ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် အာဏာပိုင်များငြင်းပယ်၍မရတော့
Wednesday, June 18, 2014
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တောင်းဆိုဆန္ဒပြသူများကို တွေ့ရစဉ် (ဓာတ်ပုံ- နစ်ကီ)

ရန်ကုန်- ငြိမ်းချမ်းစွာစုဝေးလှည့်လည်ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ ခွင့်ပြုချက်တောင်းခံပါက ငြင်းပယ်ပိတ်ပင်ခွင့်မရှိသော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ပြင်ဆင်ချက်အတိုင်း အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သဖြင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု သကဲ့သို့ဖြစ်ကြောင်း ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးမှဆုံးဖြတ်ခဲ့ပြီး ဥပဒေကြမ်းကို ဥပဒေအဖြစ်ထုတ်ပြန်နိုင်ရေးအတွက် နိုင်ငံတော် သမ္မတထံသို့ အမြန်ဆုံးပေးပို့သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ပြောသည်။
အတည်ပြုလိုက်သော ဥပဒေကြမ်းအရ ဆန္ဒထုတ်ဖော်လိုသူများသည် ဥပဒေပါခွင့်ပြုချက်တောင်းခံသည့် စည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများက ခွင့်ပြုချက်တောင်းခံမှုများကို ယခင်ကဲ့သို့ ငြင်းဆိုပိတ်ပင်ခြင်းများ လုံးဝပြုလုပ်နိုင်ခြင်းမရှိတော့ကြောင်း ပြင်ဆင်ထားသည့် ဥပဒေကြမ်းတွင် ဖော်ပြထားသည်။
ထို့အပြင် ပြင်ဆင်သည့် ဥပဒေကြမ်းအရ ထောင်ဒဏ်များကို မူလက အများဆုံးနှစ်နှစ်မှ အနည်းဆုံးခြောက်လအထိ သတ်မှတ်ထားရာ ယခု အများဆုံး တစ်နှစ်မှ အနည်းဆုံးတစ်လအထိ လျှော့ချပြဋ္ဌာန်းထားသည်။
7daydaily
Inga kommentarer:
Skicka en kommentar