လူကျွံဘော ဖမ်းတဲ့ပွဲ
မန္တလေးမှာ ၀ီရသူ၊ မဘသ၊ ၉၆၉ နဲ့ စစ်အုပ်စု လူကျွံဘော ကစားခံလိုက်ရတယ် ဆိုတာ သူတို့ကိုယ်သူတို့ မသိဘူး။ မန်းသူမန်းသား ဒီမိုကရေစီနဲ့ငြိမ်းချမ်းရေး လိုလားတဲ့ ပြည်သူတွေ (ဗုဒ္ဓဘာသာဝင်တွေကော၊ မွတ်စလင်တွေပါ) ဟာ ပါးပါးနပ်နပ်နဲ့ ဒီလုပ်ရပ်တွေဟာ စစ်အုပ်စုနဲ့ အစိုးရရဲ့ လုပ်ရပ်တွေဆိုတာ စောင့်ကြည့်နေတဲ့ သံတမန်နဲ့ နိုင်ငံတကာ မီဒီယာအသိုင်းအ၀ိုင်းကို ထင်ထင်ရှားရှား လူကျွံဘော ဖမ်းကစားပြလိုက်နိုင်တယ်။ ပွဲက မပြီးသေးဘူး။
စစ်အုပ်စုဟာ မန္တလေးကို စစ်အုပ်ချုပ်ရေး၊ ဒါမှမဟုတ် ၀န်ကြီးချုပ်ကို စစ်ဗိုလ်ချုပ်ခန့်တာမျိုး လုပ်တဲ့အထိ ကျွံလာရင်ပိုလှ သွားလိမ့်မယ်။
အထူးသဖြင့် အထိအခိုက်အဆုံးအရှုံးတွေကို ရင်ဆိုင်ရတဲ့ ကြားထဲက ထိန်းသိမ်းပြီး တုံ့ပြန်ရင်ဆိုင်နေတဲ့ မန်းမြို့သူမန်းမြို့သား မွတ်စလင်တွေရဲ့ စောင့်ထိန်းနိုင်မှုကို လေးစားချီးကျူးမိပါတယ်။
ခုလို ခင်ဗျားတို့ရဲ့ ဥပုသ်သီတင်းကာလကြီး သီလစမ်းတယ်လို့သာ အောင့်မေ့ပြီး၊ ရဲရင့်တဲ့ သူတော်ကောင်းနှလုံးသားတွေနဲ့ဆက်ပြီး ကြံ့ကြံ့ခံ အံတုကြပါ။ ခင်ဗျားတို့ကို ဘုရားသခင် ကောင်းချီးပေးပါစေ။ ကမ္ဘာက စောင့်ကြည့်နေပါတယ်။
ဘယ်သူတွေက သူယုတ်မာတွေ ဘယ်သူတွေက သူတော်ကောင်းတွေဆိုတာ ကမ္ဘာက စောင့်ကြည့်နေပါတယ်။
ဒီလိုပဲ မန်းမြို့သူမြို့သားအများစုဟာ မြန်မာပြည်သူပြည်သား အများစုဟာ ကမ္ဘာက အထင်လွဲခဲ့သလို အစွန်းရောက်ဗုဒ္ဓဘာသာတွေလို့ နာမည်တပ်ခံခဲ့ရသလိုမဟုတ်ဘူး။
လူတစု လူတစုကို အာဏာအတွက် သွေးရူးသွေးတန်း ဘာသာရေးတွေ၊ လူမျိုးရေးတွေကို ခုတုံးလုပ် ဖျက်လိုဖျက်ဆီးလုပ်နေတာ ဆိုတာ၊ အဲဒီလူတစုနဲ့ ဘုန်းကြီးတစုသာ တရားခံဆိုတာ ကမ္ဘာက သိမြင်သွားအောင် ဆက်ပြီး လူကျွံဘော ဖမ်းပေးကြစမ်းပါ။
မီဒီယာတွေကလဲ ၀ီရသူ တင်တဲ့ သတင်းကြောင့် မန်းမြို့မှာ ဆူပူမှု ဖြစ်ပွားတယ်လို့ အပေါ်ယံ တိမ်တိမ်ကလေးကို တင်မယ့်အစား၊ အတွင်းကျကျ သေချာသုံးသပ်ပြီး၊ အစိုးရနဲ့ စစ်တပ်တို့ လုပ်ကြံဖန်တီးနေတဲ့ အဓိကရုဏ်းဆိုတာကို ရအောင် ဖေါ်ထုတ်ရေးသားပြီး တာဝန်ကျေဖို့ လိုပါလိမ့်မယ်။
ချိုတူးဇော်
မြူ နှင်း(အေးရိပ်ငြိမ်)

Inga kommentarer:
Skicka en kommentar