သံတွဲမြို့နယ် အိုလမာ ဥက္ကဋ္ဌနှင့် သံတွဲမြို့ ဂျာမေ ဗလီကြီး၏ ဂေါပက ဥက္ကဋ္ဌတို့အား မတရား ထောင်ဒဏ်ချမှတ်
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က သံတွဲမြို့ ဂျာမေ ဗလီကြီးတွင် လက်နက်များ ရှာဖွေတွေ့ရှိသည်ဟု စွပ်စွဲကာ လက်နက် အက်ဥပဒေ ပုဒ်မ ၁၉(က) ဖြင့် သံတွဲမြို့တွင် တရားစွဲဆိုခြင်း ခံထားရသော သံတွဲမြို့နယ် အိုလမာအဖွဲ့ခွဲ ဥက္ကဋ္ဌ၊ သံတွဲမြို့ ဂျာမေဗလီကြီး၏ ရှေ့ဆောင် ဆရာဖြစ်သူ ဦးချစ်ဦး (ခ) မော်လဝီ အဒူဝါဟစ်နှင့် ဂျာမေဗလီ ဂေါပကဥက္ကဋ္ဌ ဦးတင်အောင် တို့အား သံတွဲမြို့နယ် တရားရုံးက ယနေ့တွင် ထောင်ဒဏ် (၂) စီ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။မူလ တရားစွဲဆိုစဉ်က ၎င်းတို့ နှစ်ဦး အပါအဝင် မောင်မောင်ကြီးနှင့် ဘိုဘိုအောင်တို့ နှစ်ဦးကိုပါ ထိန်းသိမ်း တရားစွဲဆိုခဲ့ခြင်း ဖြစ်သော်လည်း အာမခံဖြင့် တရားရင်ဆိုင် နေစဉ်အတွင်း မောင်မောင်ကြီးနှင့် ဘိုဘိုအောင်တို့မှာ စီရင်ချက် မချမီ တိမ်းရှောင် သွားခဲ့သည်။ အဖမ်းခံရစဉ်က မောင်မောင်ကြီးမှာ အသက် (၁၇) နှစ်ပင် မပြည့်သေးကြောင်း သိရသည်။
“ဒီအမှုက မတရား သက်သက် အကွက်ဆင်ပြီးတော့ သံတွဲမြို့ အစ္စလာမ်လူထုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဆရာဝါဟစ်ကို ဒုက္ခရောက်အောင် တမင်လုပ်တာပါ၊ ပြီးတော့ သူတို့ ဖမ်းတယ်ဆိုတဲ့ ရက်ကလည်း သမ္မတရုံးကနေပြီး ရခိုင်ပြည်နယ် အတွင်း အိမ်တွေမှာရှိတဲ့ ဓါး၊ လှံ၊ လက်နက်တွေကို အောက်တိုဘာလ ၃၀ ရက်နေ့က စပြီး နိုဝင်ဘာလ ၃ ရက်နေ့အတွင်းမှာ သက်ဆိုင်ရာကို လာအပ်ဖို့ အတွက် အမိန့် ကြေညာချက် ထုတ်ထားရက်သားနဲ့၊ အဲဒီ ၃ ရက်ဟာ လက်နက် အက်ဥပဒေ အကျုံးမဝင်တဲ့ နေ့ရက်တွေ ဖြစ်ရဲ့ သားနဲ့ တမင် ယုတ်မာတာပါ” ဟု သံတွဲ ဒေသခံတစ်ဦးက ပြောသည်။
“အောက်ခြေက လူတွေက သမ္မတ အမိန့်ကို မျက်ကွယ်ပြုပြီး သူတို့ လုပ်ချင်ရာ လုပ်နေတာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါ အမှုအား သံတွဲခရိုင်တရားသို့ ဆက်လက် အယူခံ တင်သွင်းမည် ဖြစ်ကြောင်းလည်း ၎င်းတို့နှင့် နီးစပ်သော အသိုင်းအဝိုင်းမှ သိရသည်။
ယခု အမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီး ဌာန/တရားရုံး အဆင့်ဆင့်သို့ အမှုမှာ မှားယွင်းကြောင်းကို တင်ပြခဲ့သော်လည်း ပယ်ချခြင်းခံခဲ့ရသည်။
မျိုးလေး (M.M.M)
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar