နာကျင်နေသော မန္တလေး
၂၀၁၃ခုနှစ်ဝန်းကျင်က ကမ္ဘာသိ ခရီးသွားလာရေး မဂ္ဂဇင်းတစ်ခုတွင် မန္တလေးမြို့သည် ကမ္ဘာပေါ် ရှိ အခြားမြို့ကြီး ၂၀ ကျော်နှင့်အတူ aကာင်းသတင်း ကျော်စောခဲ့ကြောင်း ဖတ်လိုက်ရသည်။ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ၏ အသိအမှတ်ပြုချက်အရ အဖော်ရွေဆုံးမြို့ ၂၀ တွင် မန္တလေးက နံပါတ်ရှစ်နေရာကို ချိတ်နိုင်ခဲ့သည်။ အခြားကမ္ဘာ့မြို့ကြီးများလို မန္တလေးမြို့သည် ထိပ်တန်းမြို့ကြီးမဟုတ်။မိုးမျှော်ကားလမ်းများ မရှိ။ ဇိမ်ခံအပန်းဖြေစခန်းများ မရှိ။ ဖုန်ထူသည်။ ပူအိုက်သည်။ ခြင် ကိုက်သည်။ သို့သော် မြို့ခံတို့၏ ယဉ်ကျေးမှုနှင့် ဖော်ရွေမှုတွင် ကမ္ဘာ့မြို့ကြီးများနှင့် မလျော့ တမ်းယှဉ်နိုင်သော မန္တလေးမြို့ဖြစ်ကြောင်း ပြသခဲ့သည်။
ယခုရက်ပိုင်းများတွင် ကမ္ဘာ့ သတင်းစာမျက်နှာများ၌ မန္တလေးမြို့အကြောင်းက ဟိုးဟိုးကျော်ပါ လာပြန်ပြီ။ သည်တစ်ခါတော့ ကောင်းသတင်း မဟုတ်ပါ။ သွေးကွက်များ စွန်းပေသော၊ ဆူပူလုယက်မှုများနှင့် ပုဒ်မ ၁၄၄ ပင် ထုတ်ထားရသော မန္တလေးဖြစ်လာခဲ့ပါသည်။ ယခုတစ်ပတ်အတွင်း အုံနွေးနွေးဖြစ်ခဲ့သော ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များကြား အကြမ်းဖက်မှုများက မြန်မာ့ယဉ်ကျေးမှု၏ အချက်အချာ ရှေး မြို့တော်ဟောင်း၏ သမိုင်းကိုနေ့ချင်း၊ ညချင်း ရုပ်ဆိုးအကျည်းတန်သွားသည်။ မြို့ခံလူ အများစု၏ ကိုးကွယ်ရာဘာသာ ဖြစ်သော ဗုဒ္ဓဘာသာ ကိုလည်း အကြမ်းဖက်ဆိုသော စကားလုံး နှင့် ယှဉ်တွဲပြီး ကမ္ဘာ့မီဒီယာများ မှာ ပါဝင်လာ၏။
နောက်ဆုံးသတင်းများအရ မန္တလေးမြို့၌ ဇူလိုင် ၂ ရက်ကစ ခဲ့သော ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်များ၏ ဆူပူအကြမ်းဖက်မှုများကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရခဲ့သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။ သေဆုံးသူနှစ်ဦးအနက် တစ်ဦးမှာ မြန်မာညွန့် စက်ဘီးဆိုင် ပိုင်ရှင် ကိုစိုးမင်းဆိုသူဖြစ်သည်။ ၎င်းသည် မြန်မာမွတ်စလင်တစ်ဦးဆိုသော်လည်း မန္တလေးမြို့၏ သာရေးနာရေးများမှာ ဘာသာမခွဲဘဲ တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်သဖြင့် ဗုဒ္ဓဘာသာမိတ်ဆွေများလည်း ကြေကွဲဝမ်းနည်းကြရပါသည်။ သေဆုံးသူကိုစိုးမင်းမှာ အသက် (၅၁) နှစ် အရွယ် ဖြစ်ပြီး သမီးကလေးနှစ်ဦး၏ ဖခင်လည်းဖြစ်ပါသည်။ ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် မိတ်ဆွေများ၏ ၀မ်းနည်း ကြေကွဲမှု စာသား တွေဖြင့် ပြည့်နှက်နေ၏။
‘‘နံနက်လင်းအားကြီးက ဗလီကိုဝတ်ပြုဖို့အသွားအကြမ်း ဖက် လူတစ်စုကြောင့် ဆုံးပါးခဲ့ရတဲ့ ကိုစိုး(မြန်မာညွန့်)က မန္တလေးသားစစ်စစ် မန္တလေး ချစ်သူတစ်ဦး ပါ။ သူ့ဘိုးဘွားတွေကလည်း မြန်မာဘုရင်တွေ လက်ထက်ကတည်းက ထီးနန်းစိုက်ခဲ့တဲ့ အင်းဝ၊ အမရပူရကနေ ရတနာပုံ မန္တလေးအထိ လိုက်ပါနေထိုင်ခဲ့ကြတဲ့ ပီဘိမြန်မာစစ်စစ်တွေပါ’’ ဟု မန္တလေးဒေသခံစာရေးဆရာ ဆူးငှက်က ရှင်းပြခဲ့သည်။
နောက်ထပ်သေဆုံးသူတစ်ဦးမှာ အသက် (၃၆) နှစ်အရွယ် ကိုထွန်းထွန်းဖြစ်ပြီး သူက ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည်။ ကိုထွန်းထွန်းနှင့် အခြား အမျိုးသားတစ်ဦး ဆိုင်ကယ်စီးလာစဉ် ချမ်းအေးသာစံမြို့နယ် ၈၃ လမ်းနှင့် ၃၄ လမ်းအရောက်တွင် လူတစ်စုက ၀ိုင်းဝန်းရန်ပြု၍ ကိုထွန်းထွန်းမှာ ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်။
မန္တလေးမြို့သည် မြန်မာ ဆန်သော်လည်း လူ့ယဉ်ကျေးမှု တွင် ကမ္ဘာကြီးနှင့် မျက်ခြည်ပြတ် နေသူ မဟုတ်ပေ။ ယဉ်ကျေးမှုချင်းနှိုင်းယှဉ်ပါက မန္တလေးသည် အဆင့်မြင့်ခဲ့သည်မှာ ဟိုးယခင် ကတည်းက ဖြစ်သည်။ မန္တလေး မြို့ကို စတင်တည်ထောင်သည့် မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ် တွင် မင်းတုန်းမင်းကြီးက မြို့ ကွက်ကို ဘုန်းကြီးကျောင်းများဖြင့် ၀န်းရံနေရာချခဲ့သည်။ ထို့အတူ ဒေါက်တာမတ်ကဲ့သို့ ခရစ်ယာန် သာသနာပြု ကျောင်းများနှင့် အစ္စလာမ်ဘာသာဝင်များအတွက် ဗလီများကို ဆောက်လုပ်နေရာချ ပေးခဲ့သည်။ သားတော်များကိုလည်း ခရစ်ယာန် ဒေါက်တာမတ် ကျောင်းသို့ စေလွှတ်၍ ပညာသင် စေခဲ့သည်။ ၈၃ လမ်းနှင့် ၈၄ လမ်းကြားရှိ တောင်ဆင်ကျုံးဝင်း တွင်ရှိသော ဗလီကြီးမှာ မင်းတုန်းမင်းကိုယ်တိုင် လှူဒါန်းခဲ့သော ဗလီဝတ်ကျောင်းတော်ကြီး ဖြစ် သည်။
‘‘မန္တလေး နေပြည်တော် တည်ထောင်တော့ အတန်းတွေ၊အစုတွေဖွဲ့ပြီး ရပ်ကွက်တွေ ဖွဲ့ စည်းတဲ့အခါ ကုလားစု၊ ကသည်းစု၊ ရှမ်းစု၊ မွန်စု၊ ယိုးဒယားစု၊ လင်းဇင်းစု စသဖြင့် နေရာချထားပေးခဲ့တယ်။ ဘုရင့်အာဏာစက်တော်အောက် ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခဲ့တဲ့ သင်္ကေတပါ’’ ဟု စာရေးဆရာဆူးငှက်က မန္တလေးမြို့ကွက်ချပုံကို သူ့ဆောင်းပါးတစ်ပုဒ်တွင် ရှင်းပြထားသည်။
မန္တလေးမြို့လူထုမှာ ရှေး ယခင်ကတည်းက ဘာသာရေး မခွဲခြားဘဲ စည်းလုံးညီညွတ်စွာ ဖြင့် သမိုင်းရာဇ၀င်မျိုးစုံကိုအတူ ဖြတ်သန်း ခဲ့ကြသူများ ဖြစ်သည်။ အမေရိကန်နှင့် အနောက်နိုင်ငံ များတွင် ဘာသာရေး၊ လူအခွင့် အရေးများ အပြည့်အ၀ မရရှိခင် ကတည်းကပင် မန္တလေးမြို့သည် ဘာသာရေးလွတ်လပ်ခွင့် အပြည့် အ၀ရှိခဲ့သောနေရာ ဖြစ်သည်။ အမေရိကန်နိုင်ငံ၌ လူဖြူလူမည်း ခွဲခြားမှုများရှိသည့်အချိန်တွင် မန္တလေး၌ ဗုဒ္ဓဘာသာ နှင့် အစ္စလာမ်ဘာသာဝင်များသည် လက်ရည်တစ်ပြင်တည်း မြို့အရေး၊ ရွာအရေး အတူလက်တွဲဆောင် ရွက်ခဲ့ကြ၏။
ယခုတော့ ထိုကဲ့သို့သော အစဉ်အလာကို ဖြတ်သန်းခဲ့သူ မန္တလေးမြို့သူ မြို့သားများမှာ ညအချိန်ဆိုလျှင် အိပ်ကောင်းခြင်း မအိပ်ရ။ စားကောင်းခြင်း မစားရ။ မွတ်စလင်ရော မြန်မာ များပါ အထိတ်ထိတ်အလန့်လန့် ဖြစ်ကုန်ကြရပြီ။
‘‘တစ်ပတ်လောက်ရှိပြီ ကောင်းကောင်း မအိပ်ရတာ။ ဟို နားမီးရှို့မယ်၊ ဒီနားမီးရှို့မယ်ဆို တော့ အသံကြားရာ လိုက်ပူနေရတာ။ မီးလောင်ရင် မွတ်စလင် အိမ်ပဲလောင်မှာမဟုတ်ဘူးလေ။ အကုန်ပါမှာ’’ ဟု မန္တလေးမြို့သူ မတင်တင်စိုးက ပြောပါသည်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်က ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မှုများနှင့်ပတ်သက် ၍ လူလေးဦးကို ဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူ သွားမည်ဟု ပြောကြားထားသည်။ အစ္စလာမ်ဘာသာနှင့် ဗုဒ္ဓဘာသာအမြဲညီညွတ်စွာ နေထိုင်လာခဲ့ကြသော မန္တလေးမြို့ လူထုမှာ ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး ထိတ်လန့်တုန်လှုပ်နေကြသည်။ ဗုဒ္ဓဘာသာဝင်များကလည်း မိတ်ဆွေအစ္စလာမ်ဘာသာဝင်များအတွက် စိုးရိမ်ပူပန်နေကြသည်။ ထို့အပြင် သွေး ထွက်သံယို လူ့အသက်သေဆုံးရ သည်အထိ ရဲတပ်ဖွဲ့နှင့် အာဏာပိုင်များ ထိထိရောက်ရောက် မဆောင်ရွက်သည်ကိုလည်း နား
မလည်နိုင်ကြပေ။ မြို့လယ်ကောင် တွင် တုတ်တပြက်၊ ဓားတပြက် ဖြစ်နေသည်ကို တားဆီးပေးမည့် သူမရှိသဖြင့် တရားဥပဒေစိုးမိုးရေး ကိုလည်း သံသယရှိလာကြ သည်။ အခြေအနေကို အစစအ ရာရာ သတိထားရန် အချင်းချင်း သတိပေးလှုံဆော်နေကြသည်။
‘‘ပယောဂတွေပါတဲ့ အ ကြမ်းဖက်လူတစ်စုကြောင့် နှစ် ၁၅၀ ကျော် ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခဲ့ကြတဲ့ မန္တလေးသူ၊ မန္တလေး သားတွေ ဘယ်တော့မှ အသက်ဆုံး၊ စိတ် ၀မ်းကွဲ၊ ဘ၀ပျက်၊ စီးပွားပျက်မခံကြပါနဲ့’’ ဟု စာရေးဆရာဆူးငှက်က သတိပေးထားသည်။
ဇူလိုင် ၃ ရက်ကစပြီး ည ၉ နာရီမှ နံနက် ၅ နာရီအထိ သက် ဆိုင်ရာက ညမထွက်ရအမိန့်ထုတ် လိုက်သည့်အပြင် လူငါးဦးအထက်လည်း စုဝေးခွင့် မရှိသဖြင့် ဆူပူအကြမ်းဖက်မှုများ အတန်အသင့်ငြိမ်သွားမည်ဟု မြို့ခံများ က မျှော်လင့်ထားကြသည်။
ဆူပူမှုများတွင် ဓားစာခံဖြစ် ရသော ကွယ်လွန်သူကိုစိုးမင်း၏ ဈာပနကို ဇူလိုင် ၃ ရက် နေ့လယ်တွင် တောင်ဘလူဝတ်ကျောင်းတော်၌ ၀တ်ပြုပြီး အေးရိပ်ငြိမ်သုသာန်တွင် သင်္ဂြိုဟ်ခဲ့ပါသည်။ဗုဒ္ဓဘာသာရော အစ္စလာမ်ဘာသာနှစ်ဖက်မိတ်ဆွေများ ပူဆွေးကြေကွဲကြရသည်။ အစဉ်အလာကြီး သော မန္တလေးမြို့လည်း သွေးစက်၊ မျက်ရည်စက်တို့ဖြင့် နာကျင်ရလေပြီ။ လူဆိုးလူကောင်း ဆိုသည်ကို အပြုအမူအကျင့်ဖြင့် မဆုံးဖြတ်ဘဲ ဘာသာ၊ လူမျိုး၊ အသားအရောင်တို့ဖြင့် ခွဲခြားဆုံးဖြတ်သော နေရာတိုင်း ထိုနာကျင်မှုများက ရှိနေမည်ဖြစ်ပါသည်။ ၎င်းသေဆုံးသူ၏ မိတ်ဆွေတစ်ဦးက သွားလေသူကိုစိုးမင်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အောက်ပါအတိုင်း ရေးသားခဲ့သည်။
‘‘သွားနှင့်တော့ သူငယ်ချင်း မန္တလေးကို အလွန်ချစ်တာလေ။မန္တလေးသမိုင်းတွင်ရစ်အောင် နာမည်ချန်ခဲ့တာလား။ မာဂရက်နဲ့
သမီးလေးနှစ်ယောက်နဲ့ ထပ်တူ ထပ်မျှ ၀မ်းနည်းရပါတယ်’’
ထားထားမြင့်
မူရင်း – 7DAYS DAILY
မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:
Skicka en kommentar