ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘယ်တော့ ပြင်မှာလဲ၊ ဘယ်လို ပြင်မှာလဲ (ပြည်သူ့ခေတ် ခေါင်းကြီး)
ယနေ့ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး မူဝါဒသစ်နှင့် အစိုးရသစ်အတွက်
အလုပ်လမ်း ညွှန်ချက်အဖြစ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ၃၀ မတ် ၂၀၁၁
မိန့်ခွန်းကို ကိုးကား ပြောဆို ရပါမည်။ ထိုမိန့်ခွန်းက လက်ရှိ
မြန်မာနိုင်ငံ၏ အပြောင်းအလဲအတွက် အဖွင့်မိန့်ခွန်း ဖြစ်ခဲ့ပါ သည်။
ထိုမိန့်ခွန်းနှင့်အတူ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းလိုက်သည်။ အစိုးရသစ်ကို ဖွဲ့စည်းလိုက်သည်။
ထို့နောက်၊ မအေးချမ်း မသာယာမှု များ၊
မဖွံ့ဖြိုးမှုများကို အဆုံးသတ်ပြီး၊ တိုင်းပြည် ပြန်လည် ပြုပြင်ရန်၊ ပြန်လည်
ထူထောင်ရန်၊ ဒီမိုကရေစီ တိုးတက်မြင့်မားရေး၊ အမျိုးသား
ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ယဉ်ကျေးမှု
အထွေထွေ ပြုပြင်ပြောင်းလဲရေး၊ အစိုးရတာဝန်များကို အောင်မြင်အောင်
ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး အစရှိသော ရည်မှန်းချက်များကို
မိန့်ခွန်းအဖြစ် ပြောဆို တင်ပြလိုက်တာ ဖြစ်သည်။ ပြည်သူလူထုအတွက်
ကတိက၀တ်များ၊ အစိုးရအဖွဲ့ဝင် များအတွက် လုပ်ငန်းစဉ်များ၊
အလုပ်လမ်းဩန်ချက်များကို အားတက်သရော ပြောဆိုလိုက် သော
မိန့်ခွန်းလည်းဖြစ်ပါသည်။ မိန့်ခွန်းအပြီးမှာ ပြည်သူလူထုအတွက်လည်း
မျှော်လင့်စရာ များ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါသည်။
အဆိုပါ မိန့်ခွန်းမှာအစိုးရအတွက် အလွန် အဓိကကျသည့်
အလုပ်လမ်းဩန်ချက် များထဲက တစ်ခုမှာ ပြည်သူ့ဆန္ဒ သဘောထားများကို အလေးထားရေး၊
ပြည်သူ့သဘောထား များ၊ တုံ့ပြန်မှုများကို အလေးထားရေး စသည်တို့ပဲ ဖြစ်ပါသည်။
ပြည်သူ့ သဘောထားများ၊ ပြည်သူ့ဆန္ဒများထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို
ဘယ်လို ပြင်ကြမလဲဆိုတာ ပါသည်ဟု ထင်ပါသည်။ အထက်မှာ ပြောခဲ့သည့်
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းထဲမှာပင် အခြေခံဥပဒေနှင့် ပတ်သက်ပြီး
လက်မခံသူများ ရှိနေတာကို အသိအမှတ်ပြုကြောင်း၊ အခြေခံဥပဒေကို လက်မခံ
သူများနှင့် တိုင်းပြည်အကျိုးငှာ လက်တွဲ အလုပ်လုပ်သွားမည်ဖြစ်ကြောင်း
အစရှိသဖြင့် ထည့်သွင်း ပြောကြားသွားခဲ့ပါသည်။
တိုင်းပြည်၏ အရေးပါသော နိုင်ငံရေးအင်အားစုများက
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကိစ္စကို ပြောဆိုနေကြချိန်မှာ
အာဏာရပါတီနှင့် အစိုးရတို့က ဒါကို အလေးအနက် ထားပြီး ထည့်သွင်းစဉ်းစားရန်
အချိန်ရောက်နေပြီဟု ထင်ပါသည်။ ယနေ့ လွှတ်တော်များ အတွင်း ရောက်ရှိနေကြသော
လွှတ်တော် ကိုယ်စားလှယ်အားလုံးမှာ ပြည်သူ့ကိုယ်စားလှယ် များချည်း
မဟုတ်ဘူးဆိုတာ အားလုံးအသိပဲ ဖြစ်ပါသည်။ သည်တော့ ပြည်သူ့ဆန္ဒနှင့်
ပြည်သူ့သဘောထားကို ပြောလျှင် လွှတ်တော်များ၏ အသံတစ်ခုတည်းဖြင့် ပြောဆိုလို့
မရနိုင် သေးပါ။ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားကို အလေးထားရေးဆိုသည့် သမ္မတ၏
လမ်းဩန်ချက်အရဆိုလျှင် ပြည်သူ့သဘောထားကို အများကြီး ဆန်းစစ်သင့်နေပြီ
ဖြစ်ပါသည်။
သမ္မတ ဦးသိန်းစိန်၏ သဘောထားမှာ လွှတ်တော် ကိုယ်စားလှယ်များ၏
ဆန္ဒပေါ်မှာ မူတည်နေသည်ဟု ဖြစ်ပါသည်။ လက်တွေ့တွင်မူ အမျိုးသားရေး အခန်းကဏ္ဍမှာ
အလွန် အရေးပါသည့်နေရာမှာ ရှိနေသော ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် အခြားသော ဒီမိုကရေစီ အင်အားစုများ၊
အထူးသဖြင့် တိုင်းရင်းသား အဖွဲ့အစည်း များ၏ ဆန္ဒသဘောထားတို့ကို အလေးအနက်ထား
စဉ်းစားရန် လိုပါလိမ့်မည်။ ယေဘုယျ အားဖြင့် သို့မဟုတ် လက်ရှိ
ဥပဒေကြောင်းအားဖြင့် အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက် ၍ အထူးသဖြင့်
တိုင်းရင်းသား အင်အားစုများက အစဉ်တစိုက် ဝေဖန်နေခဲ့သော ပြည်ထောင်စု မူ၊
ဖယ်ဒရယ်မူ ကိစ္စမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဟူသော
အခြေခံအချက်ပေါ်တွင် အများကြီး တည်နေတာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏
ပြည်တွင်းစစ်ရပ်စဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေးတို့မှာ
အခြေခံဥပဒေ ပြင်ဆင်ရေးဟူသော အချက်က အဓိက နေရာမှာ တည်ရှိနေ သည်ဟု ယူဆပါသည်။
ပြည်ထောင်စုမူနှင့် ပတ်သက်လျှင် တိုင်းရင်းသား အင်အားစုများတွင်
ခိုင်မာသော စည်းလုံးညီညွတ်သော ရပ်တည်ချက်များပေါ်တွင် ရှိနေကြသည်ဟု
ထင်ပါသည်။ တိုင်းရင်း သား မျိုးနွယ်စုများကြားမှာ ပြဿနာမျိုးစုံ၊
အယူအဆမျိုးစုံ၊ ခံယူချက်မျိုးစုံ၊ ကွဲလွဲမှုမျိုးစုံ ရှိနေကြသော်လည်း
ပြည်ထောင်စုမူနှင့် ပတ်သက်လျှင် တူညီသော သဘောထားများ ကိုသာ
ဖော်ပြခဲ့ကြတာကို မျက်နှာလွှဲထား၍ မဖြစ်နိုင်တော့ပြီ ဖြစ်ပါသည်။
ပြည်ထောင်စုသားများ အနေဖြင့် ပြည်ထောင်စုမူ အပေါ်မှာ ဆွေးနွေးကြရတာများ
အများကြီး ရှိပါလိမ့်ဦးမည်။ သို့ရာတွင် ပြည်ထောင်စုသားများ၏ တန်းတူညီမျှရေး
တောင်းဆိုမှုအပေါ်မှာမူ အားလုံး တစ်စိတ်တစ်ဝမ်းတည်း ရှိနေကြမှာ ဖြစ်ပါသည်။
ဒါကို အလေးအနက်ထား စဉ်းစားလျှင် အနိမ့်ဆုံးအားဖြင့် လက်ရှိ ဖွဲ့စည်းပုံ
အခြေခံ ဥပဒေကို ပြင်ဆင်ရန် အကြောင်းအချက်များ ရှိနေသည် ဆိုသည့်အချက်ကိုမူအရ
အားလုံး သဘောတူကြဖို့ လိုပါသည်။
ဒါသည်လည်း နိုင်ငံတော်သမ္မတ၏ ဒီမိုကရေစီရေးရာ အပြောင်းအလဲအတွက်
အခြေခံ သဘောထားတစ်ခုအဖြစ် တည်ရှိနေသင့်ပြီဟု ထင်ပါသည်။ အလွန်ခိုင်မာသည့်
အမျိုးသား ညီညွတ်ရေးကို တည်ဆောက်နိုင်ရန် အလို့ငှာ အခြေခံ ဥပဒေ၏
အခြေခံမူများမှ စတင် ပြောင်းလဲရန် ပြည်ထောင်စုသား အားလုံး
အဆင်သင့်ဖြစ်နေပြီ ဟူသော ဖော်ထုတ်ချက်တစ်ခု လိုအပ်နေပြီဟု ယူဆပါသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စု သားများ၏
ဆန္ဒသဘောထားများ ပေါ်မှာ အခြေပြုရပါလိမ့်မည်။ ပြည်ထောင်စုသားများအကြား
ဒီမိုကရေစီ ဘောင်အတွင်းမှာ အားလုံးတန်းတူညီမျှ ရှိနေပါသည်ဟူသော အချက်ကို
ယုံကြည်နေကြဖို့ လိုပါသည်။ ဒီလို ယုံကြည်ထားကြမည်ဆိုလျှင် အခြေခံဥပဒေ
ပြင်ဆင်ရေးဆိုတာကို ယေဘုယျ သုံးသပ်ချက်မျိုး မဟုတ်ဘဲ ပြင်ဆင်ရေးမူ၊
ပြင်ဆင်ရေး နည်းလမ်းများ အားလုံးကို စဉ်းစားသင့်ကြပါမည်။
ဒါဟာ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒပေါ်မှာ မူတည်နေသည်ဆိုတာ ဥပဒေ
ကြောင်းအရ ဟုတ်မှန်သယောင် ရှိသော်လည်း လက်တွေ့ အမျိုးသားညီညွတ်ရေး ခိုင်မာ
အောင် တည်ဆောက်နေကြချိန်မှာ ဥပဒေကြောင်း တစ်ခုတည်းဖြင့် စဉ်းစားဖို့
မလုံလောက် နိုင်ပါ။
ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ လိုအပ်ချက်များကို ပြင်ဆင်နိုင်ရေး
ဆိုသည်မှာ ထိပ်တန်း နိုင်ငံရေးပြဿနာတစ်ခု ဖြစ်သည်ဟု မြင်ကြဖို့လိုသလို၊
အထက်မှာ ဆိုခဲ့သည့်အတိုင်း လက်ရှိ အခြေခံဥပဒေ ပြင်ဆင်ရန်ကို အားလုံးမူအရ
သဘောတူထားကြဖို့ အချိန်ရောက်ပြီဟု ထင်ပါ သည်။ အာဏာရပါတီနှင့်
အတိုက်အခံများကြားမှာ မတူညီသော နိုင်ငံရေး အင်အားစု များကြားမှာ၊
တိုင်းရင်းသား အင်အားစုများ အသီးသီးကြားမှာ တူညီသော အခြေခံမူတစ်ခုဖြင့်
ပြည်ထောင်စု ငြိမ်းချမ်းရေး တည်ဆောက်ကြရန် အခြေခံ ဥပဒေကို ပြင်ဆင်ရန်
လိုအပ်သည် ဟု အားလုံး သဘောတူကြသည့် ပထမခြေလှမ်းကို စတင်ဖို့
ကြိုးပမ်းကြရမည့် အချိန်ရောက်ပြီ ဟု ယူဆမိပါကြောင်း။
ပြည်သူ့ခေတ် အယ်ဒီတာ
၁၂ နိုဝင်ဘာ ၂၀၁၂
(အတွဲ-၃၊အမှတ် ၁၂၀)
မြူ နှင်း(အေးရိပ်ငြိမ်)
Inga kommentarer:
Skicka en kommentar