အသိပေးကြေငြာခြင်း

ကော့သောင်းသတင်းလေးများ ကိုအဆင်ပြေသလို တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးလိုက်ပါတယ် ကျွန်မ ဂျီမေးလ်ကိုလည်း လူကြီးမင်းများအနေဖြင့်သတင်းများ၊ မိမိရင်တွင်းခံစားချက်များ၊မိမိအကြွေးများကိုပြန်မဆပ်သူများ၊၀န်ထမ်းအကျင့်ပျက်ခြစားသူများ၊အကြောင်းများကိုမေးလ်ထဲကိုရေးသားပေးပို့ပါက ပေးပို့သူ၏လိပ်စာကိုမသိစေရဘဲ တင်ပြပေးသွားမည်ဖြစ်ပါကြောင်း
ကျွန်မ ဂျီမေးလ်လိပ်စာမှာ (www,kawthaung@gmail.com )
မှတ်ချက်။ ဂျီတော့တွင်လာရောက်ပြောဆိုသည့်အကြောင်းအရာများအားတင်ပြပေးသွားမည်မဟုတ်ပါကြောင်း၊

torsdag 19 december 2013

တခုသော ၁၉ ဂျူလိုင် မှာ ကျွန်မ ကြုံခဲ့ဖူးတဲ့ တိုက်ပွဲအကြောင်း

တခုသော ၁၉ ဂျူလိုင် မှာ ကျွန်မ ကြုံခဲ့ဖူးတဲ့ တိုက်ပွဲအကြောင်း





"အာဇာနည်နေ့မှာတော့ သိပ်မမိုက်ပါဘူး ကျွန်တော်တို့လက်ချက်နဲ့ ရှောသွားတဲ့ မဆလ ကောင်တွေကို သူရဲကောင်းကြီးတွေအဖြစ် အာဇာနည်တွေနဲ့အတူတူ အလေးပြုခံနေရရင် မတန်ပါဘူး။ အဲဒါကြောင့်
ကျွန်တော်က 7 July ကိုပဲ ရွေးချင်ခဲ့တာ" လို့ တပ်မှူး တယောက်က ပြောလိုက်တာကို အိမ်ခန်းထဲမှာ အိပ်နေရင်းနဲ့ အိပ်မပျော်သေးလို့ ကျွန်မ ကောင်းကောင်း ကြားနေရတယ်။  အဲဒီအချန်က ရန်သူစခန်းတခုကို သွားသိမ်းဖို့ ချီလာတဲ့ ဒီစစ်ကြောင်းမှာ ရဲမေ သုံးယောက်ပါပြီး ညဘက်ရောက်တော့ အိမ်တအိမ်မှာ တည်းနေစဉ် ကျွန်မတို့ ရဲမေသုံးယောက်ကို အိမ်ခန်းထဲမှာ ပေးအိပ်ပြီး ကျန်တဲ့တပ်မှူးတွေနဲ့ အိမ်ရှင်တွေက အပြင်မှာ အိပ်ကြပါတယ်။ ဆက်သွယ်ရေးက အင်ယုတယာက်ရယ် ကျွန်မနဲ့အတူ တခြားတယောက်က ဆေးမှူးတွေ ဖြစ်တယ်။ အပြင်မှာ တပ်မှူးတွေ တိုင်ပင်နေကြပါတယ်။ အပြင်က တပ်မှူးတွေက စခန်းကို ဘယ်လိုဝင်သိမ်းပြီး ပြည်သူ့စစ်တွေ အကုန်အရှင်ဖမ်းပြီး စစ်တပ်ကို အသေပစ်သတ်မယ်လို့ ပြောရင်း ခုနက စကားကို နောက်ဆက်တွဲ ပြောလိုက်တာ ဖြစ်တယ်။

အဲဒီအချိန်မှာ
" အဲဒီဘက်ကို သွားရင် စမ်းချောင်းအထပ်ထပ် ဖြတ်ရမှာဆိုတော့ တောင်ကျချောင်းက ရေပြည့်နေနိုင်လို့ ခရီးဖြောင့်ဖြောင့် ရောက်ဖို့မလွယ်ဘူး" လို့ အိပ်ပျော်နေပြီလို့ ကျွန်မ ထင်နေတဲ့ အင်ယုက အပြင်က လူတွေကို လှမ်းပြောလိုက်တယ်။ မိုးရွာနေလို့ အင်ယုပြောတာကို အပြင်က တပ်မှူးတွေကတော့ မကြားရဘူး။ အဲဒါနဲ့ ကျွန်မက "အင်ယု မအိပ်သေးဘူးလား ဟိုမှာ နင့်ထက်ပိုလမ်းကျွမ်းတဲ့ ဦး တင်အောင် တယောက်လုံး ရှိနေတာပဲ သူတို့သိမှာပေါ့" လို့ ပြောပြီး ကျွန်မက အိပ်ပျော်အောင်အိပ်ဖို့ ပြောလိုက်တယ်။ ဒါပေမဲ့ အင်ယုကတော့ " မငယ်ကလည်း ဦးတင်အောင်က တပ်မှူးမှ မဟုတ်တာ အခုဦးဆောင်ပြီး သွားမည့် တပ်ခွဲမှူးရော တပ်ရင်းမှူးပါ နှစ်ယောက်စလုံးက ဒီဂွင်မှာ တခါမှ မလှုပ်ရှားဖူးတော့ ဒါတွေကို ထည့်တွက်မှာ မဟုတ်ဘူး" လို့ ပြောပြီး စပ်စုချင်နေသေးတယ်။ ကျွန်မက "သူတို့က တပ်မှူးတွေပါ သူတို့ ပိုသိပါတယ်၊ ကဲပါ 7 July ပဲဖြစ်ဖြစ် 19 July ပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ မနက်ဖြန်စောစော ထပြီး ခရီးဆက်ရမယ် ပြီးတော့ မနက်ဖန်ညကစပြီး တောထဲမှာပဲ မိုးကာခြုံ၊ ပုခက်ဆွဲပြီး အိပ်ရတော့မယ်ဆိုတော့ အခုငါတို့အလုပ်က ဒီည အိမ်ပေါ်မှာ တည်းခွင့်ရတုန်း ကောင်းကောင်းအိပ်ဖို့ အရေးကြီးတယ် အိပ်ရအောင်" လို့ ကျွန်မ အင်ယုကို ပြောလိုက်ပေမဲ့  နှစ်ယောက်စလုံး တော်တော်နဲ့ အိပ်လို့မပျော်ခဲ့ဘူး။   ၉၂ ခုနှစ်၊ ဇူလိုင်ပထမပတ် ဒီလို ၁၆ ရက်နေ့က အကြောင်းအရာတွေကို မနေ့တနေ့ကလို မှတ်မိနေပြီး အဲဒီတုန်းက ရန်သူ့စခန်းတခုကို သွားသိမ်းခဲ့တာကို ရုပ်ရှင်တကားကို ကြည့်ရသလို မျက်စိထဲမှာ ကောင်းကောင်း မြင်ယောင်ပြီး မှတ်မိနေပါတယ်။ ခုနက ပြောနေတာကို ပြန်ဆက်ရရင် စစ်တပ်စခန်းရှိတဲ့ ရွာထဲကို ဘယ်လမ်းက ၀င်မယ် စခန်းကို ဘယ်လိုသိမ်းမယ် ဘယ်ပြည်သူ့စစ်ခေါင်းဆောင်ကို ဘယ်လို အရှင်ဝင်ဖမ်းမယ် ဆိုတာတွေကို အကုန်ကြားနေရပြီး အဲဒီရွာမှာ အရင်နှစ်က တနှစ်နီးပါး ကိုယ့်အိမ်ကိုယ့်ရွာလို နေလာခဲ့တော့ အင်ယုကလည်း အားမရလို့ မဟုတ်သေးပါဘူး ဒီလမ်းထက် ဟိုလမ်းက ပိုကောင်းတယ် ဒီနည်းထက် ဟိုနည်းက ပိုကောင်းတယ်နဲ့ စပ်စုပြီး သွားပြောချင်လို့ အိပ်ရာကနေ ငေါက်ကနဲ ထထ ထိုင်နေတာကို "အင်ယုအိပ်တော့ နင့်အလုပ်မဟုတ်ဘူး" လို့ ကျွန်မမှာ ဆွဲထားရတယ်။ အင်ယုမှာ အင်မတန် ကောင်းတဲ့မှတ်ဥာဏ်တခုက ခရီးတခုကို တခါသွားပြီးရင် အဲဒီလမ်းတလျှောက်လုံးမှာ ဘာပြီးရင် ဘာလာမယ်ဆိုတာ အကုန်မှတ်မိနေခြင်းဖြစ်တယ်။ အဒီစစ်တပ်ထိုင်ထားတဲ့ ရွာမှာ ၈၉ ကနေ ၉၁ အထိ ကျွန်မတို့ တပ်တွေ စိုးမိုးထားပြီး ကိုယ့်အိမ်ကိုယ့်ရွာလို တပ်ထိုင်ပြီး သွားနေခဲ့ရာကနေ ၉၁ နှစ်ကုန်ခန့်မှာမှ ကျွန်မတို့တပ်တွေ လက်လွတ်လိုက်ရတဲ့ ရွာဖြစ်တယ်။ ၉၁ ခုနှစ်သင်္ကြန်နဲ့ ၉၁ ခုနှစ် ဒီရွာနားက စက်တော်ရာဘုရားပွဲ ကျင်းပတဲ့အချိန်တွေမှာ ဒီရွာကိုကျွန်မတို့တပ်တွေ စိုးမိုးထားတဲ့အချိန် ဖြစ်တယ်။ ကျွန်မတို့တပ်တွေပဲ လုံခြုံရေးယူပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီစစ်ကြောင်းမှာအခု ဦးဆောင်မည့် ကျွန်မတို့ တပ်မှူးနှစ်ယောက်ကတော့ ဒီနယ်မြေကို ရောက်ဖူးသူတွေတွေ မဟုတ်ကြဘဲ တပ်ခွဲမှူးအသစ် ပြောင်းလို့ အခုမှ ဒီနယ်မြေမှာ လှုပ်ရှားဖို့ တပ်ရင်းက ဆင်းလာသူတွေ ဖြစ်လို့ အင်ယုက စိုးရိမ်ပြီး သူသိထားတာကို ၀င်ပြောဖို့ ကြိုးစားနေခြင်း ဖြစ်တယ်။ (ဓါတ်ပုံက ဆက်သွယ်ရေးတပ်က ရဲမေတွေပုံ ဖြစ်ပြီး မိယုက စက်လတ်ကျည်တောင့်တွေ သိုင်းထားတဲ့ တယောက်ဖြစ်တယ်။)

ခါတိုင်းဆိုရင်တော့ စည်းရုံးရေး စစ်ကြောင်းတွေမှာပဲ ကျွန်မတို့ ရဲမေတွေ လိုက်ရတာ များပြီး ဒီလို စစ်ရေးလှုပ်ရှားမှုပါတဲ့ စစ်ကြောင်းထွက်ရင် အရင်တပ်မှုး အတော်များများကတော့  မိန်းကလေးပါရင် ရန်သူက သဲသဲမဲမဲ လိုက်မှာစိုးလို့ ဆိုပြီး ကျွန်မတို့ကို နောက်တန်း ခွဲရုံးမှာပဲ ချန်ထားခဲ့တာ များလို့ အရင်တပ်ခွဲမှူးတယောက်ဆို ကျွန်မနဲ့ မကြာခဏ စကားအချေအတင် ဖြစ်ဖူးတာကို နောက်ပိုင်းအထိ သတိရတိုင်း အဲဒီတပ်ခွဲမှူးနဲ့ ကျွန်မနဲ့ စကားများပုံကို ရဲဘော်တွေက ရီစရာအဖြစ် ပြန်ပြောဖြစ်ပါတယ်။

အခု လာတဲ့ တပ်ခွဲမှူးအသစ်ဖြစ်သူ ရဲဘော် မင်းဇော်သူကတော့ လူငယ်ဆိုတော့ပိုပြီးလည်း တက်ကြွတယ်၊ ကျွန်မတို့နဲ့လည်း အသက်အရွယ်က မတိမ်းမယိမ်း သင်တန်းလည်း တပတ်စဉ်တည်းဆင်း ဆိုတော့ လူချင်းလည်း ပိုရင်းနှီးတယ်။ ဒီခရီးကို မထွက်လာခင် အဲဒီအကြောင်းတွေ ပြောပြတော့ သူက
"ရှေ့တန်း ထွက်မှတော့ ရန်သူလိုက်တာ ဘာဆန်းလို့လဲ။ သူလိုက်ရင် ကိုယ်လည်း ပြန်လိုက်တာပေါ့။ ဒါကိုကြောက် နေရင် ရှေ့တန်းကိုတောင် လာမှာမဟုတ်ဘူး၊ ငါက ရန်သူလိုက်လေ ပိုကြိုက်လေပဲ၊ ငါ့စစ်ကြောင်းမှာ နင်တို့ကို ငါတို့ ယောက်ျားလေးတွေလို သွားနိုင်လာနိုင်နေသရွေ့ မိန်းကလေးဖြစ်နေလို့ ဆိုတဲ့အကြောင်းပြချက်နဲ့တော့ ဘယ်တော့မှ နောက်တန်းခွဲရုံးမှာ ချန်ခဲ့မှာ မဟုတ်ဘူး " လို့ တပ်ခွဲမှူးက ပြောလို့ ကျွန်မက "နင့်ရဲ့ သတ္တိနဲ့ မိန်းကလေးတွေကို မခွဲခြားတတ်တဲ့ စိတ်ဓါတ်ကိုတော့ ကြိုက်သွားပြီ။ ငါတို့က ယောက်ျားလေးတွေနဲ့ တန်းတူ သွားလို့ နိုင်မနိုင်ဆိုတာ သင်တန်းအတူတူ တက်လာလို့ နင်သိပြီးသားပဲ၊ တို့အဖွဲ့အစည်းမှာ နင့်လိုတပ်မှူးတွေ အများကြီးလိုအပ်တယ်၊ " လို့ ပြန်ပြောလိုက်တယ်။

နောက်နေ့မှာတော့ ညက ပြောထားတဲ့အတိုင်း ကျွန်မတို့ အစောကြီး ခရီးမဆက်ဖြစ်ဘဲ ညနေအေးဘက်ရောက်မှ ရွာကထွက်ဖြစ်တယ်။ အဲဒီနေ့က မနက်ပိုင်း မသွားဖြစ်တော့ တနေကုန် နားနားနေနေပဲ ရွာသားတွေကို ဆေးလိုက်ကုတယ်။ ရဲဘော်တွေက မြို့ကတက်လာတဲ့ ကုန်သည်တွေနဲ့ ရွာသားတွေကို အဖွဲ့အစည်းကထုတ်တဲ့ ဒေါင်းအိုးဝေ စာစောင်တွေ၊ တော်လှန်ရေး သီချင်းခွေတွေဝေတယ်။ ကိုမွန်းအောင်ရဲ့ ငြိမ်းချမ်းရေးတိုက်ပွဲအခွေ ထွက်ပြီး ရှေ့တန်းတွေကို စဖြန့်ချိန် သီချင်းခွေတွေကို အိမ်တိုင်းလိုလိုက အားပေးကြတော့ " ပျံသာ ပျံပါ ခွပ်ဒေါင်းနီ မုန်တိုင်းမိုးထက်ဆီ" နဲ့ အစချီတဲ့ ကိုမွန်းအောင်ရဲ့ ဒေါင်းတမန်သီချင်းက ကျွန်မတို့ ရှိနေစဉ်တော့ နေရာတိုင်းလိုလိုမှာ ကြားနေရတယ်။ ကျွန်မတို့ထွက်ပြီး ရွာထဲကို စစ်တပ်ဝင်လာရင်တော့ ဒီအခွေတွေကို ဘယ်နားမှာသွားဝှက်မလဲ မသိဘူး။ ကျွန်မတို့ ညနေဘက် ခရီးထွက်တော့ ရွာသူကြီးနဲ့ ရွာသားတွေအမြင်မှာ ကျွန်မတို့က တောတွင်းကိုသွားတဲ့ အရှေ့မြောက်ဘက်အရပ် ချောင်းဖျားဘက်ကို ပြန်တက်တဲ့ပုံစံနဲ့ အထွက် ပြပြီး တကယ်တမ်း ကျွန်မတို့ သွားဖြစ်တာက အနောက်တောင်ဘက်ရှိ ကျွန်မတို့ သွားတိုက်မည့်ဘက်ခြမ်းကို တောင်ကြောတွေကနေ ပတ်သွားဖို့ ရည်ရွယ်ပါတယ်။ တပ်မှူးတွေက သတင်းပေါက်ကြားမှာစိုးလို့ မနက်အစောကြီး  ခရီးဆက်ထွက်ဖို့ ညက ကျေညာထားပြီးမှ အစီစဉ်ကို ညနေဘက်ကို တမင်ပဲ ရွှေ့လိုက်ပြီး မိုးကောင်းလို့ အစီစဉ်ဖျက်ပြီး တောတွင်း ပြန်သွားပြီထင်အောင် ဖန်တီးခဲ့တာလို့ ကျွန်မထင်ပါတယ်။


လမ်းခရီး အခြေအနေက မိုးရာသီလည်းဖြစ် မိုးများတဲ့နေ့တွေလည်း ဖြစ်နေတော့ ပွင့်လင်းရာသီလို တောင်ကြောတလျှောက်မှာ သစ်ခုတ်ဝါးခုတ် လာသူတွေကို မတွေ့ရ၊ တောင်ယာတွေမှာလည်း ဇူလိုင်လဆိုတော့ စူးထိုး မျိုးစေ့ချပြီးတဲ့အချိန်ဖြစ်လို့  တောင်ယာတဲတွေမှာ လူသူမရှိတော့တဲ့အချိန် ဖြစ်တယ်။ ဒီလိုပဲ လူတွေ့မှာစိုးလို့ နေ့ဘက်မှာ တောင်ကြောဘက်မှာ ပြန်နားပြီး လူသွားလူလာ နည်းတဲ့အချိန်နဲ့ ညဘက်ပဲ ရွာတွေနား ပြန်ကပ်ပြီး ခရီးဆက်လာခဲ့တော့ သတင်းပေါက်ကြားမှုအတွက် စိုးရိမ်စရာ သိပ်မရှိခဲ့ဘူး။။ မိုးသီးထန်စွာ ရွာနေတော့ ညဘက်မှာ ရွာဘေးနားက ကျွန်မတို့ ဖြတ်သွားတာကို မြင်တဲ့ခွေးတွေက ဟောင်ပေမဲ့ မိုးရွာနေလို့လား အဲဒီပတ်ဝန်းကျင်က ရွာတွေမှာ ပြီးခဲ့တဲ့နှစ်က ကျွန်မတို့ တပ်တွေ ဆုတ်ခွာလာပြီးနောက်ပိုင်း တိုက်ပွဲတွေသိပ်မဖြစ်တော့လို့လားတော့ မသိ ခွေးဟောင်သံကြောင့် ဘယ်သူမှ ထကြည့်ကြတာ မတွေ့ဘူး။ ထကြည့်လည်း ကျွန်မတို့ ၀တ်ထားတဲ့ ပြောက်ကျားယူနီဖေါင်းအရောင် စစ်အရောင်မိုးကာတွေက ညဘက်မိုးရွာနေတဲ့အချိန်မှာ မြင်တွေ့ရဖို့ မလွယ်ပါဘူး။


ခရီးထွက်တဲ့ ညမှာတော့ အိမ်ခြေသိပ်ကျဲကျဲ ရွာတရွာကို အရောက်မှာ ညကိုးနာရီခွဲ ဆယ်နာရီခန့် ရှိမယ်ထင်တယ် ဒါပေမဲ့ ကျွန်မတို့ တောဘက်ကရွာတွေက စောစောအိပ်လေ့ရှိတော့ စာသင်ကျောင်းမှာ ကလေးတွေကို ဆရာတွေ စာခေါ်ပြတာကလွဲရင် တခြား အိမ်သားတွေ အကုန်လုံးအိပ်နေပါပြီ။ မိုးရွာထားတော့ ရွာဘေးလယ်ကွက်မှာ ရေတွေ ပြည့်နေလို့ ရွာပြင်က ဖြတ်သွားဖို့ မဖြစ်နိုင်ဘူး။ ဒီတော့ မလွဲသာ မရှောင်သာ ရွာထဲကပဲ အတတ်နိုင်ဆုံး လူမသိအောင် သတိထားဖြတ်ရတယ်။ အရိပ်ရှိရာ အကာအကွယ်ယူပြီး ပုန်းလိုက် ခြေကိုဖွဖွနင်းပြီး ဖြတ်ပြေးလိုက်နဲ့ လူမတွေ့အောင်၊ အသံမကြားအောင် အိမ်တွေအရှေ့ကနေ ရွာဦးကနေ ရွာစွန်အထိ ဖြတ်လာနိုင်ခဲ့တယ်။ ရွာစွန်က စာသင်ကျောင်းရှေ့ ကိုဖြတ်တဲ့အခါမှာတော့ ကလေးတွေက အများကြီးဆိုတော့ ကျောင်းရှေ့က သူတို့မတွေ့အောင် ဖြတ်ရတာ တော်တော်လေးကို သတိထားရပြီး ကျွန်မတို့အတွက် သဲထိတ်ရင်ဖို နိုင်လှပါတယ်။


ကျောင်းရှေ့မှာ ဘာအကာအကွယ်မှ မရှိဘဲ အလံတိုင်တတိုင်ပဲ ရှိတယ်။ ကျောင်းဒီဘက်ကနေ အလံတိုင်ကို ဖြတ်ပြီး ဆက်သွားရင် ကျောင်းရဲ့ဟိုဘက် အစွန်မှာ စမ်းချောင်းလေး ရှိပါတယ်။ ကျွန်မတို့က ကျောင်းရဲ့ဒီဘက်အစွန် ကနုးမို့မို့ ကျောက်ဆောင်နားကနေ ဟိုဘက် စမ်းချောင်းနားရှိ သစ်ပင်အရိပ်အောက် ရောက်အောင် အလံတိုင်ရှေ့ကို ဖြတ်ပြီး လူမမြင်အောင် ကုန်းကွ ကုန်းကွနဲ့ ဖြတ်ကူးရပါတယ်။ ကလေးတွေက အပြင်ဘက်ကျတဲ့ ခုံတန်းတွေမှာလည်း ရှိပြီး စာဖတ်နေတောာ့ ကျွန်မ ဖြတ်ကူးတဲ့အချိန်မှာ တယောက်ယောက် တွေ့သွားမှာစိုးလို့ ကျွန်မ အသက်တောင် ရဲရဲမရှူနိုင်ဘူး။ ကျွန်မ မဖြတ်ခင် တခြားသူတွေ ဖြတ်နေတဲ့အချိန် ကျွန်မဖြတ်မည့် အလှည့်ကို စောင့်နေချိန်မှာတော့ စာဖတ်နေတဲ့ ကလေးတွေကို ကြည့်ပြီး ဒီလိုအချိန်မျိုးမှာ စစ်တပ်နဲ့ ကျွန်မတို့တွေ့လို့ ရုတ်တရက် မထင်မှတ်ဘဲ တိုက်ပွဲသာ ဖြစ်ရင်တော့ အခုစာဖတ်နေတဲ့ ကလေးတွေတော့ သေနတ်သံတွေ တဒိုင်းဒိုင်း တဂျိမ်းဂျိမ်းအောက်မှာ ကမ္ဘာပျက်မတတ် ဆောက်တည်ရာမရ ဖြစ်ပြီး ကြောက်လန့်ကြမှာပဲလို့ ကျွန်မ တွေးနေမိတယ်။ တိုက်ပွဲ မဟုတ်သေးဘဲ အခုလိုကျွန်မတို့တွေ တယောက်ပြီးတယောက် ကုန်းကွကုန်းကွနဲ့ ကျောင်းရှေ့က ဖြတ်ပြေးနေကြတာကို မတော်တဆ ကလေး တယောက်ယေက် မြင်သွားပြီး လှမ်းအော်ရင်တောင် တော်တော်လေး ရုတ်ရုတ်သဲသဲ ဖြစ်ပြီး သွေးပျက်ထိန့်လန့်ကြမှာ သေချာတယ်လို့ တွေးပြီး ကလေးတွေ ကျွန်မတို့ကို မတွေ့ပါစေနဲ့လို့ ဆုတောင်းနေမိတယ်။ အဲဒီအချိန်က ကျွန်မ ဆုတာင်းတာ သူတို့တွေ့ရင် သတင်းပေါက်ကြားပြီး ကျွန်မတို့ အစီစဉ်ပျက်သွားမှာ စိုးလို့ဆိုတဲ့စိတ် လုံးဝမရှိခဲ့ဘဲ ကျွန်မတို့ကိုတွေ့ပြီး သူတို့လေးတွေ စာဖတ်နေတာတွေ စာဆွေးနွေးနေတာတွေ ကင်းစင်ပျောက်လွင့်သွားပြီး အသည်းပျက်မတတ် ကြောက်သွားမှာကို စိုးရိမ်လို့ ဆုတောင်းတာ အမှန်ပဲ။ ကျွန်မ ဆုတောင်းတဲ့အတိုင်း ပြည့်ဝခဲ့ပါတယ်။ ရွာတရွာလုံးကိုဖြတ်လာတာ ကျွန်မတို့ကို လူတယေက်မှ မတွေ့လိုက်ဘူး။


ကျွန်မက အင်ယုလို တခါတည်းသွားဖူးရုံလောက်နဲ့ လမ်းမမှတ်မိတတ်ပေမဲ့ ဒီရွာတွေက ကျွန်မတို့ အရင်နှစ်က ခေါက်တုန့်ခေက်ဖြန့် သွားလာလှုပ်ရှားနေကျ ရွာတွေဆိုတော့ ဘယ်ရောက်ပြီးရင် အရှေ့မှာ ဘာရှိတယ်ဆိုတာ ကျွန်မ အကုန်မှတ်မိနေပါတယ်။ အဲဒီညက အရှေ့တောအုပ်ကျော်ရင် မျှော့အင်မတန်ပေါတဲ့ မြေနှိမ့်နှိမ့်နဲ့ ရေအိုင်ရှိတဲ့ကွင်းပြင်တခုကို ဖြတ်ရတော့မယ် ဆိုတာသိနေတယ်။ ခါတိုင်းဆိုရင်တော့ တပ်မှူးက စစ်ကြောင်းသွားစဉ် လူတန်းကို ပုံမပျက်စေနဲ့လို့ ဘယ်လိုပဲ ပြောထားပြောထား ကျွန်မက ဒီနေရာ အပါအ၀င် မျှော့ရှိတဲ့ရေအိုင်တွေကိုဖြတ်ရတိုင်းမှာ တပ်မှူးစကား တခါမှ နားမထောင်ဖြစ်ဘူး။ စစ်ကြောင်းမှာ ရဲမေသုံးယောက် ပါလာတာ အင်ယုနဲ့ တခြားတယောက်က ကျွန်မလောက် မျှော့မကြောက်ဘူး။ ကျွန်မကတော့ စစ်ကြောင်းအတိုင်း လျှောက်ရင် မျှော့တွယ်မှာစိုးလို့ ဒီလိုရေအိုင်တွေရောက်တိုင်း ရေဒူးခေါင်းကျော်နေလည်း သူများတွေလို ခြေတောက်ကို ရေထဲမှာ ဒရွတ်တိုက်ဆွဲပြီး ဘယ်တော့မှ မလျှောက်ဘဲ ယူနီဖေါင်းကို ပေါင်လယ်ကျော်အထိ အပေါ်ရောက်နိုင်သလောက် ရောက်အောင် လိပ်တင်ပြီး ဖိနပ်ကိုဆွဲကာ သူများလျှောက်နေတဲ့ နေရာနဲ့ ခပ်လှမ်းလှမ်းဘေးဘက်ကနေ ခြေတောက်ကို ရေထဲမှာ ရှိတဲ့အချိန် နည်းသည်ထက် နည်းအောင်လျှောက်တဲ့အနေနဲ့ ခြေ ဖ၀ါးကို ရေမျက်နှာပြင်အပေါ်ကနေ ဖတ်ကနဲမြန်မြန်ချပြီး မြေကြီးနဲ့ထိတာနဲ့ ချက်ချင်း ပြန်ဆွဲတင်ကာ ခုန်ပြီး ပြေးလျှောက်တယ်။ ဟိုဘက်ရောက်မှ ယူနီဖေါင်းကို ပြန်ဖြေချ ဖိနပ်ပြန်စီးပြီး ဟန်မပျက်ဘဲ စစ်ကြောင်းအတိုင်း ပြန်သွားတယ်။ ဒါဆိုရင် ကျွန်မခြေတောက်ကို မျှော့လည်း ကပ်ချိန်မရလိုက်ဘူး ယူနီဖေါင်းလည်း မစိုတော့ဘူး။


ဒါပေမဲ့ အဲဒီညက စစ်ကြောင်းမှာတော့ အရင်လို ကိုယ့်တပ်က စိုးမိုးထားတဲ့ နယ်မြေမှာ အေးအေးဆေးဆေး သွားလာလှုပ်ရှားတုန်းကပုံစံ မဟုတ်တော့ ဒီလိုလုပ်လို့ မဖြစ်နိုင်ဘူး။ ညဘက်မှောင်မဲမဲအချိန်မှာ စခန်းတခုကို သွားသိမ်းဖို့ သွားနေတဲ့ စစ်ကြောင်း ဖြစ်တော့ လူသိမှာစိုးလို့ တိတ်တဆိတ် သွားနေရတယ်။ မှောင်နေပေမဲ့ လူတွေ့မှာစိုးလို့ လက်နှိပ်ဓါတ်မီးလည်း ထိုးလို့မရဘူး။ လူစုကွဲမှာ လူပျောက်မှာစိုးလို့ ရှေ့ကလူရဲ့ ခါးပတ် (သို့) Equipment ကို နောက်ကလူက တွဲထားရတယ်။ ဒီတခါ ကွင်းကို ဖြတ်ရာမှာ ယူနီဖေါင်းကိုတော့ နဂိုကတည်းက မိုးရွာနေလို့ စိုနေပြီမို့ မျှော့လာတွယ်ရင် ခြေတောက်ကိုမတွယ်မိဘဲ ယူနီဖေါင်းကိုပဲ တွယ်မိအောင် မလိပ်တင်ဘဲ ကျွန်မ ဒီအတိုင်းပဲ ထားလိုက်ပါတယ်။ ဒီကွင်းကို ဖြတ်တဲ့အချိန်မှာ သူများကတော့ ဘယ်ဆီကို စိတ်ရောက်နေလဲမသိဘူး ကျွန်မကတော့ စခန်းသွားသိမ်းဖို့ သွားနေတယ်ဆိုတာကိုတောင် သတိမရနိုင်ဘူး။ ယူနီဖေါင်းကိုများ မျှော့တွယ်နေပြီလားမသိဘူးလို့ပဲ တွေးပြီး ရှေ့ကရဲဘော်ရဲ့ ခါးပတ်ကို မကိုင်ထားတဲ့ ကျန်တဲ့ လက်တဘက်နဲ့ ခြေတောက်နှစ်ဘက်ကို တလှည့်စီ ခဏခဏ စမ်းကြည့်နေတယ်။ မျှော့ဆီကိုပဲ အာရုံရောက်နေလို့ အရှေ့ကရဲဘော်က တိုးတိုး တိုးတိုးနဲ့ တခုခု ပြောနေတာကို မကြားလိုက်ဘူး။ ထပ်ခါထပ်ခါ ပြောနေတာကို သတိထားမိမှ
"ဘာပြောနေတာလဲ ဒီမှာငါ မျှော့တွယ်နေလားလို့ ဘောင်းဘီကို လိုက်စမ်းနေလို့ မကြားလိုက်ဘူး ပြန်ပြောပါ" လို့ လေသံနဲ့ပဲ ပြန်မေးလိုက်မှ "စကားဝှက်ပြောနေတာလေ" ဆိုလို့ " အော်ဟုတ်လား ဆောရီး" ဆိုပြီး စကားဝှက်ကို သေသေချာချာ ပြန်နားထောင်ပြီး နောက်ကလူတွေကို ဆက်ပြောရတယ်။

တိုက်ပွဲက လက်နက်ကြီးငယ် အသံတွေထက် ရေထဲမှာ လှုပ်စိလှုပ်စိနဲ့ သွားနေတဲ့ မျှော့ကို ကျွန်မ ပိုကြောက်တာတော့ အမှန်ပဲ။ မျှော့မတွယ်ခင် လှုပ်စိလှုပ်စိကိုသာ ကြောက်ပေမဲ့ တွယ်ပြီဆိုရင်တော့ တခြား မျှော့ကြောက်တတ်တဲ့ မိန်းကလေးတွေလို ခြေတောက်ကို အနောက်ပစ်ကာ အသဲအသန် အော်ပြီး သူများ လာဖြုတ်ပေးတာကို စောင့်နေတာမျိုးတော့ ကျွန်မ ဘယ်တော့မှ မလုပ်ဘူး။ မျှော့တွယ်မှန်း သိတာနဲ့ ချက်ချင်း လက်ထဲကို တံတွေးထွေးထည့်ပြီး တံတွေးနဲ့ မျှော့ကို သုတ်ပြီး ဖြုတ်ဖို့တော့ တခါမှ လက်မနှေးသလို သူများကို မျှော့တွယ်တာ တွေ့ရင်လည်း
"မျှော့ကို ဒီအတိုင်းမဖြုတ်နဲ့ တံတွေးဆွတ်ပြီးဖြုတ်ပါ လွယ်လွယ်နဲ့ ဖြုတ်လို့ရတယ်" လို့ လှမ်းသတိပေးပြီး ဆရာလုပ်တတ်ပါတယ်။ မျှော့တွယ်တာကို တံတွေးမပါဘဲ ဒီအတိုင်းဖြုတ်ရင် တော်တော်နဲ့ ဖြုတ်လို့မရဘဲ မျှော့ကြီးက ကိုက်ထားတဲ့နေရာကို မလွှတ်ပေးဘဲ ဆွဲထုတ်လေ ရှည်ထွက်လာလေ ဖြစ်လို့ ပိုပြီး ကြောက်စရာ အသည်းယားစရာ ဖြစ်စေတယ်။ တံတွေးနဲ့ ဆိုရင် သူများတွေမျှော့ဖြုတ်သလို ကိုက်ထားတဲ့ နေရာကို လက်သည်းနဲ့လည်း ခြစ်ထုတ်နေစရာမလိုဘူး။ တံတွေးနဲ့ ထိတာနဲ့ မျှော့ဟာ ချက်ချင်း ပျော့ဖတ်ခွေလိမ်သွားပြီး လုံးဝမတွယ်ထားနိုင်တော့ဘဲ အလုံးလိုက်ကို ပြုတ်ကျလာပါတယ်။ အဲဒါကတော့ မျှော့ကြောက်လွန်းလို့ လေ့လာထားတဲ့ မျှော့ကိုနိုင်တဲ့နည်း တခုပါ။

လမ်းခရီးအကြောင်း ပြန်ဆက်ရရင် မိုးက ထင်ထားတာထက် ပိုပြီးသီးထန်နေတော့ ခရီးက ထင်သလောက် မရောက်ခဲ့ဘူး။ သတ်မှတ်ထားတဲ့အချိန်မှာ သတ်မှတ်ထားတဲ့ နေရာကို မရောက်ခဲ့ဘဲ တယောက်တကြိုးစီ သယ်လာတဲ့ ဆန်ကြိုးထဲက ဆန်တွေကလည်း ကုန်သွားလို့ ဆန်ကြိုးကို ကျောပိုးအိတ်ထဲ ခေါက်ထည့်ထားရတယ်။ ရဲဘော်တွေထဲမှာ နေမကောင်းသူလည်း ရှိလာတော့ သတ်မှတ်ထားတဲ့ ရွာကို ရောက်အောင် ဒီနေ့ဆက်သွားဖို့ဆိုတာ မဖြစ်နိုင်တော့လို့ ခရီးမဆက်ဘဲ တောင်ယာတခုအနီးမှာ ခဏနားလိုက်ရတယ်။ ကျန်တဲ့ တပ်စိတ် တပ်စုတွေက သစ်ပင်အောက်မှာပဲ နေရာယူခဲ့ပေမဲ့ ကျွန်မတို့က ရုံးအဖွဲ့ဆိုတော့ တောင်ယာတဲပေါ်မှာ နေရာရလိုက်ပါတယ်။ ဆန်ကုန်နေလို့ အကြံမရ ဖြစ်နေတဲ့အချိန်မှာ မထင်မှတ်ပဲ ရွာသား ဦးလေးကြီး တယောက်နဲ့တွေ့ရလို့ သူ့ကို အကူအညီတောင်းပြီး ကျွန်မတို့ ဒီတောင်ယာမှာ ရောက်နေကြာင်း ဘယ်သူ့ကိုမှ မပြောခိုင်းဘဲ နှုတ်ပိတ်ပြီး ဆန်သွားဝယ်ပြီး ယူလာပေးခိုင်းလိုက်ပါတယ်။ ဒီဦးလေးကြီး ပြန်လာမှ ကျွန်မတို့က ထမင်းစားရမှာ ဖြစ်တယ်။ ဒါပေမဲ့ ဦးလေးကြီးက အဲဒီနေ့မှာ ပြန်မရောက်လာလို့ ကျွန်မတို့ အဲဒီနေ့အတွက် ညနေစာကို ဒညှင်းသီးပြုတ်ကိုပဲ မှီဝဲလိုက်ရပါတယ် (ဒညှင်းသီးက ကျွန်မတို့နယ်မှာ တောထဲမှာအလေ့ကျပေါက်တဲ့အပင်ဖြစ်တယ်)။


ဒညှင်းသီး ပေါ်ခါစဆိုတော့ စားပြီးသိပ်မကြာခင်မှာပဲ အင်ယုနဲ့ တပ်ရင်းမှူးအပါအ၀င် ရဲဘော်တချို့မှာ ဆီးကျင်သလိုလို အောင့်သလိုလိုနဲ့ ဆီးခဏခဏ သွားချင်ပေမဲ့ ဆီးသွားရခက်ပြီး ခေါင်းမူးတာတွေ ဖြစ်လာကြလို့ ဒညှင်းသီးတောက်တယ်ဆိုတာ သဘောပေါက်လို့ တော်တော်လေး ခေါင်းစားခဲ့ရတယ်။ ကျွန်မတို့ကို KNU ကသင်ပေးတဲ့ ဆေးသင်တန်းမှာရော ကျွန်မတို့ ကျောင်းသားတပ်က ဆရာဝန်တွေ သင်ပေးတဲ့ ဆေးသင်တန်းမှာပါ ဒညှင်းသီးတောက်ရင် ဘယ်လိုစောင့်ရှောက် ကုသရတယ်ဆိုတာ မပါတော့ ကျွန်မ ဘာလုပ်ပေးလို့ လုပ်ပေးရမှန်းမသိ ဘာဆေးပေးလို့ ပေးရမှန်းမသိနဲ့ တော်တော်လေးကို စိတ်ညစ်သွားတယ်။ ထမင်းလည်း ငတ်နေတယ် ဒညှင်းသီးလည်း တောက်နေတယ်ဆိုတော့ ဒီအတိုင်းဆို စခန်းသွားသိမ်းဖို့ကိစ္စ ဖြစ်မှ ဖြစ်အုန်းပါ့မလားလို့တောင် စိုးရိမ်စရာ ဖြစ်လာပါတယ်။ (ဆက်ရန်)


ဒညှင်းသီးတောက်တာနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ပေးရမလဲဆိုတာကို တပ်ရင်းက ဆေးတပ်ဆွယ်မှူးကို ဆက်သွယ်ရေးသမားကဆင့် လှမ်းအကြောင်းကြားပြီး အကြံတောင်းခဲ့ရပါတယ်။ ကျွန်မတို့ ရုံးအဖွဲ့က နေရာယူထားတဲ့ တောင်ယာတဲမှာ နဂိုရှိတဲ့ခေါင်းမိုးက အမိုးလုံပေမဲ့ ညဘက်မှာ မိုးသီးထန်လွန်းတော့ ခေါင်မိုးတွေလှန်ပြီး အပေါ်မှာ အကုန်စိုတယ်။ အပေါ်က မိုးကာခြုံပြီးအိပ်တော့ အစိုသက်သာမယ် ထင်ပေမဲ့ ဘေးက လေတိုက်ပြီး ပက်တဲ့မိုးရေတွေက အောက်ဘက် ၀ါးခြမ်းကို ကြိမ်ကွပ်ပြီး ခင်းထားတဲ့ အခင်းကို ကျော်ပြီး ကျောခင်းတဲ့နေရာမှာပါ အကုန်လာစိုတယ်။ အဲဒီညက ထမင်းငတ်တဲ့ည တပ်ဖွဲ့ဝင်တချို့ ဒညှင်းသီး တောက်တဲ့ည၊ မိုးရေထဲမှာ အိပ်ရတဲ့ည ဖြစ်လို့ အခုထိ ဘယ်တော့မှ မမေ့ဘူး။ ဒါပေမဲ့လည်း အဲဒီညက လူတွေကသာ ရိက္ခာပြတ်၊ ထမင်းငတ်၊ ဒညှင်းသီးစားတော့လည်း ဒညှင်းသီးတောက်ပြီး အိပ်တော့လည်း မိုးရေထဲမှာ အိပ်နေရတဲ့ ဒုက္ခတွေနဲ့ ပြည့်နေကြပေမဲ့ စိတ်ဓါတ်တွေကတော့ ရန်သူစခန်းနဲ့ စခန်းရှိရာ ရွာကိုပဲ ရောက်နေကြပြီး စစ်တပ်စခန်းကို ဘယ်လိုဝင်သိမ်းမယ်၊ စစ်သားဆိုရင် အသေသာပစ်ထည့် ပြည်သူ့စစ်ဆိုရင် အရှင်ဖမ်း၊ အိမ်တွေမှာ ရှိနေတဲ့ ဘယ်ပြည်သူ့စစ်ခေါင်းဆောင်ကို ဘယ်လို အရှင်ဝင်ဖမ်းမယ်ဆိုပြီး ပြောဆိုနေကြတဲ့ အသံတွေက တော်တော်နဲ့ကို မတိတ်ကြဘူး။ ကျွန်မနဲ့ တခြားဆေးမှူးရဲမေတယောက်သာ ဘာမှဝင်မပြောပေမဲ့ ဒီအထဲမှာ ဘယ်သူ့ကို ၀င်ဖမ်းရင် ဘယ်လမ်းကနေ ဘယ်လိုဝင်ရင် ပိုကောင်းတယ် တခြားလမ်းက၀င်ရင် ဘယ်နေရကန လူတွေ့နိုင်တယ် စသည်ဖြင့် အကြံပေးပြီး ဆွေးနွေးနေတဲ့အထဲမှာ ဒညှင်းသီးတောက်နေတဲ့ အင်ယုတယောက်က အတက်ကြွဆုံးပါပဲ။


ကျွန်မတို့ ဆေးမှူးရဲမေ နှစ်ယောက်က သူတို့ ပြောနေကြတာကို အစကတော့ ဘာမှဝင်မပြောဘဲ
"သူတို့ ပါးစပ်နဲ့ သတ်လိုက်တဲ့စစ်သား၊ ဖမ်းလိုက်တဲ့ပြည်သူ့စစ်တွေ များလွန်းလို့ တကယ်သွားတိုက်တဲ့နေ့ကျရင် သတ်ဖို့ဖမ်းဖို့ ကျန်မှကျန်ပါ့မလားမသိဘူး" လို့ ပြောပြီး နှစ်ယောက်အတူ ရီနေတယ်။ နောက်တော့ သူတို့တွေ ပြောလို့ မပြီးနိုင် ဖြစ်နေလို့ "ခရီးစထွက်တဲ့နေ့ကနေ အခုထိ ပါးစပ်နဲ့ တိုက်နေ၊ သတ်နေ၊ ဖမ်းနေကြတာ အလောင်းလည်း မရေနိုင်တော့ဘူး၊ ရတဲ့ ကျည်ဆံတွေ သေနက်တွေလည်း မသယ်နိုင်တော့ဘူး၊ အရှင်ဖမ်းလို့ မိတဲ့ ပြည်သူ့စစ်ကလည်း မရေနိုင်တော့ဘူး ဒီတော့ ဒီညတော့ ဒီလောက် သတ်ရဖမ်းရရင် လုံလောက်ပြီထင်တယ် တကယ်ရင်ဆိုင်ရတဲ့ နေ့ရောက်မှပဲ ဆက်ပြီးတိုက်ကြ ဖမ်းကြရအောင်" လို့ ဟာသလုပ်ပြောပြီး အိပ်ဖို့ သတိပေးရတယ်။ ကျွန်မက တယောက်မှ အရှင်ဖမ်းမမိပါစေနဲ့လို့ပဲ ဆုတောင်းနေတယ်။

နောက်နေ့ မနက်လင်းတော့လည်း ဆန်သွားဝယ်ခိုင်းလိုက်တဲ့ ဦးလေးကြီးကို မျှော်နေတာ တော်တော်နဲ့ ပြန်မရောက်လာတော့ အကုန်လုံးက ဗိုက်ဆာလို့ အူလိမ်နေကြပြီ။ အတော်များများက ဒညှင်းသီး တောက်ထားတော့ ဒညှင်းသီးပြုတ်ကို ထပ်စားမရဲတော့ဘူး။ တချို့ကလည်း အဲဒီဆန်သွားဝယ်တဲ့ ဦးလေးကြီးက စစ်တပ်ကို သွားအကြောင်းကြားလိုက်ပြီလားမသိလို့ စိုးရိမ်နေကြတယ်။ ဒါပေမဲ့ အဲဒီဦးလေးကြီးက နေ့လည်မှာ ဆန်တွေသယ်ပြီး ပြန်ရောက်လာလို့ အားလုံးက ပျော်ပျော်ပျော်ပါးပါး ထမင်းချက်စားကြတယ်။ ချက်ပြုတ် စားသောက်ပြီးတာနဲ့ ညနေဘက်မှာ ကျွန်မတို့ ခရီးဆက်တော့ စစ်တပ်စခန်းရှိတဲ့ ရွာမတိုင်ခင် စခန်းမသိမ်းခင်ညမှာ အိပ်ဖို့ သတ်မှတ်ထားတဲ့ ရွာကို ညဘက်မှာ ရောက်ပါတယ်။ အဲဒီရွာမှာ ကျွန်မတို့ ညအိပ်ပြီး မနက်အာရုံမတက်ခင် ရန်သူစခန်းကို အရသိမ်းဖို့ ရည်ရွယ်ထားတဲ့အတိုင်း မနက်သုံးနာရီခန့်ကနေ ကျွန်မတို့ အဆင်သင့်ပြင်ပြီး ချေမှုန်းရေးအဖွဲ့တွေ နှစ်ဖွဲ့ခွဲပြီး တပ်စခန်းကို ချည်းကပ်ဖို့နဲ့ ပြည်သူ့စစ်တချို့ကို အရှင်ဖမ်းဖို့ဆိုပြီး အရင် ထွက်ပါတယ်။ တပ်ခွဲမှူးနဲ့ ကျွန်မတို့ ရဲမေတွေပါတဲ့ ရုံးအဖွဲ့တပ်စုက နောက်မှ ဖြေးဖြေးလိုက်ပါတယ်။


စစ်တပ်စခန်းကို တပ်စုနှစ်စုက နှစ်နေရာကနေ ချည်းကပ်ပြီး သူတို့ချည်းကပ်နေချိန်မှာ တပ်ခွဲမှူးက အနီးကပ် ချေမှုန်းရေးအဖွဲ့ကို ဦးစီးတဲ့ တပ်စုမှူးနဲ့ အဆက်မပြတ် ဆက်သွယ်ရေး စက်နဲ့ စကားပြောပြီး ညွန်ကြားနေတယ်။ မနက် အာရုံတက် ငါးနာရီခန့် မလင်းတလင်းအချိန်မှာမှ သေနတ်ကစဖေါက်ပြီး အဲဒီအချိန်မှ တဘက်နဲ့ တဘက် အပြန်အလှန် ပစ်ခတ်ကြပြီး ချေမှုန်းရေး အဖွဲ့နှစ်ဖွဲ့က သေနတ်စဖေါက်မှ ကျွန်မတို့က စတင်ထွက်ခွာပြီး အခြေအနေ ကောင်းတယ်ဆိုတာ သိရမှ သူတို့မသွားခဲ့တဲ့ ဘက်ကနေ ရွာထဲကို ၀င်ပါတယ်။
ကျွန်မက လက်နက်ကြီး အသံကိုပဲ ဘယ်အသံက ဘာလက်နက်အမျိုးအစား ဆိုတာ ခန့်မှန်းလို့ မတတ်ပေမဲ့ လက်နက်ငယ်ဆိုရင်တော့ ဘန်း ဘန်း မြည်ရင် အေကေ၊ ဖေါင်းဖေါင်း မြည်ရင် ၁၆၊ ပက်ပေါင်း ပက်ပေါင်း မြည်ရင် ကာဘိုင်၊ ဂျိမ်း ဂျိမ်းမြည်ရင် G3, G4, ဒေါ့ ဒေါ့ ဒေါ့ ဒေါ့ မြည်ရင် စက်လတ် (Auto machine gun) ဆိုပြီး လက်နက်ငယ် အသံတွေကိုတော့ ဖမ်းလို့တတ်တော့ အပြန်အလှန် ပစ်ခတ်နေစဉ် ဘယ်ဘက်က ပစ်အားသာတယ်ဆိုတာ နားထောင်ပြီး အခြေအနေ ကောင်းမကောင်းကို တပ်မှူး မပြောပြရင်တောင် သေနတ်သံကို နားထောင်ပြီး ကိုယ့်ဖါသာကိုယ်လည်း အတော်အသင့် ခန့်မှန်းလို့ ရနိုင်ပါတယ်။ အခြေအနေ ကောင်းတယ်ဆိုတော့ ကျွန်မတို့ပါတဲ့ တပ်စုက ရွာတောင်ပိုင်းဘက်က ၀င်ပါတယ်။ ညဦးပိုင်းမှာ မိုးရွာနေခဲ့ပေမဲ့ အာဇာနည် နေ့ မနက်မှာကျတော့ ရာသီဥတုက သာယာ

   Nge Naing

                                                             မြူနှင်း(အေးရိပ်ငြိမ်)

Inga kommentarer:

Skicka en kommentar