သုတ
စစ်ကိုင်းမြို့ရှိ ဗလီများအား မနေ့က မနက်ပိုင်းက ရဲများက ၀င်ရောက်ကြည့်ရှုစစ်ဆေးကာ မှတ်တမ်း ဓါတ်ပုံများ ရိုက်ယူခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် M-Media မှ စစ်ကိုင်းမြို့ခံများထံ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
စစ်ကိုင်းမြို့ရှိ ဗလီများအား မနေ့က မနက်ပိုင်းက ရဲများက ၀င်ရောက်ကြည့်ရှုစစ်ဆေးကာ မှတ်တမ်း ဓါတ်ပုံများ ရိုက်ယူခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် M-Media မှ စစ်ကိုင်းမြို့ခံများထံ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
စစ်ကိုင်းမြို့ရှိ ဗလီ ၅-လုံးအား မုံရွာအခြေစိုက်
နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဗိုလ်မှူးကြီးကြည်နိုင် အပါအ၀င် စစ်ကိုင်းတိုင်း၊
စစ်ကိုင်းမြို့မှ ရဲမှူးနှင့် ရဲတပ်များက လာရောက်ကြည့်ရှုသွားခဲ့ပြီး
သိလိုသည်များကို ဗလီတာဝန်ရှိသူများအား တွေ့ဆုံမေးမြန်းခဲ့တယ်လို့ သိရပါတယ်။
“မနေ့က မနက် ၁၀-နာရီခွဲလောက်ကလာတယ်။ တစ်ယောက်ကတော့ လုံခြုံရေးနှင့်
နယ်စပ်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဗိုလ်မှူးကြီး ကြည်နိုင်လို့
သူ့ကိုယ့်သူမိတ်ဆက်တယ်။ မုံရွာမှာ ရုံးထိုင်တယ်လို့ပြောတယ်။
နောက်တခြားကတော့ ရဲမှူးတွေ၊ တပ်သားတွေလည်းပါတယ်။ လုံခြုံရေးအရ လာပြီး
စစ်ဆေးကြည့်ရှုတာပါလို့ပြောတယ်။ ပထမပိုင်းကတော့ ဗလီတာဝန်ရှိသူတွေ မပါဘူး။
ဓါတ်ပုံလာရိုက်နေတာကိုမြင်တော့ ဗလီအနီးနေသူတွေ ၀ိုင်းသွားမှ အစိုးရပိုင်းက
လာပြီး ဓါတ်ပုံရိုက်တာသိရတယ်။ ဗလီဝန်းကျင် လမ်းတွေကို ဓါတ်ပုံရိုက်တယ်။
ခဏနေ ဗလီဂေါပကရောက်လာတယ်။ နောက်တော့ ဗလီပေါ်တက်တယ်။ ဗလီပေါ်တက်တော့
တခြားသူတွေက ဖိနပ်ချွတ်တယ်။ ဗိုလ်မှူးကြီးကြည်နိုင် ဆိုသူက မချွတ်ဘူး။
ဗလီရင်ပြင်ထိ ဖိနပ်စီးတယ်။ နောက်ဗလီထဲ ၀င်ခါနီး တစ်ယောက်က လှမ်းပြောတော့မှ
ကျွန်တော် သတိမထားလိုက် မိလို့ပါဆိုပြီး ဖိနပ်ချွတ်တယ်”လို့
စစ်ကိုင်းမြို့ခံတစ်ဦးက ဆိုပါတယ်။
၎င်းနောက် ဗလီအား ဓါတ်ပုံရိုက်သူများက ဓါတ်ပုံရိုက်ကြပြီး
ဗိုလ်မှူးကြီးကြည်နိုင်က ဗလီဂေါပကအား ဗလီရှေ့ဆောင် ဆရာ၏အမည်၊
ဆွေမျိုးစဉ်ဆက်၊ ဇာတိနှင့် မည်သည့်လူမျိုးနှင့် ကပြားဖြစ်ကြောင်းကို
မေးမြန်းခဲ့သည့် အတွက် ရှေ့ဆောင်ဗလီ ဆရာမှာ
မြန်မာမွတ်စလင်တစ်ဦးဖြစ်ကြောင်း၊ ဘိုးဘေးစဉ်ဆက် မြန်မာမွတ်စလင်ဖြစ်သည်
ဟုဖြေဆို၍ မြန်မာမွတ်စလင် သမိုင်းကြောင်းအား အနည်းငယ်
ရှင်းပြခဲ့ကြောင်းသိရသည်။
“အခုလို လာတာ ဗလီအခြေအနေကို လာကြည့်တယ်လို့ပြောတယ်။ ပဋိပက္ခတွေနဲ့
ပတ်သက်ပြီး ဗလီမှာ ဘာရာဇ၀တ်မှုရှိခဲ့လဲဆိုတာမေးတယ်။ ကျွန်တော်တို့ ဗလီမှာ
အရင်ကတည်းကလည်း ဘာမှ ပြဿနာမရှိခဲ့ဖူးဘူးလေ။ ပြီးတော့ ရပ်ကွက်က
ဘာသာခြားတွေနဲ့ ဆက်ဆံရေးအခြေအနေကို မေးတယ်။ ကျွန်တော်တို့ရပ်ကွက်က
ဘာသာလူမျိုးမခွဲပဲ အရင်ကတည်းက အတူတူနေခဲ့ကြတာ။ ဘုန်းကြီးကျောင်းဝင်းနဲ့
ဗလီဆိုတာကလည်း လမ်းပဲ ခြားတယ်။ ဟိုးအရင်ကတည်းက သင့်မြတ်စွာ နေလာခဲ့ကြတာ
ဆိုတာကိုလည်း ကျွန်တော်တို့ ရှင်းပြလိုက်ပါတယ်။ သူတို့ကလည်း ပြန်ပြောပါတယ်။
သူတို့ စိတ်ပူလို့ လာကြည့်တာပါ။ ဒီလို တည်ငြိမ်အေးချမ်းတဲ့
မြို့တစ်ခုဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဘာသာမတူတွေအချင်းချင်း လက်တွဲပြီး
အခုလို ငြိမ်းချမ်းအောင် တည်ထောင်ထားတဲ့မြို့ကို
အပျက်စီးမခံနိုင်ပါဘူးဆိုပြီး ပြောတယ်”လို့ စစ်ကိုင်းမြို့ခံက ပြောပါတယ်။
ဗိုလ်မှူးကြီး ကြည်နိုင်နဲ့ အဖွဲ့ဟာ မွတ်စလင်ထုအနေနဲ့
စိုးရိမ်စိတ်မကြီးကြရန်နှင့် သံသယစိတ်များမထားကြရန် ပြောဆိုခဲ့ပြီးနောက်
ပြန်သွားခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကိုင်းမြို့ခံများအနေနှင့် စိုးရိမ်စိတ်မကြီးဖို့ပြောပေမယ့်
စိုးရိမ်စိတ်များရှိနေကြောင်း၊ သံသယစိတ်မထားပဲ နေသော်လည်း
အကြမ်းဖက်မှုဖြစ်အောင် ဘယ်အချိန်ဖန်တီးလှုံ့ဆော်လာမလဲဟု
သံသယဖြစ်နေတဲ့စိတ်များ ဖျောက်ဖျက်ရန် ခက်ခဲနေကြောင်း ပြောပါတယ်။
မနေ့က ညနေပိုင်းမှာတော့ စစ်ကိုင်းမြို့ပေါ်မှ ဗလီသုံးလုံးအား ဖျက်ဆီးရန်
စစ်ကိုင်းမြို့ ပဒူရွာဘက်က လူအချို့အား ခေါ်ဆောင်သွားသည်ဟူသော
ကောလဟလသတင်းများ ကြားရပြီးနောက် စိုးရိမ်စိတ်များ ပိုမိုရှိနေကြကြောင်း၊
အကြမ်းဖက်မည့်သတင်းများ ကြားရပါက အစိုးရတာဝန်ရှိသူများနှင့်
အရပ်ဘက်အဖွဲ့အစည်းများ၊ ဘာသာပေါင်းစုံအဖွဲ့များ ပူးပေါင်း၍
မြို့ရွာအေးချမ်းတည်ငြိမ်ရေးကို ဆောင်ရွက်ပေးစေလိုကြောင်းများကို
စစ်ကိုင်းမြို့ခံများက M-Media ကို ဆက်သွယ်ပြောဆိုလာပါတယ်။
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar