(ထောက်လှမ်းရေးဝန်ထမ်းဟောင်တစ်ဦးမှပေးစာ)
ကျနော်ဟာ အဘခင်ညွန့်အောက်မှ အမှုထမ်းဖူးတဲ့သူတစ်ယောက်ပါ ၊ အဘ ဦးခင်ညွန့် စကားကို စဉ်းစဉ်းစားစားပြောစေချင်ပါတယ် ၊ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ခေါင်းစဉ်အောက်ကိုရောက်လို့ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေပါပြီ ၊ ဒီမိုကရေစီဆိုတာ လုပ်နည်လုပ်ဟန် တစ်မျိုးပါ ၊ အသိဥာဏ်ကိုထိုက်ထိုက်တန်တန်နေရာပေးပြီး လူကိုလူလိုမြင်တဲ့ လုပ်နည်းလုပ်ဟန်ပါ ၊ ဒီမိုကရေစီဆိုတာ သဘာဝထဲက လာတာပါ ၊ သူ့အနက်နဲ့ သူ ရှိပြီးသားပါ ၊ ဒီမိုကရေစီကို လိုရာဆွဲပြီး အနက်ဖွင့်လို့မရပါဘူး ၊ အင်တာဗျူးတစ်ခုမှာ အဘက ဒီမိုကရေစီကို ပုံတူကူးချလို့ မရပါဘူး ၊ မြန်မာရေမြေဒေသ နဲ့ လိုက်ဖက်တဲ့ သင့်တော်တဲ့ ဒီမိုကရေစီပုံစံဖြစ်အောင် ဖော်ဆောင်ကျင့်သုံးရပါမယ် လို့ ပြောတာ ကျနော်ကြားလိုက်ရပါတယ် ၊ ကျနော်ပြောတာကို အဘဦးခင်ညွန့် ဂရုတစိုက် နားထောင်စေချင်ပါတယ် ၊ ဒီမိုကရေစိကို အဘ ဘယ်လောက် နားလည်လို့လဲ ၊ အဲဒီ အနောက်တိုင်းလို့ ပြောနေတဲ့ အမေရိကန်က ဒီမိုကရေစီကို အဘ ဘယ်လောက်နားလည်လို့လဲ ၊ အဲဒီ အနောက်တိုင်းလို့ ပြောနေတဲ့ အင်္ဂလန်က ဒီမိုကရေစီကို အဘ ဘယ်လောက်နားလည်လို့လဲ ၊ အဲဒီ အနောက်တိုင်းလို့ ပြောနေတဲ့ ပြင်သစ် စပိန် ဂျာမဏီ တို့ဆီက ဒီမိုကရေစီ ဆိုတာကို အဘ ဘယ်လောက်နားလည်လို့လဲ ၊ အဲဒီ ဒီမိုကရေစီတွေကို အဘ နှိုင်းယှဉ်ဝေဖန်ထောက်ပြနှိုင်စွမ်းမရှိဘူးဆိုတာ ကျနော် အသိဆုံးပါဗျာ ၊ အဲဒီလိုပါပဲ ၊ ၂၀၀၈ ဖွဲ့စည်းပုံကိုရေးခဲ့တဲ့ လူကြီးလူကောင်းဆိုတဲ့သူတွေဟာ ဘယ်ဒီမိုကရေစီ နိုင်ငံမှာမှ ဒီမိုကရေစီအရသာကို မခံစားဖူးတဲ့ သူတွေပါ ၊ အဲလိုလူမျိုးတွေ နဲ့ ရေးခဲ့တဲ့ အတွက် ၂၀၀၈ ဖွဲ့စည်းပုံကြီးဟာ အယောင်ဆောင် ဒီမိုကရေစီ ဖွဲ့စည်းပုံကြီးပါ အဘရာ ၊ မြန်မာပြည်မှာ တကယ့်ဒီမိုကရေစီ ရနေပြီးပြီဆိုရင် အဘ ဘာလို့ အမေရိကား နဲ့ အနောက်ကို သွားလည်ပတ်ခွင့်မရသေးတာလဲ ၊ ကျနော်တို့ ရော ဘာလို့ စစ်တပ်အထဲက သူငယ်ချင်းတွေ ဆီ သွားလည်ခွင့်မရှိရတာလဲ ၊ အခု အချိန်မှာ ကျနော်တို့က မြန်မာပြည်ကို ဖျက်ဆီးမယ့်သူတွေ ဖြစ်နေလို့လား အဘရာ ၊ ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းသာဆက်သွားရင် မြန်မာပြည်ကြီးဟာ ဒီမိုကရေစီ မျက်နှာဖုံးစွပ်ထားတဲ့ ဘီလူးတွေ အုပ်ချုပ်နေတဲ့ နိုင်ငံဖြစ်သွားတော့မယ် ၊ ဒါကို အဘ လည်း သိနေပါတယ် အဘရာ ၊ အခုလို မြန်မာပြည်သူတွေက တခါမှ မရဘူးသေးတဲ့ ဒီမိုကရေစီဆိုတဲ့ အသိဥာဏ်ကို ထိုက်ထိုက်တန်တန်နေရာပေးပြီး လူကိုလူလိုမြင်တဲ့ လုပ်နည်းလုပ်ဟန် ကို ပြည်သူတွေ အားလုံးဝိုင်းပြီး ပြုပြင်ပစ်တော့မယ့် အချိန်ကိုရောက်နေပါပြီဗျ ၊ ဒီလိုအချိန်မှာ အခုအချိန်အထိ ကျနော်တို့လို လူဟောင်းတွေ အပေါ်မှာ ထီးလိုမိုးထားတဲ့ အရှိန်အဝါရှိနေသေးတဲ့ အဘအနေနဲ့ စကားတွေ ထပ်ပြီး မမှားစေချင်တော့ပါဘူး ၊ ဒါ ကျနော် တစ်ယောက်တည်း သဘော နဲ့ ပြောတာ မဟုတ်ပါဘူး ၊ အဘ ကျနော်တို့ ကို ချစ်သလို ကျနော်တို့လည်း အဘကို ချစ်နေဆဲပါ ၊ ကျနော်တို့ က ဟိုးအောက်ခြေမှာ နေနေတော့ ကျနော်တို့ အမှားတွေ အမှားတွေရဲ့ အကျိုးဆက်တွေကို နေစဉ် မြင်သိထိတွေ့နေရတဲ့သူတွေပါ ၊ ကျနော်တို့ အပြစ်တွေကို ဗွေမယူပဲ ကျနော်တို့ကို လွတ်လပ်စွာဆက်လက် ရှင်သန်ခွင့် ပေးထားတဲ့ ဒီမြန်မာပြည်သူတွေရှိနေတဲ့ ပတ်ဝန်ကျင်ကြီးအပေါ် ဒီကနေ့ ကျနော်တို့ တာဝန်ကျေချင်တယ် အဘရာ ၊ ကိုယ်မသိ ကိုယ်မတတ်တဲ့ နေရာကို ကိုယ်သိကိုယ်တတ်သယောင် ဆရာဝင်ဝင်လုပ်ချင်တဲ့ ကျနော်တို့ရဲ့ ဥာင်ဆိုးတွေကို ပြင်ရတော့ပါမယ် အဘရာ ၊ ကျနော်ကတော့ အားလုံးထက် ငါကအမြဲပိုသိပိုတတ်တယ် ဆိုတဲ့ ဥာင်ဆိုးကို ဖယ်လိုက်ပါပြီ ၊ ကျနော်ထောင်ထဲ ရောက်နေတုန်းက အပြင်မှာ ကြုံသလို ကျဘမ်းရပ်တည်ခဲ့တဲ့ ကျနော့် မိန်းမနဲ့ ကလေးတွေကိုယ်တိုင်က အဲဒီကျနော့် ဥာင်ဆိုးကို လက်မခံကြတော့ဘူးလေ ၊ ရှင် နဲ့ ရှင့် အဘကို ထောင်ထဲကအပြင်ရောက်အောင်လုပ်ပေးတာ ပြည်သူတွေပဲရှင့် လို့ ကျနော့်မိန်းမကပြောတယ် အဘရေ ၊ စစ်အုပ်ချုပ်ရေး ဆိုတဲ့ အရင်ခေါင်းစဉ်ရှိတုန်းက ပြည်သူတွေအပေါ် ကျနော်တို့ မှားခဲ့တာတွေ ရှိခဲ့ပါတယ် ၊ အဲဒါတွေအတွက် ပြည်သူတွေကို ပြန်ပေးဆပ်ဖို့ သဘာဝကပေးထားတဲ့ တာဝန်ကြီး ကျနော်တို့ ပခုံးအပေါ်မှာ အကြွေးတင်နေပါတယ် အဘရယ် ၊ ဒီကနေ့လို ဒီမိုကရေစီခေါင်းစဉ်အောက် ရောက်နေတဲ့ မြန်မာပြည်အပေါ် ကျနော်တို့ရင်ထဲက ခေါင်းဆောင်ဖြစ်နေဆဲ အဘဦးခင်ညွန့် တစ်ယောက် တစ်ခုခုထပ်မှားတာမျိုး ကျနော်တို့ မဖြစ်စေချင်တော့ပါဘူး အဘရာ ၊
လေးစားလျှက်ပါ ၊
(ထောက်လှမ်းရေးဝန်ထမ်းဟောင်း တစ်ဦးမှ ပေးပို့လာသောစာဖြစ်သည်)

Inga kommentarer:
Skicka en kommentar