အမျိုးသမီးတွေရဲ့ အသုံးတော်ခံဖို့ နှင့် အမျိုးသားတွေ (GAY)ရဲ့ အလိုဆန္ဒ ဖြည့်ပေးဖို့အတွက် လိင်လုပ်သား လုပ်ကိုင်သူ ယောင်္ကျားလေးများ များပြားလာ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အမျိုးသား လိင်ဖျော်ဖြေရေး လုပ်ငန်းတွေက
အမျိုးသားငယ် ထက်ဝက်ကျော်မှာ မြန်မာနိုင်ငံမှ ဖြစ်ကြောင်း ထိုင်း နိုင်ငံ
အခြေစိုက် သုတေသန အဖွဲ့အစည်းတချို့ရဲ့ စစ်တမ်းတခုက ဆိုပါတယ်။
ချင်းမိုင် တက္ကသိုလ်မှာ စက်တင်ဘာ ၂၆ ရက်နေ့က Urban Light နဲ့ Love 146
အဖွဲ့တို့ ပူးတွဲပြီး “ယောက်ျားလေးတွေဟာ ရောင်း စရာ မဟုတ်”(Boys are Not 4
Sale) ခေါင်းစဉ်နဲ့ ကျင်းပတဲ့ A Study on Sexually Exploited Young Males
အမည် ရှိ စစ်တမ်း ရှင်းလင်းပွဲမှာ သုတေသန ပြုသူတွေက ပြောဆို
ထုတ်ပြန်ခဲ့တာပါ။
သုတေသန ပြုသူ တဦးဖြစ်တဲ့ မစ္စတာ ဂျရက် ဒေးဗစ်က သူတို့ မေးမြန်းခန်း
လုပ်ခဲ့သူ အများစုဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်က ဖြစ်ပြီး တချို့ကတော့
ကရင်ပြည်နယ်၊ ချင်းပြည်နယ်တို့က ဖြစ်တယ်လို့ ဧရာဝတီ ကို ပြောပါတယ်။
ရှမ်း၊ ကရင်၊ လီဆူး၊ လားဟူ၊ အခါ စတဲ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်က
တိုင်းရင်းသားတချို့ကို မေးမြန်းခွင့်ရခဲ့ တာလို့လည်း သူက ရှင်းပြပါတယ်။
ဒါကြောင့် စစ်တမ်းကောက်ယူရာမှာ အခက်အခဲတွေရှိပေမယ့် အခု စစ်တမ်းဟာ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အဓိက လိင်လုပ်သား အမျိုးသားငယ်တွေရှိရာ
ချင်းမိုင် ညဈေး အပါအ၀င် နေရာ ၃ ခုရှိ ဘားဆိုင်တွေ၊ ကေတီဗွီတွေနဲ့
အမျိုးသား အနှိပ်ခန်းတွေက လိင်လုပ်သား ၅၀ လောက်ကို ထိုင်း ဘာသာစကားနဲ့
မေးမြန်းထားတာပါလို့ သူက ပြောပါတယ်။
လိင်အလုပ်သမားလို့ ဆိုရင် အမျိုးသမီးတွေကိုသာ လိင်အသုံးတော်ခံတွေအဖြစ်
လူသိများကြပေမယ့် ဒါကလည်း တကယ် တမ်း ပွင့်ပွင့်လင်းလင်း သိပ်မရှိကြပါဘူး။
ဒီအထဲကမှ အမျိုးသား လိင်လုပ်သားဆိုတာ ပိုပြီးတော့တောင် သိုသိပ်ကြပါတယ်လို့
သုတေသန ပြုသူတွေက ဆိုပါတယ်။
အမျိုးသား လိင်လုပ်သားတွေက အမျိုးသမီး လိင်လုပ်သားတွေနဲ့နှိုင်းယှဉ်ရင် ၃
ချိုး ၁ ချိုး ရှိတယ်လို့ အာရှ ဒေသမှာ အမျိုးသား ငယ်လေးတွေကို
လိင်ပိုင်းဆိုင်ရာ ကျူးလွန်နေကြခြင်းက အကာအကွယ်ပေးရေး လုပ်နေတဲ့ Love 146 က
ဒါရိုက်တာ ဒေါက် တာ Glemn Miles က ဧရာဝတီကို ပြောပါတယ်။ ဒီလောက မှာ အသက်
၁၈ နှစ်ကျော်တွေလည်း ရှိကြသလို အသက် ၁၈ နှစ်အောက်တွေက အများစုဖြစ်ပေမယ့်
အလုပ်ရှင်တွေ က အသက်ကို ပြောမပြဖို့ ဟန့်တားထားပုံ ရတယ်လို့ သူက
ဆက်ပြောပါတယ်။
“ဥပမာ ဘားဆိုင် တခုဆိုပါစို့၊ အသက် ၁၈ နှစ် မပြည့်တာကို ဒီကလေးတွေကို
မပြောဖို့ တားမြစ်ထားတယ် ထင်တယ်။ ဘာကြောင့် လည်း ဆိုတော့ သူတို့က အသက် ၁၈
နှစ်ကျော်ပြီပဲ၊ ကျနော် တို့ကို ပြောလိုက် တယ်လေ”လို့ သူက ဆိုတယ်။ Love 146
အဖွဲ့ဟာ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် သီရိလင်္ကာ
နိုင်ငံတွေမှာ အခြေစိုက် သုတေသနပြုလုပ်ပြီး ကူညီ ကယ်ဆယ် ဘ၀ မြှင့်တင်ရေး
လုပ်ငန်း တွေ လုပ်ဆောင်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့လည်းဖြစ်ပါတယ်။
အမျိုးသားငယ်လေးတွေဟာ လိင်အပျော်အပါး လိုက်စားသူတွေရဲ့
ပစ်မှတ်မဖြစ်သင့်သလို လိင်ပိုင်းဆိုင်ရာ အသုံးချခံ ပစ္စည်းလည်း
မဖြစ်သင့်ဘူးလို့ သုတေသန အဖွဲ့က ပြောပါတယ်။ လိင်လုပ်သားငယ်လေးတွေနဲ့
ပတ်သက်ပြီး လိင်တူချစ်သူ အမျိုးသားတွေ(Gay) ရဲ့ အလိုဆန္ဒဖြည့်ပေးဖို့၊
နိုင်ငံခြားသူ အပါအ၀င် အမျိုးသမီးတွေရဲ့ အသုံးတော်ခံဖို့၊ ဂေး (Gay) တွေလို
အသုံးချဖို့ ဆိုပြီး ၃ ပိုင်း ရှိကြောင်း သိရပါတယ်။
စစ်တမ်းအရ ၄ ပုံ ၁ ပုံဟာ ဖောက်သည်တွေက သူတို့ဆန္ဒကို ဖြည့်ဆည်းဖို့အတွက်ပဲ
လိုလားပြီး အဓမ္မ လိင်မှုကိစ္စ လုပ်တာမျိုး လည်း ရှိတယ်လို့ ဆိုပါတယ်။
စစ်တမ်းမှာတော့ အဓိက ဖောက်သည်တွေ က နိုင်ငံခြား သားတွေပဲ ဖြစ်တယ်လို့
ပါရှိပါတယ်။
အသက် ၁၄ နှစ်၊ ၁၅ နှစ်အရွယ် အမျိုးသား လိင်လုပ်သားက ၄၄ ရာခိုင်နှုန်းနဲ့
အများဆုံးဖြစ်နေပြီး လိင်လုပ်သားငယ် အများစု ကတော့ သူတို့ရဲ့ လက်ရှိဘ၀ကို
ရှက်ရွံ့ကြပါတယ်။ ၈၀ ရာခိုင်နှုန်းလောက်က အတန်းပညာ ၁၀ တန်းအောက်သာ
ရှိတယ်လို့သိရပါတယ်။ မေးမြန်းခဲ့သူတွေထဲက တယောက်ပဲ ထူးထူးခြားခြား
ဒီအလုပ်ကရတဲ့ ၀င်ငွေနဲ့ တက္ကသိုလ်ပညာရေး ပြီးမြောက် ခဲ့ တယ်လို့ ဆိုပါတယ်။
လိင် လုပ်သားလုပ်သူ အများစုကတော့ ကိုယ့်မိသားစုကို ထောက်ပံ့ဖို့
ငွေလိုတာကြောင့် ဖြစ်ကြပြီး တလ အမြင့်ဆုံးဝင်ငွေ က ဘတ်ငွေ ၁ သောင်းခွဲ
(ကျပ် ၅ သိန်းခန့်) လောက်ဖြစ်ပြီး အနိမ့်ဆုံးကတော့ ဘတ်ငွေ ၆ ထောင် လောက်
ရှိကြပါတယ်။ သူတို့ဟာ နေ့ဘက်မှာ တလ ဘတ် ၆ ထောင်လောက် ရတဲ့ တခြားအလုပ်လည်း
လုပ်ကြပါသေးတယ်လို့ စစ်တမ်းက ဆိုပါတယ်။
လိင်ပညာပေး အသိနဲ့ပတ်သက်လို့တော့ လိင်လုပ်သားငယ်အများစုဟာ ကွန်ဒုံး
အကာအကွယ် အသုံးပြုတာ ရှိကြပေမယ့် ဖောက်သည် တွေရဲ့ အလို လိုက်ရတာတွေလည်း
ရှိပါတယ်လို့ သိရပါတယ်။ ဒါပေမယ့် လိင်လုပ်သား ထက်ဝက်ကျော်က HIV ပိုး ရှိ၊
မရှိ စစ်ဆေးမှု မလုပ်ဘူးကြဘဲ HIV ရောဂါ ကူးစက်ခံရမှု အန္တရာယ် က တော့
လိင်လုပ်သားတွေမှာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေရှိတယ်လို့ မစ္စတာ ဂျရက်
ဒေးဗစ်က ဧရာဝတီ ကို ရှင်းပြပါတယ်။
သူက ဆက်လက်ပြီး ဒီ အမျိုးသား လိင်လုပ်သား လုပ်ငန်းဟာ လူမှောင်ခို
လုပ်ငန်းနဲ့လည်း ဆက်စပ်တယ် လို့ ဆိုပေမယ့် ဘယ် လို ပုံစံ
လူမှောင်ခိုလုပ်တယ် ဆိုတာတော့ သူတို့ရဲ့ သုတေသန လုပ်ငန်းနဲ့ မဆိုင်လို့
မသိဘူးလို့လည်း ပြောဆိုပါတယ်။
Inga kommentarer:
Skicka en kommentar