာပွဲလမ်းသဘင်တွေကို ဆင်ယင်ကျင်းပနေကြပေမယ့် ဘယ်သြဇီတစ်ယောက်မှ
ငါတို့ တိုင်းပြည်ကို တရုတ်တွေ၊ အိန္ဒိယတွေ ကြီးစိုးသွားပြီလို့ မယူဆကြဘဲ
သူတို့ရဲ့ သြဇီတိုင်းပြည်အပေါ်မှာ တန်ဖိုးရှိတဲ့
နိုင်ငံခြားသားတို့ရဲ့လုပ်အား၊ လူသားဖြစ်တဲ့ ဒုက္ခသည်တွေအတွက် ခိုလှုံစရာ
ရှိသင့်တယ်ဆိုတဲ့၊ လူသားဆန်တဲ့ မြင့်မြတ်စိတ်ထားတွေကို တွေ့ရပါလိမ့်မယ်။
ခင်ဗျားတို့ သေချာစွာလေ့လာသင့်ပါတယ်။
နောက်ထပ်ရေးတာက အစ္စရေးရဲ့စိတ်ဓာတ်မျိုးတဲ့။ ကျုပ် ၁၀ တန်းကျောင်းသားဘ၀က
အစ္စရေး နိုင်ငံက ဂျူးအမျိုးသမီးစာရေးဆရာမ ကရင်ဗန်းအိခ်ျ Karin Vaneash နဲ့
တစ်ပတ်လောက် သူ့ရဲ့စကားပြန် အဖြစ် အတူတူနေဖူးခဲ့တယ်။ ဟိုတုန်းက Visa ရက်က
သိပ်မရတော့ အချိန်တိုအတွင်းမှာပဲ နေရာအနှံ့ ရောက်တယ်။ တန်ခိုးကြီးဘုရားတွေ၊
ခရစ်ယာန်ဝတ်ပြုကျောင်းတွေ၊ ဗလီတွေအပါအ၀င် နေရာအနှံ့ လျှောက်သွားကြတယ်။
အနားယူတဲ့အချိန်တိုင်း အာရပ် အစ္စရေးကိစ္စကို ပြောဖြစ်တယ်။
အစ္စရေးလူမျိုးတွေဟာ ခင်ဗျားတို့ထင်သလို၊ ကျုပ်တို့ထဲကလူတစ်ချို့ထင်သလို
ပြင်းထန်တဲ့ စိတ်ဓာတ်မျိုးတွေသာ ရှိနေတာ မဟုတ်ပါ။ သူတို့ဟာ ဂျာမနီတွေရဲ့
ရက်စက်မှုကိုခံခဲ့ရလို့ အတိတ်ရဲ့ဖြစ်ရပ်တွေ တစ်ပတ်လည်လာမှာကို
အလွန်စိုးရိမ်တတ်တဲ့လူမျိုးတွေပါ။ ယခုလို အာရပ်တွေရဲ့ နေရာဒေသတွေ
သိမ်းပိုက်နေခြင်းကို ပြည်သူအများစုကြီးက မလိုလားကြပါဘူး။ အထူးသဖြင့်
လေဘာတီ ပါတီကဆိုရင် လုံးဝ ကန့်ကွက်နေပါတယ်။ သူများပိုင်အိမ်တွေကို
ဖြိုဖျက်ချပြီး ကျူးကျော်အိမ်ရာ ဆောက်လုပ်နေတာဟာ မှန်ကန်တဲ့
အစ္စရေးမူဝါဒမဟုတ်ပါဘူးလို့ ငြင်းဆိုခဲ့ပါတယ်။ ငြိမ်းချမ်းစွာ
အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့ လမ်းစဉ်ကိုသာ တစိုက်မတ်မတ် လက်ခံထားကြတဲ့
ဂျူးလူမျိုးတွေ ကမ္ဘာပေါ်မှာ မြောက်များစွာရှိနေပါတယ်။ ဒါကြောင့်
ကိုယ်ကြိုက်တဲ့အချက်ကျရင် သြစတေးလျလိုမျိုး၊ အစ္စရေးလိုမျိုး ပြောပြီး
မကြိုက်တာကျတော့ အမေရိကန်လိုမဟုတ်ဘူးလို့ပြောတဲ့ ကလေးအတွေးနဲ့
အရေးအသားမျိုးတွေကို ဆင်ခြင်သင့်ပါတယ်။ လိုရာဆွဲတွေးရေးသားတဲ့ အကွက်တွေဟာ
Facebook ပေါ်မှာသာ အလုပ်ဖြစ်နိုင်ပါတယ်။
အနာဟောင်းကို တူးဆွခြင်း
စစ်သူရဲဗလမင်းထင်ရဲ့ မျက်နှာဖုံးဆောင်းပါးမှာပါတဲ့ ပုံကိုကြည့်ပြီး
ကြက်သီးထမိပါတယ်။ အေဒီ ၆ ရာစုက ဘာမီယန်ရုပ်ပွားတော်များကို တာလီဘန်တွေ
ဖျက်ဆီးနေတဲ့ပုံတွေပါ။ ၂၀၀၁ ခုနှစ်က အဖြစ်အပျက်ပါ။ ဒီကိစ္စကိုအကြောင်းခံပြီး
မြန်မာပြည်ရဲ့ဗလီကျောင်းတွေ မြောက်များစွာဖျက်ဆီးခံခဲ့ရတာတွေကို
ကျွန်တော်တို့ မှတ်တမ်းတင်ထားတာလေးတွေ ရှိပါတယ်။ မြန်မာနိုင်ငံမှ
အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး ၅ ဖွဲ့နဲ့အတူ နိုင်ငံသားအစ္စလာမ်တွေအားလုံးက
ဒီကိစ္စကို ဆန့်ကျင်ခဲ့ပါတယ်။ အစ္စလာမ်ရဲ့ဥပဒေအရ ‘‘
ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များ၊ ဘာသာရေး အဆောက်အဦများကို ဖျက်ဆီးခြင်း ”
မပြုရပါ။ ဒီလိုတစ်ဖက်စွန်းရောက်သူတစ်စုရဲ့ လုပ်ဆောင်ချက်ကို
တုန့်ပြန်တဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ဗလီဝတ်ပြုကျောင်းတွေကို
အကြမ်းဖက်ခံခဲ့ရတာဟာ အလွန်မှားယွင်းတဲ့ တုန့်ပြန်မှုတစ်ရပ်ပါ။ ယခုအခါ
သူရိယနေ၀န်းဂျာနယ်က ထပ်မံ မျက်နှာဖုံး တင်ပြီး
အသုံးချလာပြန်တော့ နောက်ထပ်အကြမ်းဖက်လုပ်ရပ်တွေ ပေါ်ပေါက်လာဖို့
လှုံ့ဆော်နှိုးဆော်သလို မလုပ်သင့်ပါလို့တော့ မေတ္တာရပ်ခံချင်ပါတယ်။
တလောတုန်းကပဲ အင်ဒိုနီးရှားနိုင်ငံမှာ
မီးတောင်ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး အမှိုက်၊ အညစ်အကြေးတွေ ဖုံးလွှမ်းနေတဲ့
ဗုဒ္ဓသာသနိကအဆောက်အဦတွေကို အစ္စလာမ်ဘာသာဝင်တွေက ၀ိုင်းဝန်းပြီး
သန့်ရှင်းရေးလုပ်၊ ပြုပြင်ထိန်းသိမ်းကြတယ်ဆိုတဲ့ သတင်းမျိုးဟာ မင်္ဂလာယူစရာ၊
ကုသိုလ်ယူစရာ သတင်းမျိုးပါ။ ဒီလိုအကြောင်းအရာတွေကိုလည်း
ရေးသားဖော်ပြသင့်ပါတယ်။ အင်ဒိုနီးရှား နိုင်ငံမှာရှိတဲ့ ကမ္ဘာ့သမိုင်းဝင်
ဗောဓောဗုဒ္ဓေါစေတီတွေ၊ ပါကစ္စတန်နိုင်ငံ တက္ကသီလာရှိ ကမ္ဘာ့ဗုဒ္ဓအမွေအနှစ်
အဆောက်အဦတွေကို စနစ်တကျပြုပြင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားခြင်း
ကဲ့သို့ အစ္စလာမ်နိုင်ငံတွေရဲ့ ဗုဒ္ဓဘာသာအပေါ် အကောင်းမြင်စိတ်ဓာတ်ကိုလည်း
ဖော်ပြသင့်ပါတယ်။ ဒါမှသာလျှင် ဘာသာပေါင်းစုံချစ်ကြည်ရင်းနှီးပြီး
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို ဖော်ညွှန်းတဲ့ အကျိုးပြုစာနယ်ဇင်း တွေ ဖြစ်လာပါလိမ့်မယ်။
ဒါကြောင့် ကမ္ဘာ့စာနယ်ဇင်းကောင်စီ WJC က ဂျာနယ်များကိုလမ်းညွှန်တဲ့အခါ
အချက်တစ်ချက် အနေနဲ့ ‘‘ ပဋိပက္ခများနှင့်စပ်လျဉ်း၍ ရေးသားဖော်ပြရာတွင်
သတင်းအချက်အလက်များကို ခိုင်မာအောင် အတည်ပြုပြီးမှသာ ရေးသားကြရန်နှင့်
ရေးသားရာတွင်လည်း ငြိမ်းချမ်းရေးကိုရှေ့ရှုသော အသုံးအနှုန်းများဖြင့်သာ
သုံးစွဲရန်ဖြစ်ပြီး၊ ဖြစ်ပြီးနှင့်ဖြစ်ဆဲ ပဋိပက္ခများကို
ပိုမိုကျယ်ပြန့်လာစေရန် လှုံ့ဆော်သည့်သဘောမျိုး မဖြစ်စေရန်လိုအပ်သည် ” လို့
အတိအလင်း ဖော်ပြထားပါတယ်။ ကျေးဇူးပြု၍ အနာဟောင်းကို မတူးဆွပါနဲ့ခင်ဗျား။
ဒဏ်ရာတွေဟာ မကျက်သေးပါဘူး။
လာပြန်ပြီလား ၇၈၆
အများရေးနေတော့ ဆွမ်းကြီးဝိုင်းလောင်းတဲ့အနေနဲ့ ဆောင်းပါးရှင် ဖေသီဟ (ကသ
၄၃) ကလည်း ‘‘ ၇၈၆ ဆောက်လုပ်ရေးကုမ္ပဏီရဲ့ ဥက္ကဋ္ဌတစ်ဦး ” လို့
သုံးနှုန်းပြန်သေးတယ်။ အတွဲ ၁ အမှတ် ၁၅ မှာပါ။ အများယောင်လို့ …………. ဆိုသလို
ဖြစ်ပုံရပါတယ်။ ၇၈၆ က ဘာကို ကိုယ်စားပြုသလဲ၊ အစ္စလာမ်ဘာသာ ကိုလား၊
လုပ်ငန်းပိုင်ရှင်ရဲ့ ကုမ္ပဏီအမှတ်သညာလား၊ လူမျိုးခွဲခြားရေးရဲ့
အမှတ်တံဆိပ်လား၊ ခင်ဗျားသိတဲ့ အဖြေလေးပေးပါ။ တလွဲဖြစ်နေပါလိမ့်မယ်။
ရေးတာကိုက မှားယွင်းစွာရေးသားထားလေတော့ ဘယ်လိုမှ သဘောပေါက်နိုင်မှာ
မဟုတ်ပါ။ ဒါကြောင့် စာရေးဆရာဆိုတာ အများသူငါကို အသိပညာဖြန့်ဝေပေးနေ
သူတွေဆိုတော့ အရင်ဆုံး ကိုယ်သိအောင် ဖတ်ရမှတ်ရတာတွေ လုပ်ရတယ်ဗျ။
ကိုယ်တိုင်မသိဘဲ လျှောက်ရေးနေရင် မှားယွင်းတဲ့အသိပညာတွေ၊ Message
အမှားကြီးတွေ စာဖတ်တဲ့ ပြည်သူများ ရသွားရင် ရှက်စရာကြီးဗျို့။
ကိုမိုးဟိန်း ………. ရေ
နောက်မဟာအမှားကြီးကတော့ အိန္ဒိယနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုမှာ
ထွက်ပြေးလာကြတဲ့ သူတွေအကြောင်းရေးရင်းနဲ့ မြန်မာပြည်က ကွန်မြူနစ်ရဲ့
ပေါ်လစ်ဗျူရိုထဲက ရဲဘော်ဂိုရှယ်တို့ကို အိန္ဒိယ/ဘင်္ဂါလီတွေလို့ ရေးသားခြင်းပါ။
နောက်မှ ဟိန္ဒူဘာသာဝင်တွေလို့ ရေးတာ။ ဒါမမှားဘူးဆိုရင်လည်း M.A ရာရှစ်
လို့ခေါ်တဲ့ ကျောင်းသားခေါင်းဆောင် ဦးရာရှစ်ကို အိန္ဒိယ/ဘင်္ဂါလီ တဲ့ဗျာ။
ဒီအကြောင်းကတော့ ဘယ်သူရေးရေး ကျွန်တော်ကတော့ အစ်ကို့ကိုသာ ပြောချင်တာပါ။
အစ်ကိုက နှစ်ပေါင်းများစွာ အဆက်ပြတ်ပြီးမှပေါ်ပေါက်လာတဲ့ ကျောင်းသားသမဂ္ဂရဲ့
စည်းရုံးရေးမှူးတစ်ဦး၊ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်နေတော့ ‘‘
သခင်အောင်ဆန်း ” တို့နဲ့အတူ လက်တွဲပြီး လွတ်လပ်ရေးအတွက်ကြိုးပမ်းခဲ့တဲ့
ကျောင်းသားခေါင်းဆောင်တစ်ဦးကို စော်ကားခဲ့တာကိုတော့ အစ်ကိုကိုယ်တိုင်ပဲ
သတိပေးသင့်တာပါ။ ဦးရာရှစ် ဘယ်သူလဲဆိုတာ ကြည့်ရအောင်။
ဦးရာရှစ်ကို ၁၉၁၂ ခုနှစ် အိန္ဒိယမှာမွေးခဲ့ပေမယ့် ၃ နှစ်သား အရွယ်မှာ
မြန်မာပြည်ကိုရောက်ခဲ့ပါတယ်။ ရန်ကုန်မြို့ Randaria အထက်တန်းကျောင်းမှာ
ပညာသင်ကြားခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှာ ၀ိဇ္ဇာသိပ္ပံဘွဲ့နဲ့ ဥပဒေဘွဲ့များ
ရရှိခဲ့ပါတယ်။ ဗမာ့အမျိုးသားရေး လှုပ်ရှားမှု၊ ယခင်လှုပ်ရှားမှုတွေမှာ အစ
ကနဦးကတည်းက ပါဝင်ခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်ကျောင်းသား လှုပ်ရှားမှုမှာ
တက်ကြွစွာပါဝင်ခဲ့တယ်။ ၁၉၃၁ ခုနှစ် ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂရဲ့
အထွေထွေ အတွင်းရေးမှူးချုပ်၊ ၁၉၃၅-၃၆ မှာ ဒုတိယဥက္ကဌ၊ ၁၉၃၆-၃၇ မှာ
တကသရဲ့ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခံရတယ်။ ၁၉၃၆ ခုနှစ်မှာဖွဲ့စည်းခဲ့တဲ့
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂရဲ့ ပထမဦးဆုံးဥက္ကဌ ဖြစ်ခဲ့တယ်။
ပထမဆုံး တကသ ကိုယ်စားလှယ်ကောင်စီလူကြီးအဖြစ် တာဝန်ယူခဲ့တယ်။
ဗိုလ်အောင်ကျော် ကျဆုံးခဲ့တဲ့အမှုမှာလည်း ကျောင်းသားများဖက်က
ရှေ့နေလိုက်ခဲ့သူ ၀တ်လုံတော်ရ တစ်ဦးလည်းဖြစ်ခဲ့တယ်။
ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့ချိန် မိဘများနဲ့အတူ နိုင်ငံခြားမှာနေထိုင်ရာက
တိုင်းပြည်ထူထောင်ရေး အတွက် ဗိုလ်ချုပ်အောင်ဆန်းက ပြန်လာခဲ့ပါလို့ခေါ်လို့
သခင်အောင်ဆန်းနဲ့အတူ တိုင်းပြည်အရေး ကိစ္စတွေမှာ
တစိုက်မတ်မတ်ကြိုးပမ်းခဲ့ပြန်ပါတယ်။ ၀န်ကြီးချုပ်ဦးနုက ဦးရာရှစ်ကို
ကက်ဘိနက်မှာ ပါဝင်စေခဲ့ပြီး၊ ၁၉၅၄ မှာ သတ္ထုတွင်းဝန်ကြီး၊ ၁၉၆၀ ပြည့်နှစ်မှာ
စီးပွားရေးနဲ့စက်မှုဝန်ကြီးအဖြစ် တာဝန်ယူစေခဲ့တယ်။ ၁၉၆၂ ဦးနေ၀င်း
အာဏာသိမ်းအပြီး ထိန်းသိမ်းခံခဲ့ရတယ်။ အကြိမ်ကြိမ် အဖမ်းခံခဲ့ရပြီး
ဦးနေ၀င်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြီးနဲ့ သဘောထားမတိုက်ဆိုင်လို့ ၁၉၇၄
ဒီဇင်ဘာလမှာ ပါကစ္စတန်ကို အပြီးထွက်ခွာသွားခဲ့ပါတယ်။
ကိုမိုးဟိန်း …… ရေ
ဒီလိုတိုင်းပြည်အတွက် ပေးဆပ်ပေးအပ်သူကို တပ်ထွက်ဝန်ကြီးမင်းတစ်ပါးက ‘‘
လိုအပ်ရင် လူမျိုးခြားတွေကို အသုံးပြုရတယ် ” ဆိုသတဲ့။ သူပြောတာကိုတော့
စိတ်မနာပါဘူးဗျာ။ သူတို့က မလိုအပ်ဘူးဆိုရင် ‘‘ သံဃာတော် ” တွေကိုတောင်
ချနင်းခဲ့တာပါ။ ဒါပေမယ့် ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့
ညီအစ်ကိုကျောင်းတော်သား ဆောင်းပါးရှင်တွေက ပြည်ပြေးတွေ၊ အိန္ဒိယ/ဘင်္ဂါလီတွေ
လို့ နှိမ့်ချပြီး စော်ကားတာကိုတော့ ရင်နာစရာပါ။
ဇာတ်တူသားစားတဲ့သူတွေတိုင်း ဇာတ်သိမ်းမကောင်းကြဘူး ဆိုတာ
အတိတ်ရာဇ၀င်သမိုင်းမှာ ရှိခဲ့တယ်နော်။ အစ်ကိုကိုယ်တိုင်ပဲ
သူတို့ကိုပြောပြစေချင်တာပါ။ အကယ်၍များ M.A ရာရှစ်က
အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်လို့ ဒီလိုခေါ်ဝေါ်သမုတ်တယ်ဆိုရင် ဒီလိုလူတွေမှာ
အစ္စလာမ်အကြောက်အမုန်းရောဂါ Islamophobia စွဲကပ်နေပြီဗျို့။
သူရိယနေ၀န်းရဲ့ CEO (အမှုဆောင်အရာရှိချုပ်) တစ်ဦးထံကို မေတ္တာရပ်ခံလိုတာက ….
- ခရိုနီတွေကို အမြစ်ဖြုတ်ချင်တယ်ဆိုရင် ရွေးတွယ်နေလို့ကတော့
မဖြစ်နိုင်သေးပါဘူး။ – အိမ်နီးချင်းနိုင်ငံတွေကိုလည်း အကောင်းမြင်ဝါဒလေးနဲ့
ကြည့်ပေးပါ။ – တရုတ်၊ ဘင်္ဂါလီ လူမျိုးရေး မုန်းတီးမှုဝါဒကြီးကို
အသက်မသွင်းပါနဲ့။ – ပြီးခဲ့တဲ့ အနာဟောင်းတွေကို မတူးဆွပါနဲ့၊ ပဋိပက္ခတွေ
ထပ်မံ မဖြစ်ပွားစေပါနဲ့။ – တိုင်းပြည်အတွက် သစ္စာရှိခဲ့တဲ့
ကျောင်းသားခေါင်းဆောင်တွေကို ဂုဏ်မပေးချင်နေပါ၊ မစော်ကားပါနဲ့။ -
အများသည်းခြေကြိုက်ရေးနိုင်တဲ့၊ ဈေးကွက်အလိုက် နေ့တွက်ကိုက်မယ့်
အရေးအသားမျိုးနဲ့ ဆောင်းပါးတွေကို အသုံးမပြုသင့်ပါ။ စာဖတ်အားကောင်းပြီး
သမိုင်းအမှန်သိသူ ဆောင်းပါးရှင်တွေကိုသာ အသုံးပြုသင့်ပါတယ်။
မီဒီယာသမားတွေဟာ စစ်မေးခြင်းဆိုင်ရာ အနုပညာနဲ့
တင်ပြခြင်းဆိုင်ရာအနုပညာတွေကို နားလည်ဖို့ ဥပဒေတွေကို လေ့လာရပါတယ်။
ဒီအချက်တွေကို အကြံပြုရင်းနဲ့ ..
ခိုင်မာသောရပ်တည်ချက်ဖြင့် သတင်းပညာတို့ကို တင်ဆက်ရင်း
နှစ်ဆယ့်တစ်ရာစုရဲ့ ‘‘ ဒီမိုကရေစီ လူမှုဘ၀သစ် ” ကြီးကို
တည်ဆောက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။
ဒီလိုမှ မဟုတ်ရင်တော့
ကိုယ်ရွာချလိုက်တဲ့ ‘‘ ပေါက္ခရ၀သ မိုးရေတွေထဲမှာ ” ကိုယ်တိုင် နစ်မြုပ်ပျောက်ကွယ်သွားမယ့် အဖြစ်မျိုး မကြုံစေချင်လို့ပါ။
‘‘ သူရိယနေ၀န်း ” ထာဝစဉ် တောက်ပထွန်းလင်းပါစေ။
ကျော်နေမင်း (မြို့ပြ)
မြူနှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar